Friday, June 15, 2012

ကျောက်ဖြူအနီး ရေယာဉ် နစ်မြုပ်မှု အာမခံငွေ ကျပ် ၇၅ သန်းအတွက် စစ်ဆေးနေ

အောင်ဝင်း
ဇွန်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အနီး ပင်လယ်ပြင်တွင် ဇွန်လ ၁၀ ရက်နေ့က နစ်မြုပ်သွား ခဲ့သော ‘ရွှေဇေယျာအောင်’ကုန်တင် ရေယာဉ် ပေါ်တွင် ပါရှိသွားသော ကုန်ပစ္စည်းများအတွက် အာမခံ ထားရှိငွေ ကျပ် ၇၅ သန်းကျော်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး အတည်ပြုပြီးပါက လျော်ကြေးငွေများကို ပေးအပ်သွား မည် ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ အဆင့်မြင့် အရာရှိတဦးက ပြော သည်။

ကမ်းရိုးတန်းသွား ကုန်တင် ရေယာဉ်များ အသင်းဝင် ရွှေဇေယျာအောင်၊ ဂရံ အမှတ် (၄၈၆၇) သည် ရန်ကုန် ဆိပ်ကမ်းမှ စစ်တွေမြို့သို့ ကုန်စုံ ၆၅၀ တန် ဖြင့် ဇွန်လ ၈ ရက်နေ့မှ ထွက်ခွါလာခဲ့ပြီး ၁၀ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ရာသီဥတု ဆိုးဝါးသည့် ဒဏ် ကြောင့် ကျောက်ဖြူ မြို့နယ်အနီး ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ့ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များ အသင်းမှ တာဝန်ရှိသူ တဦးက အတည်ပြု ပြောကြား သည်။

“သင်္ဘောပေါ်မှာ ပါသွားတဲ့ ကုန်ပစ္စည်းတွေနဲ့ သင်္ဘောက လုံးဝနစ်မြုပ်သွားတာပါ။ သင်္ဘောပေါ်မှာ လိုက်ပါ တာဝန်ထမ်းဆောင်နေတဲ့ သင်္ဘော မာလိန်မှုးနဲ့ ရေယာဉ်ဝန်ထမ်း သင်္ဘောသား ၁၈ ယောက်တို့ကိုတော့ ထိခိုက် ဒဏ်ရာရမှု မရှိဘဲ အောင်ဆုမွန် ငါးဖမ်း စက် လှေက ကယ်တယ်ပေးခဲ့ပြီး ကျောက်ဖြူမြို့ကို ဇွန်လ ၁၁ ရက်နေ့ မနက်မှာ ဘေးကင်းစွာ ပြန်ရောက်လာပါတယ်” ဟု အသင်းမှ ရုံး အဖွဲ့မှူး ဦးရန်အောင် က ဆိုသည်။

အဆိုပါ ရေယာဉ်နှစ်မြုပ်မှုနှင့် ပတ်သတ်၍ ထူးခြား ဖြစ်စဉ် သတင်းပေးပို့ချက်ကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့ အာမခံလုပ်ငန်းနှင့် ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် ထွေအုပ် ဦးစီးဌာနများသို့ အကြောင်းကြားပြီး ဖြစ် သည်ဟု ဦးရန်အောင်က ဆိုသည်။

“သင်္ဘောပေါ်မှာ ပါရှိသွားတဲ့ ကုန်ပစ္စည်းတွေအတွက် အာမခံထားတဲ့ ကုန်ပစ္စည်းတန်ဖိုး စုစုပေါင်း ၇၅,၃၈၉,၄၅၀ ကျပ် ရှိပါတယ်။ မြန်မာ့ အာမခံလုပ်ငန်းက တာဝန်ရှိသူတွေ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ လိုအပ်တဲ့ အတည်ပြုချက်တွေ စာရွက်စာတမ်းတွေ ပြည့်စုံတာနဲ့ အာမခံလျော်ကြေးငွေကို အမြန်ဆုံးထုတ်ပေးသွားမှာပါ” ဟု မြန်မာ့ အာမခံလုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးစိန်မင်းက ဆိုသည်။

ရွှေဇေယျာအောင် နစ်မြုပ်မှုကို မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားသော ကုန်သည်များ၏ အကြောင်းကြား သတင်းပို့မှုကြောင့် ဦးစွာသိရှိရခြင်း ဖြစ်ပြီး အာမခံထားသော ကုန်သည် စုစုပေါင်း ၄ ဦး ရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ပါရှိသွားတဲ့ ကုန်ပစ္စည်းတွေထဲမှာ ဂျုံမှုန့်၊ စားသုံးဆီ၊ ဘိလပ်မြေနဲ့ အချိုရည်တွေ ပါတယ်။ ဖြစ်ပွားတဲ့ဒေသ အာဏာပိုင်အဖွဲ့အစည်းနဲ့ ရဲစခန်းမှ တာဝန်ရှိသူများရဲ့ ထောက်ခံချက် အာမခံထားရှိတဲ့ ပေါ်လစီ မူရင်း စာရွက်စာတမ်းတွေနဲ့ ရေယာဉ် ထွက်ခွာခွင့် မှတ်တမ်း တွေကို စီစစ်နေပါတယ်” ဟု ဦးစိန်မင်း က ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော မငြိမ်သက်မှုများနှင့် အဓိကရုဏ်းများကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး လမ်း ပန်း ဆက်သွယ်ရေးများလည်း ပြတ်တောက်နေ၍ စစ်တွေမှ ရန်ကုန်သို့ တင်ပို့ရန် ကုန်ပစ္စည်း များ အမြောက်အများ ကျန်ရှိနေပြီး အဆိုပါ ကုန်ပစ္စည်းများနှင့် ပတ်သက်၍လည်း ဘေးအန္တရာယ်ဆိုင်ရာ အာမခံ ထားလိုသူများက မြန်မာ့အာမခံ လုပ်ငန်းတွင် လာ ရောက် စုံစမ်းမှုများ ပြုလုပ်လျက် ရှိကြောင်းလည်း အာမခံ ကိုယ်စားလှယ် တဦးအပြောအရ သိရှိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့