Thursday, June 14, 2012

တသောင်းတန် ကြေညာပြီးနောက် ငွေလဲကောင်တာများတွင် FEC ပြတ်လပ်

အောင်ဝင်း
ဇွန်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

ကျပ် တသောင်းတန် ငွေစက္ကူသစ်များ ဇွန်လ ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေမည် ဖြစ် ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇွန်လ ၈ ရက်နေ့က ကြေညာပြီး နောက်ပိုင်း ပြည်တွင်း ရွှေဈေးနှင့် ဒေါ်လာ ဈေးများ တဖြည်းဖြည်း တက်နေရာမှ ရန်ကုန်မြို့ နိုင်ငံခြား ငွေလဲ ကောင်တာများတွင် FEC နှင့် ဒေါ်လာများ ပြတ်လပ် သည့်အထိ အဝယ်လိုက်လျက် ရှိကြောင်း သိရသည်။

“ကျမတို့ ကောင်တာမှာ အမေရိကန် ဒေါ်လာရော၊ FEC ပါ မရှိတော့ပါဘူး။ ရောင်းလို့ ကုန်သွားပါပြီ။ ပြန်ရောင်းမယ် ဆိုရင်တော့ ဝယ် ပါ တယ်” ဟု ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ် နိုင်ငံခြား ငွေလဲကောင် တာ ဝန်ထမ်းက ဇွန်လ ၁၃ ရက် နေ့ နေလည်တွင် ပြောသည်။

သိမ်ဖြူလမ်း နိုင်ငံခြားငွေလဲ ဈေးကွက်ရှိ အင်းဝဘဏ် ငွေလဲကောင်တာ ဝန်ထမ်းကလည်း “ကျမတို့ ဆီမှာလည်း FEC မရှိတော့ပါဘူး။ အမေရိကန် ဒေါ်လာ ဝယ်ချင်ရင်တော့ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှု ဘဏ်မှာဖွင့်ထားတဲ့ နိုင်ငံခြားငွေ စာအုပ် ယူလာမှ ရောင်းပေးပါ တယ်။ ကား တင်သွင်းမယ့် သူတွေကိုပဲ ရောင်းပေးနေတာပါ” ဟု ဆိုသည်။

“အရင်ကဆို ဒေါ်လာပဲ ဖြစ်ဖြစ် FEC ပဲ ဖြစ်ဖြစ် လာဝယ်ရင် မှတ်ပုံတင်ပြပြီး ကောင်တာတိုင်းမှာ ဝယ်လို့ ရပါတယ်။ အခု နိုင်ငံခြား ငွေစာရင်းစာအုပ် ယူလာခိုင်းတယ်။ အမျိုးမျိုး လုပ်ချင်သလို လုပ်နေတယ်။ ဘဏ်စာအုပ် ပြန်သွားယူရဦး မယ်” ဟု သိမ်ဖြူ ငွေလဲ ကောင်တာတွင် ကားတင်သွင်းရန်အတွက် ဒေါ်လာ လာဝယ်သူ ဦးအေးမြင့် က ဆိုသည်။

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်တွင် ကားတင်သွင်းရန်အတွက် ငွေသွင်းရာတွင်လည်း ငွေလဲကောင်တာများမှ ဝယ်ယူထားသော ပြေစာဖြတ်ပိုင်း ပါရှိမှသာ ငွေလက်ခံပေးပြီး ငွေစက္ကူများကို လက်ခံယူရာတွင် FEC ဖြစ်ပါက စီစစ်မှု နည်းပါးသည်။ အမေရိကန် ဒေါ်လာဖြင့် ငွေသွင်းရာတွင်မူ အစွန်းအထင်း အနည်းငယ် သို့မဟုတ် သာမန်မျက်စိဖြင့် ပင် မြင်တွေ့ရန် ခက်ခဲသည့် အမှတ်အသားများ ပါရှိသော၊ ခေါက်ရာများ ပါရှိသော ငွေစက္ကူများကို လက်မခံ၍ ငွေလဲကောင်တာ များတွင် ဒေါ်လာထက် FEC ဝယ်လိုသူ များပြားခြင်း ဖြစ်သည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ကလည်း တင်သွင်းလာသော ကားများအတွက် လိုင်စင် အခွန် ကောက်ခံရာ တွင် အမေရိကန် ဒေါ်လာကို လက်မခံဘဲ FEC ကိုသာ လက်ခံသောကြောင့် ဈေးကွက်အတွင်း FEC များ အဝယ်လိုက်နေခြင်းလည်း ဖြစ်သည်။

“ကျနော် ကညန မှာ ကားအတွက် အခွန်ဆောင်ဖို့ FEC လာဝယ်တာ သိမ်ဖြူ ငွေလဲ ဈေးကွက်မှာ ရှိတဲ့ ဘဏ်ခြောက်ခု မှာ ဖွင့်ထားတဲ့ ငွေလဲကောင်တာ ခြောက်ခုစလုံးမှာ ဝယ်လို့ မရပါဘူး။ တခြား ဘဏ်တွေမှာ ဖွင့်ထားတဲ့ ငွေလဲ ကောင်တာ တွေမှာလည်း ဝယ်လို့ မရပါဘူး။ အပြင်မှောင်ခို ဈေးကွက်မှာ လိုက်ရှာ ဝယ်ရမလို ဖြစ်နေပါတယ်” ဟု ကားတင်သွင်းသူ ဦးမျိုးအောင်က ဆိုသည်။

၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က စတင်ကာ မြန်မာနိုင်ငံ ဗဟိုဘဏ်က ကြားခံ ငွေလဲနှုန်း သတ်မှတ်ပေးပြီး ငွေလဲ ကောင်တာများ ကို အတိုးအလျှော့ ပြုလုပ်ကာ ရောင်းဝယ်စေခြင်း အစီအစဉ်ကို စတင်ခဲ့ပြီးနောက်ပိုင်း ဇွန်လ ၈ ရက်နေ့က ဗဟိုဘဏ် သတ်မှတ်နှုန်းမှာ အမေရိကန် တဒေါ်လာနှင့် FEC တယူနစ်လျှင် ၈၃၈ ကျပ် ရှိခဲ့ရာမှ ဇွန်လ ၁၃ ရက်နေ့တွင် ၈၄၄ ကျပ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။ သို့သော် ဇွန်လ ၈ ရက်နေ့ နောက်ပိုင်း ဝယ်ယူသူ များပြားခဲ့၍ နိုင်ငံခြား ငွေလဲ ကောင်တာများတွင် ဒေါ်လာနှင့် FEC များ ပြတ် လပ် သည်အထိ ဖြစ်သွားခြင်း ဖြစ်သည်။

“အမေရိကန် ဒေါ်လာနဲ့ FEC တွေ အခုအပတ်အတွင်းမှာ အဝယ်လိုက်နေပြီး ဗဟိုဘဏ် သတ်မှတ်နှုန်းက တကယ့် ဈေးကွက် အခြေ အနေကို မလိုက်နိုင်တဲ့အတွက် ပြင်ပဈေးကွက် ပေါက်ဈေးနဲ့ ငွေလဲကောင်တာ ဈေးကွက် ကွာဟနေလို့ ကောင်တာတွေမှာ ဒေါ်လာနဲ့ FEC ပြတ်သွားတာပါ” ဟု သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင် တဦးဖြစ်သူ ဦးဝင်းနိုင်က ဆိုသည်။

ဇွန်လ ၁၃ ရက်နေ့တွင် ဗဟိုဘဏ်မှ အမေရိကန် ဒေါ်လာနှင့် FEC ကြားခံဈေးနှုန်းကို တယူနစ်လျှင် ကျပ်ငွေ ၈၄၄ ကျပ် သတ်မှတ် ပေးပြီး ပုဂ္ဂလိက ဘဏ် ၁၁ ခုက ဖွင့်လှစ်ထားသော ငွေလဲကောင်တာများတွင် အမေရိကန် ဒေါ်လာနှင့် FEC ကို ဝယ်ဈေး တယူနစ် လျှင် ၈၄၂ ကျပ်နှင့် ရောင်းဈေး ၈၅၁ ကျပ် သတ်မှတ်ထားသည်။

“ငွေလဲ ကောင်တာတွေမှာ FEC နဲ့ အမေရိကန်ဒေါ်လာ လိုသလောက် ဝယ်မရတော့ အပြင်မှောင်ခို ဈေးကွက်မှာ တဒေါ်လာ ဝယ်ဈေး ၈၅ဝ နဲ့ ရောင်းဈေး ၈၅၇ ကျပ်ပါ လိုသလောက် ရောင်းဝယ်လို့ ရပါတယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။

ယခုကဲ့သို့ အမေရိကန်ဒေါ်လာနှင့် FEC ဈေးနှုန်းများ တက်နေသကဲ့သို့ ရန်ကုန် ရွှေ ဈေးကွက်တွင်လည်း ဝယ်ယူသူ များပြားလျက်ရှိပြီး ဇွန်လ ၈ ရက်နေ့က ရွှေ တကျပ်သားလျှင် ကျပ် ၇၁၂,၀၀၀ သာ ရှိခဲ့ရာမှ ဇွန်လ ၁၃ ရက်နေ့တွင် ၇၂၂,၀၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့