Wednesday, August 22, 2012

TTC ကျောင်းမှ ဆရာမနှစ်ဦးကို ပြောင်းရွှေ့သဖြင့် သမ္မတထံ တိုင်ကြားမည်

ကျော်ဖုန်းကျော်၊ ကိုကိုအောင်
သြဂုတ်လ ၂၁ ရက် ၂၀၁၂ ခုနှစ်

ရန်ကုန်တိုင်း၊ ကမာရွတ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း TTC မှ ဝါရင့် ကျောင်းဆရာမ နှစ်ဦးအား ကျောင်းပြောင်းလိုက်သည့်အပေါ် မကျေနပ်သော တပည့်များက သမ္မတထံ စာရေးတိုင်ကြားရန် စီစဉ်နေကြောင်း ဦးစီးဆောင်ရွက်နေသည့် ကျောင်းသားများက ပြောသည်။

TTC တွင် လုပ်သက် နှစ် ၂၀ ကျော် အသီးသီး ရှိကြသည့် ရူပဗေဒ ဘာသာရပ်သင်ကြားသူ ဒေါ်အေးအေးသိန်း ကို ကျောက် တန်း မြို့နယ်ရှိ မြိုင်သာယာ အထက်တန်းကျောင်းခွဲသို့ လည်းကောင်း၊ အင်္ဂလိပ်စာပြ ဒေါ်မာလာကြိုင်ကို လှည်းကူးမြို့နယ်ရှိ အင်းတိုင် အထက်တန်းကျောင်းသို့ လည်းကောင်း ပြောင်းရွှေ့ရန် ပညာရေးဝန်ကြီးဌာနက သြဂုတ် ၁၃ ရက်တွင် အမိန့်ထုတ်ခဲ့ရာ ဆရာမနှစ်ဦးလုံး တနင်္လာနေ့တွင် ကျောင်းပြောင်းသွားပြီဟု ယုံကြည်ရသည်။

သမ္မထံ စာတင်မည့် အစီအစဉ်ကို ကျောင်းသားဟောင်းများက ဦးဆောင်လှုပ်ရှားနေကြပြီး လက်ရှိ ကျောင်းတက် နေသူ ကျောင်း သားနှင့် ကျောင်းသားဟောင်း စုစုပေါင်း ၃၀၀ ခန့် လက်မှတ်ရေးထိုးကာ လာမည့် သီတင်းပတ်အတွင်း ပေးပို့သွားမှာ ဖြစ်သည် ဟု ကျောင်းသားတဦးက ပြောသည်။

ထိုဆရာမနှစ်ဦးကို ချစ်ခင်လေးစားမှု၊ လက်ရှိ TTC ကျောင်းတွင် တက်ရောက်နေသော မိသားစုဝင် ညီအကို မောင်နှမများ ကို အသင်အပြကောင်းသော ဆရာမ နှစ်ဦး၏ သင်ခန်းစာပို့ချမှုများ ရရှိစေရန် ဆန္ဒရှိသောကြောင့် ဖြစ်သည်ဟုလည်း ပြောသည်။

လွန်ခဲ့သည့် သောကြာနေ့က ကျောင်းသားဦးရေ ၂,၀၀၀ ခန့်ရှိသည့် ယင်းကျောင်းတွင် ဆရာမနှစ်ဦး ရပ်ဝေးကျောင်းသို့ ပြောင်း ရွှေ့ခံရသဖြင့် မကျေနပ်သော ကျောင်းသားများက ကျောင်းတံဆိပ်များကို ပြောင်းပြန်တပ်၍ ဆန္ဒပြ ထုတ်ဖော် ကြသည်ဟု ဆို သည်။

ထို့ပြင် ကျောင်းရှေ့တွင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကျောင်းသီချင်းကို ဟစ်ကြွေးသီဆိုရန် ကျောင်းသားအချို့က စီစဉ်ခဲ့သဖြင့် အုပ်ထိန်းသူများက ကျောင်းသားများကို ဖြောင်းဖျခဲ့ရသည်ဟု ကျောင်းသားမိဘတဦးက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့