Friday, August 24, 2012

ခိုးကူးခွေ နှိမ်နင်းရေးစီမံချက်ကြောင့် ယာယီ အလုပ်လက်မဲ့ဦးရေမြင့်တက်

ကျော်ဇင်မန်း(မြစ်မခ)
23 Aug, 2012

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ လမ်းဘေးခိုးကူးခွေနှိမ်နှင်းရေးစီမံချက်ကြောင့် ယခင်က နိုင်ငံခြားခွေရောင်းချသူအများစုမှာ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရန် အခက်အခဲများရှိနေကြောင်း နှင့် ယာယီအလုပ်လက်မဲ့ဦးရေ တိုးပွားနေကြောင်း အခွေ ရောင်းသူ များထံက သိရသည်။

“ကျွန်တော်ဆိုရင် အရင်ကတည်းက မြန်မာနဲ့ပတ်သက်တာ ဘာတစ်ခုမှမရောင်းဘူး။ညစ်ညမ်းခွေလည်း မရောင်းခဲ့ဘူး။ ကိုယ့်ဘာ သာကို နိုင်ငံခြားဇာတ်လမ်းတွေ သီးသန့်ရောင်းခဲ့တာပါ။ အခုလိုမျိုး သိမ်းကျူံးပြီး အကုန်ပိတ်ခိုင်းလိုက်တော့ ဒုက္ခရောက်သွား တယ်။ လမ်းဘေးဆိုင်တွေတော့ပိတ်ခိုင်းပြီး ကုန်တိုက်တွေမှာ ရောင်းတာကြတော့ ဘာမှမပြောဘူး။”ဟု ဗိုလ်ချုပ်လမ်းပေါ်တွင် အခွေဆိုင်ဖွင့်ခဲ့သူတစ်ဦးက ပြောသည်။

လမ်းဘေးအခွေဆိုင်များ ပိတ်လိုက်ရခြင်းကြောင့် ခွေရောင်းချသူများမှာ ကိုယ်မကျွမ်းကျင်သည့် လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ရ သဖြင့် စားဝတ်နေရေး အခက်အခဲများနှင့်ကြုံတွေ့နေရပြီး တစ်ချို့မှာ လက်ရှိအချိန်တွင် အလုပ်လက်မဲ့ဖြစ်နေသည့်အတွက် အလုပ်လက်မဲ့ဦးရေ တိုးပွားလာကြောင်း ကိုလည်း သိရှိရသည်။

“အခုဆိုရင် ဖိနပ်ပြောင်းပြီးရောင်းနေတယ်။ ကိုယ်မကျွမ်းကျင်တဲ့ လုပ်ငန်းဆိုတော့ အဆင်မပြေဘူး။ကျွန်တော့်သူငယ်ချင်း တွေ ဆိုရင် အလုပ်တောင် မရှိတော့ဘူး။ အခွေဆိုင်လေးများ ပြန်ဖွင့်ခွင့် ရမလားဆိုပြီးတော့ စောင့်နေကြတာ။ ရှိစုမဲ့စုပိုက်ဆံလေး နဲ့ရင်းနှီးထား တာဆိုတော့ အလကား ဖြစ်သွားမှာစိုးရိမ်တယ်။ အခုလုပ်ငန်ပြောင်းလုပ်ဖို့တောင် ငွေနှစ်သိန်းကို အတိုးနဲ့ချေးထား ရတယ်’’ ဟု ရွှေဘုံသာလမ်းထိပ်တွင် အခွေရောင်းချခြင်းမှ ဖိနပ်ပြောင်းလဲရောင်းချနေသူ ကိုဖိုးလပြည့်က ပြောသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်အဖွဲ့နှင့်ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းတို့ မေလဆန်းပိုင်းကပြုလုပ်သောတွေ့ ဆုံပွဲ တစ်ခုတွင် လမ်းဘေးနိုင်ငံခြားခွေရောင်းချသူများကိုညစ်ညမ်းခွေမှလွဲ၍ ဖမ်းဆီးခြင်းမပြုရန်မှာကြားခဲ့သော်လည်း ရုပ်ရှင် အစည်း အရုံးနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စီမံချက်များဖြင့် လမ်းဘေးအခွေဆိုင်မှန်သမျှဖမ်းဆီးနေခြင်းကြောင့် ဇူလိုင်လမှစ၍ လမ်းဘေးအခွေရောင်းချသူများအား တွေ့ရှိရတော့ပေ။

''ဖမ်းတဲ့အထဲမှာ နိုင်ငံခြားကားရောင်းချတဲ့သူတွေလည်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က နိုင်ငံခြားဇာတ်ကားတွေကို ဗန်းပြပြီး နောက်မှာ ခိုးကူးခွေတွေရောင်းချတဲ့ အတွက်ကြောင့်အကုန်လုံးကိုဖမ်းတာပါ'' ဟုမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး မှပြန်ကြား ရေး မှူး ဦးအေးကြူလေးက အတည်ပြုပြောကြားသည်။

ယခုကဲ့သို့ လမ်းဘေးအခွေဆိုင်များကိုဖမ်းဆီးထိမ်းသိန်း နေခြင်းကြောင့်အခွေရောင်းချသူများ ပါမကပဲ နိုင်ငံခြား ရုပ်ရှင်ချစ် ပရိတ် သတ်များပါ အခက်အခဲတွေ့လျက်ကြောင်း သိရသည်။

''ကျွန်တော်ဆို တီဗီစီးရီးတစ်ခုကြည့်နေတာ။ အခုဆိုင်တွေပိတ်လိုက်တော့ ဘယ်မှာ သွားဝယ်ရမှန်းမသိတော့ဘူး။ အရင်က တည်းက နိုင်ငံခြားဇာတ်လမ်းတွေပဲ ကြည့်ခဲ့တာဆိုတော့ အခုလိုမကြည့်ရတော့ စိတ်ထဲမှာ ခုလုခုလုဖြစ်နေတယ်။ ဖမ်းတယ်ဆိုလဲ သူတို့သတ်မှတ်ထားတဲ့ပစ္စည်းရောင်းချတဲ့သူတွေကိုပဲဖမ်းပေါ့။ အခုဟာက မဆိုင်တဲ့သူတွေကိုပါ ဆွဲထည့်နေသလိုပဲ''ဟု သင်္ကန်း ကျွန်းမြို့နယ်မှ ကိုသန့်ဇင်ကပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့