Wednesday, August 22, 2012

မီဒီယာ ကွာဟချက် မရှိစေရန် လွှတ်တော်ဂျာနယ် ထုတ်ဝေမည်

ဝင့်သင်ဇာကျော် (မြစ်မခ)
22 Aug, 2012

သတင်းမီဒီယာအချို့တွင် လွှတ်တော်အတွင်းဆွေးနွေးချက်များ ဖော်ပြရာ၌လက်တွေ့နှင့် ကွာဟချက်များရှိနေခြင်းကြောင့် လွှတ်တော် ဂျာနယ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံက သိရှိရသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေလည်း သူတို့ခံစားချက် ၊ သူတို့ပြောချင်တာ တွေရှိမယ်ဆိုပြီး ဒီဂျာနယ်ထုတ်ဖို့ စီစဉ်ဖြစ်တာပါ ” ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးဌာနမှ ဗိုလ်မှူးကြီး ဦးခင်မောင်ဦးက ပြောသည်။

အဆိုပါဂျာနယ်တွင် လွှတ်တော်အတွင်းဆွေးနွေးချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များမှ ရေးသားသော ဆောင်းပါးများ၊ ကာ တွန်း များ ၊ ကျန်းမာရေး ကဏ္ဍများအစရှိသော ဗဟုသုတရရှိစေနိုင်သည့် သတင်းအချက်အလက်များ ထည့်သွင်း သွားမည် ဖြစ်သည်။

လွတ်တော်ဂျာနယ်ထုတ်ဝေရေးအဖွဲအား အဖွဲ့ဝင်(၁ဝ)ဦးများဖြင့် စီစစ်သွားမည်ဖြစ်ပြီး ဂျာနယ်ထုတ်ဝေရခြင်းမှာ ပြည်တွင်းသတင်း မီဒီယာများမှ ရေးသားသောလွှတ်တော်သတင်းနှင့် လွှတ်တော်အတွင်း ဆွေးနွေးသည့် ကိစ္စရပ်များမှာလွဲမှားမှုများ မရှိစေရန် ရည် ရွယ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

“ကောင်းတာပေါ့ လွှတ်တော်ကနေ အတိအကျသတင်းတွေထုတ်ပြန်ရင် အပြင်ကသတင်းမီဒီယာအချို့ရေးနေတဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ကိစ္စနဲ့ တလွဲမဖြစ်တော့ဘူးပေါ့ ” ဟုတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်က ပြောသည်။

လွှတ်တော်ဂျာနယ်တွင် ထည့်သွင်းဖော်ပြနိုင်ရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တစ်ဦးကလည်းသတင်းဆောင်းပါးရေးသား၍ ဒု-ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရှိရသည်။

“၁၉၅၈/၁၉၅၉ တုန်းက မြန်မာနိုင်ငံပါလီမန်အဖွဲ့စာစောင်ကို မိတ်ဆက်တဲ့သဘောနဲ့ရယ် အခုခေတ် နိုင်ငံရေးအခြေအနေ ဘယ် လိုရှိနေတယ်ဆိုတာကို မိတ်ဆက်တဲ့သဘောအနေနဲ့ ဆောင်းပါးရေးပြီး ‘ဒုတိယညွှန်ကြားရေးမှူးချုပ်ကိုပေးပို့ပြီးပြီ ” ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီသစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန်က ပြောသည်။

အဆိုပါ ဂျာနယ်အား တစ်လလျှင် (၂)ကြိမ် ထုတ်ဝေရန်စီစဉ်ထားပြီး လက်တလောတွင် လွှတ်တော်ကိုယ်စားလှယ်များ ရေး သားသော သတင်း ဆောင်းပါး ၊လွှတ်တော်အတွင်းဆွေးနွေးသည့် ကဏ္ဍများ၊ ကာတွန်းနှင့် ကျန်းမာရေး သတင်းများကိုသာ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့