Tuesday, August 21, 2012

ရခိုင်ပြည်ရှိ အဝေးပြေးကားလမ်းမ ပျက်စီး၍ ခရီးသွားလာရေး အခက်ကြုံ

ဖြူစင်သူ
21 August 2012

ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ကန်စောက်ကျေးရွာနှင့် အပေါက်ဝကျေးရွာကြားတွင်ရှိသာ အဝေးပြေးကားလမ်းမ ပျက်စီးခြင်း ကြောင့် ခရီးသည်များမှာ ခရီးသွားလာရေး အခက်အကြုံနေရကြောင်း သတင်းရရှိသည်။

ဒေသခံ ခရီးသွားတစ်ဦးက " လမ်းပျက်စီးနေတာ တော်တော့ကိုဆိုးရွားနေပါတယ်။ လမ်းပေါ်မှာဆိုရင် ရွှံ့အိုင်ကြီးတွေနဲ့ ကားသွား ရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ကားသွားနိုင်ဖို့အတွက် ခရီးသည်တွေက ကားပေါ်မှ ဆင်းပေးရပါတယ်။ တချို့နေရာတွေမှာ ဆိုရင် ကားကို ကြိုးနဲ့ချည်ပြီး ခရီးသည်တွေက ဆွဲရသေးတယ် " ဟု အာရ်ကန်တိုင်းမ်စ်ကို ယခုကဲ့သို့ပြောသည်။

ယခုကဲ့သို့ ရခိုင်ပြည်ရှိ အဝေးပြေးလမ်းမ ဆိုးရွားစွာပျက်စီးနေခြင်းမှာ ကန်စောက်ကျေးရွာနှင့် အပေါက်ဝကျေးရွာကြားတွင်သာ မဟုတ်ဘဲ ရန်ကုန်-စစ်တွေ အဝေးပြေးလမ်း တစ်လျှောက်တွင်လည်း ပျက်စီးနေကြောင်း ခရီးသည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

" ရန်ကုန်- စစ်တွေကားလမ်း တစ်လျှောက်လုံး ပျက်စီးနေတာဘဲ။ ကိုယ်ဝန်သည်၊ လူနာတွေနဲ့ သက်ကြီးရွယ်အိုတွေဆိုရင် အဲဒီလမ်းကို အသုံးမပြုတာ အကောင်းဆုံးဘဲ။ ဒါပေမယ့် ရခိုင်ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ရန်ကုန်- စစ်တွေ ခရီးသွားမယ်ဆိုရင် ကားလမ်းကပဲ သွားတာများပါတယ်။ ကျနော် ဒီတစ်ခေါက်ရန်ကုန်ကို လာတဲ့အချိန်မှာ ကျနော့်အနား က ဗိုက်ကြီးသည်မ တစ်ယောက်ပါတယ်။ ကားက ရန်ကုန်ကိုလည်းရောက်ရော သူ့ကို ဆေးရုံးတင်သွားရတယ်။ " ဟု စစ်တွေမှ ရန်ကုန်သို့လာသော ခရီးသည်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယခုကဲ့သို့ ခရီးသွားယာဉ်များသွားလာ၍ မရအောင်ပျက်စီးနေသော်လည်း လမ်းဆောက်လုပ်ရေး ကုမ္ပဏီများ လမ်းပြုပြင်မှုများ နှေးကွေးနေကြောင်း ဒေသခံများမှလာသော သတင်းအရ သိရသည်။

ကန်စောက်ကျေးရွာမှ ဒေသခံတစ်ဦးက " လမ်းပြင်တာတော့ တွေ့ပါတယ်။ ပေါက်ပြဲပြီး ချိုင့်ခွက်တွေ ရွှံ့အိုင်ကြီးတွေဖြစ်နေတဲ့ နေရာတွေကို ခဲလုံးတွေနဲ့ ဖာထေးနေတယ်။ လမ်းပေါ်က ရေတွေကိုဖယ်ထုတ်ဖို့ လမ်းဘေးနားမှာ မြောင်းလေးတွေတူးနေ တာ တော့ တွေ့တယ်။ လမ်းကို ကောင်းအောင် မပြုပြင်ဘူး။ လမ်းပြုပြင်ဖို့ ဆောက်လုပ်ရေးအတွက် ကန်ထရိုက်ယူထားတာ ကုမ္ပဏီ ၃၀ ကျော်တောင် ရှိတယ်။ ဒါပေမယ့် သူတို့ လမ်းကိုကောင်းအောင် မပြင်ဘူး။ ကျနော်တို့ ဖြစ်စေချင်တာက လမ်းကိုတစ်ခါတည်း ကတ္တရာမခင်းရင်တောင် ကားတွေ ကောင်းကောင်းမွန်မွန် သွားလာနိုင်အောင်တော့ လုပ်ပေးသင့်တယ်။ " ဟု ပြောသည်။

လမ်းပြုပြင်ဆောက်လုပ်ရေး ကုမ္ပဏီများ၏ တာဝန်ယူဖော်ဆောင်မှု နှေးကွေးမှုအပေါ်တွင် အစိုးရအနေဖြင့်လည်း တစ်စုံတစ်ရာ တိုက်တွန်းပြောဆိုခြင်းမရှိကြောင်း သိရပြီး ရခိုင်ပြည်နယ်ရှိ ရန်ကုန်- စစ်တွေ အဝေးပြေးလမ်းမှာ လွန်ခဲ့သည့် နှစ်များစွာကပင် ပျက်စီးနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Ref: အာရ်ကန်တိုင်းမ်

0 comments:

အပေါ်သို့