Thursday, June 14, 2012

စီမံကိန်းများ ချောမွေ့ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

ဇွန်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် အဓိက စီမံကိန်း အချို့အား ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် သေချာအောင် ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi က ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံအား တိုက်တွန်းလိုက်သည်။

တရုတ်နိုင်ငံသို့ ဇွန်လ ၉ ရက်နေ့မှ စတင်၍ ရောက်ရှိနေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အား တရုတ်နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi က ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ထို အဓိက စီမံကိန်းကြီးများထဲတွင် ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ရခိုင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများလည်း ပါဝင်ပြီး ၎င်းတို့မှာ ဒေသခံများ၏ ကန့်ကွက်မှု အခံရဆုံး တရုတ် စီမံကိန်းကြီးများ ဖြစ်ကြသည်။

Yang Jiechi က တရုတ်နှင့် မြန်မာတို့မှာ အရေးကြီးသော အိမ်နီးချင်း နိုင်ငံများ ဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် အိမ်နီးချင်းကောင်း ပီသမှုနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အား မြှင့်တင်ရေးကို အမြဲအလေးအနက် ထားကြောင်း ပြောသည်။

နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွါးအတွက် တည်ငြိမ်ခိုင်မြဲသည့် ဖွံ့ဖြိုးရေးနှင့် မဟာဗျူဟာမြောက် အပြန်အလှန် ပူးပေါင်းဆောင်ရွက် ရေးကို အတူတကွ မြှင့်တင်ရန် ဆန္ဒရှိသည်ဟု Yang Jiechi ကဆိုသည်။

ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ အကြား ရင်းနှီးခိုင်မာသည့် “ပေါက်ဖော်” ဆက်ဆံရေး (ညီရင်း အကို ဆက်ဆံရေး) ကို တန်ဖိုးထားကာ မြန်မာနိုင်ငံ၏ လူမှုစီးပွါးရေး အခြေအနေများ တိုးတက်လာစေရန် ရေရှည် ကူညီခဲ့သည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရေးကို အရေးကြီးသောအရာ အဖြစ် ဆက်လက်၍ သဘောထားမည်ဟု ဦးဝဏ္ဏမောင်လွင် က ဆိုခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ကဏ္ဍပေါင်းစုံတွင် အပြန်အလှန် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် တရုတ်နိုင်ငံနှင့်အတူ လုပ်ကိုင် ဆောင်ရွက် လိုပြီး မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေးကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည်ဟု မြန်မာ ဝန်ကြီးက ဆိုသည်။

ထို့ပြင် နိုင်ငံတကာ ကိစ္စရပ်များနှင့် ဒေသတွင်း ကိစ္စရပ်များအပေါ် နှစ်ဖက် လေးနက်စွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည် ဟုလည်း သိ ရသည်။

Yang Jiechi ၏ ဖိတ်ကြားမှုဖြင့် ဦးဝဏ္ဏမောင်လွင်သည် တရုတ်နိုင်ငံသို့ ဇွန်လ ၉ ရက်နေ့မှ ၁၄ ရက် နေ့ထိလာရောက် လည်ပတ်ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့