Friday, June 15, 2012

မြန်မာနိုင်ငံမှာ တရားဥပဒေနဲ့ နိုင်ငံရေးအရ ညှိနှိုင်းမှု လိုအပ်

2012-06-14

မြန်မာနိုင်ငံ ငြိမ်းချမ်းနိုင်ရေးအတွက် တရားဥပဒေစိုးမိုးမှုရှိဖို့ အရေး ကြီးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် က ပြောဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ILO နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ညီလာခံမှာ မိန့်ခွန်းပြောကြားအပြီး၊ သတင်းစာ ရှင်း လင်း ပွဲမှာ နိုင်ငံတကာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။


ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ မငြိမ်သက်မှုတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က -

"ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေအတွက် မြန်မာပြည်သူအားလုံး စိုးရိမ်နေကြတာပါ။ ဒီဖြစ်ရပ်တွေကနေ အရေးအကြီးဆုံး သင်ခန်း စာထုတ်ယူဖို့လိုပါတယ်။ အဲဒါကတော့ တရားဥပဒေစိုးမိုးမှု လိုအပ်တယ်ဆိုတာပါပဲ။ တိုင်းပြည်မှာ ပဋိပက္ခတွေအားလုံး ချုပ်ငြိမ်းဖို့ဆိုရင် တရားဥပဒေစိုးမိုးမှု မရှိမဖြစ် လိုအပ်တယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့အနေနဲ့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးမှု
မရှိတဲ့ အခြေအနေမှာ အခုလို ပဋိပက္ခတွေ ဆက်ဖြစ်နေဦးမှာပါ။ ဒါတွေချုပ်ငြိမ်းသွားဖို့အတွက် အားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

အလားတူ ကချင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း -

"ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIO ကြား အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေတယ်လို့ နားလည်ထားပါတယ်။ ဒီနေရာမှာ အလေး အနက် ပြောချင်တာက အပစ်အခတ်ရပ်စဲရုံနဲ့ မလုံလောက်ပါဘူး။ အဓိပ္ပာယ်ပြည့်ဝပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်လာဖို့ဆိုရင် နိုင်ငံရေးအရ သဘောတူချမှတ် ထူထောင်မှုတစ်ရပ် ရှိထားမှဖြစ်ပါမယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ဘင်္ဂလီ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး သဘောထားမေးမြန်းတဲ့အခါ-

"စောစောက ပြောခဲ့သလိုပဲ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုရှိဖို့ လိုပါတယ်။ ရှင်းလင်းပြတ်သားပြီး တိကျတဲ့ နိုင်ငံသားဥပဒေတွေရှိဖို့ လိုပါတယ်။ ဒီနေရာမှာ ရခိုင်ပြည်နယ်မှာ ဖြေရှင်းဖို့လိုနေတဲ့ လက်တွေ့ကြုံနေရတဲ့ ပြဿနာတစ်ခုကို ပြောချင်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ တရားမ၀င် ဖြတ်သန်းဝင်ရောက်နေတာတွေ အမြဲရှိနေတဲ့ကိစ္စပါ။ ဒါဟာ နယ်စပ်မလုံခြုံလို့ ဖြစ်ရ တာပါ။ တာဝန်သိတဲ့ နယ်စပ်စောင့်ကြပ်ရေး၊ အကျင့်ပျက်ခြစားမှု ကင်းတဲ့ နယ်စပ်စောင့်ကြပ်ရေး လိုအပ်နေပါတယ်" လို့ ပြောဆိုခဲ့ ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်နိုင်ငံ မြိုတော် Bern မြို့ကိုခရီးဆက်ခဲ့ပါတယ်။ Bern မြို့မှာ ဆွစ်ဇာလန် နိုင်ငံ ခြားရေးဝန်ကြီးနဲ့အတူ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပွဲစလို့ (၁၅) မိနစ်လောက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည် ခရီး ပင်ပန်းလွန်းတဲ့အတွက် အော့အန်ခဲ့တာကြောင့် ပရိသတ်ကို တောင်းပန်ပြီး တည်းခိုရာဟိုတယ်ကို ပြန်သွားခဲ့ရတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့