Monday, February 14, 2011

အီဂျစ်ပြည်ရဲ့ လူထုတော်လှန်ရေးနဲ့ လက်နက်ကိုင်တပ်မတော်ကဏ္ဍ

ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁

ယမန်နေ့ ညနေခင်းမှာ အီဂျစ် ပြည်သူလူထုက အကြမ်းမဖက် ငြိမ်းချမ်းသော လူထုအုံကြွမှု၊ သပိတ်တိုက်ပွဲနဲ့ လက်နက်မဲ့ တော်လှန်ရေးနဲ့ ၁၈ ရက်အကြာ မှာ သူတို့ဆီက အာဏာရှင် အစိုးရတခုကို ဖြုတ်ချလိုက်တယ်။ အဲသည်နောက် စစ်တပ်ရဲ့ ဦးဆောင် စစ်ကောင်စီက အာဏာကို ရယူ လိုက်တယ်။ တိုင်းပြည်အကျိုးကို ဦးတည်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်သွားမယ်လို့ တပ် ခေါင်းဆောင်တွေက ကတိပေးပြီး ပြည်သူတွေကလည်း သူတို့ရဲ့ လွတ်လပ်ရေး ဒီမိုကရေစီရေး အောင်ပွဲခံနေဆဲ ဖြစ်ပါတယ်။

အဲသည် ၂၁ ရာစုရဲ့ ကြီးကျယ်တဲ့ လူထုလှုပ်ရှားမှု အပြောင်းအလဲနဲ့ ပတ်သက်ပြီး မြန်မာပြည်ရဲ့ အင်န်အယ်ဒီ ပါတီ ခေါင်းဆောင်၊ အတိုက်အခံ ခေါင်းဆောင် ဟံသာဝတီ ဦးဝင်းတင်ကို မိုးမခက သဘောထား အမြင် မေးမြန်း ခဲ့ပါတယ်။

အခုအီဂျစ်ပြည်သူတွေရဲ့ လူထုအုံကြွမှုကို အိမ်နီးချင်းတွေ၊ အနောက်အုပ်စုတွေက ဘယ်လို သဘောထားတယ် လို့ ထင်သလဲ ဆရာ။

အိမ်နီးချင်းနိုင်ငံတွေကတော့ သူတို့ရဲ့ ဒေသဆိုင်ရာ အကျိုးစီးပွား ကိုပဲ ဦးစားပေးပြီးတော့ ဒေသတွင်းမှာ မတည် မငြိမ်တွေ ဖြစ်လာမှာ၊ ဆူပူမှုတွေ ဖြစ်ပွားလာမှာ ဒါတွေကိုပဲ စိုးရိမ်တဲ့ သဘောကို တွေ့ရတယ်။ အမေရိကန် အပါအ၀င် အနောက်အုပ်စု နိုင်ငံတွေကတော့ အစပိုင်းမှာ ဒီမိုကရေစီရေး တို့ ငြိမ်းချမ်းရေးတို့ ဦးစားပေး ပြောခဲ့သော်လည်းပဲ နောက်ပိုင်းမှာ သူတို့ တိုင်းပြည် အကျိုးစီးပွားတွေ၊ ဒေသဆိုင်ရာ တည်ငြိမ်မှုတွေကို ပိုပြီး ဦးစား ပေးလာတယ်။ တကယ်တမ်းမှာ အီဂျစ် ပြည်သူလူထုရဲ့ အုံကြွမှုဟာ နိုင်ငံတကာက ပြည်သူတွေ အချင်းချင်း ကိုယ့်အား ကိုယ်ကိုးပြီး ၀န်းရံ အားပေးကြတဲ့ အုံကြွမှုကြီးလို့ မြင်ပါတယ်။

တိုင်းပြည်အပြင်က အခြားအစိုးရတွေ အပါအ၀င် အီဂျစ်က အာဏာရှင် အစိုးရ ကိုယ်တိုင်က ချိမ်းခြောက် ပြောဆိုနေသလို အခု ပြည်သူတွေရဲ့ လူထု အုံကြွမှုက ဆူပူ သောင်းကျန်းတာ၊ မင်းမဲ့ စရိုက်ဆန်တာ၊ အကြမ်းဖက် ဖျက်ဆီးတာတွေကို တွေ့နေရလို့လား ဆရာ။

ကျနော်တို့ ဒီက သတင်းတွေ၊ ရုပ်သံတွေမှာ မြင်ရ ကြားရသလောက် ကတော့ အီဂျစ် ပြည်သူတွေဟာ အလွန် ညီညွတ်ပြီး စည်းကမ်းရှိတာ၊ တည်ငြိမ်တာ၊ ထိန်းထိန်း သိမ်းသိမ်း ရှိတာကို တွေ့ရပါတယ်။ အလွန် ငြိမ်းချမ်းတဲ့ လူထု အုံကြွမှုဖြစ်တယ်။ ဘယ်သူ့ ပယောဂမှ မပါဘဲ ပြည်သူတွေရဲ့ သဘောထားတွေကို ထုတ်ဖော်တဲ့ လှုပ်ရှားမှု ဖြစ်တယ် လို့ မြင်ပါတယ်။ ရုပ်မြင်သံကြား သတင်းထဲမှာ မင်္ဂလာ ဆောင်ပြီးခါစ သတို့သား၊ သတို့ သမီးတွေတောင် အဲဒီက တာရီရာ ရင်ပြင်ထဲကို လာရောက် အားပေးတာကို တွေ့ရတယ်။

ပြည်ပ ပယောဂတွေ နိုင်ငံရေး အကြမ်းဖက်သူတွေ၊ အစွန်းရောက်တွေရဲ့ လှုံ့ဆော် သွေးထိုးမှုတွေ မရှိဘူးလို့ ဘာကြောင့် ပြောနိုင်ရတာလဲ ဆရာ။

လွန်ခဲ့တဲ့ ဇန်န၀ါရီလကုန်ကတည်းက ပေါ်ထွန်းလာတဲ့ လူထု ဆန္ဒပြပွဲတွေဟာ တစုံတဦးက ဦးဆောင်လို့ ပေါ်ပေါက်လာတာ မဟုတ်ဘူး။ ပြည်သူလူထုက တသွေးတည်း တသားတည်း တညီ တညွတ်တည်း လက်ရှိ အာဏာရှင် အစိုးရကို မလိုလားတော့လို့၊ တိုင်းပြည် အထွေထွေ အကြပ်အတည်းကို သီးမခံနိုင် တော့လို့ ပေါ်ပေါက်လာတာ ဖြစ်တယ်။ တဦး တယောက်ကနေ ခေါင်းဆောင် နေတာမျိုး မတွေ့ရဘူး။ နိုင်ငံရေးတွေ ဘာတွေ တောင်းဆိုနေတာတွေ မိန့်ခွန်းတွေ ဘာတွေ တက်ပြီး ပြောနေ ကြတာလည်း မကြားရဘူး။ ပြည်သူတွေက ပြောနေတာက တသွေးတည်း တသံတည်းပဲ ရှင်းလင်း ပြတ်သားတယ်။ အာဏာရှင် ပြုတ်ကျရေးပဲ။ မူဘာရက် ရာထူးက ဆင်းပေးဖို့ပဲ ဒါပဲ။ ဘုံရည်မှန်းချက်ကို အားလုံးက တစုတစည်းထဲ တညီ တညွတ်တည်း ရပ်တည် တောင်းဆိုကြတာပဲ။ ဒါကြောင့် ဘယ်မီဒီယာတွေ သတင်း ဌာနတွေမှာမှ အခြား နိုင်ငံရေးတွေ၊ သီးခြား တောင်းဆိုတာတွေ ဘာမှ မတွေ့ရဘူး။ ဒါမျိုး ပြောချင်ပါတယ်။

အဲသည်မှာ ရှုပ်ထွေးအောင် နိုင်ငံရေးကစားတာတွေ၊ အကွက် ချတာတွေက ဘယ်သူတွေက လုပ်တာလဲ ဆရာ။ အီဂျစ်ရဲ့ လက်နက်ကိုင် တပ်တွေက ဘယ်လိုမျိုး ရပ်တည် နေတယ်လို့ မြင်သလဲ။

ကျနော်တို့ ၁၉၈၈ အရေးတော်တုန်းက ဆိုရင် ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကို ပြိုကွဲအောင် မဆလ တပါတီ အာဏာရှင်တွေက စစ်တပ်ကို သုံးတယ်။ ထောက်လှမ်းရေး တွေကို သုံးပြီး သွေးခွဲတာတွေ၊ အကြမ်းဖက် သတ်ဖြတ် တာတွေ၊ မင်းမဲ့စရိုက်တွေ လုပ်ခဲ့တယ်။ အီဂျစ်အစိုးရ ကလည်း နည်းမျိုးစုံနဲ့ အာဏာကို မစွန့်ရအောင် လုပ်ခဲ့တာပဲ။ ရဲတွေ ပုလိပ်တွေနဲ့ အကြမ်းဖက် ဖြိုခွဲတယ်။ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ လုပ်တယ်။ သူ့အစိုးရ အဖွဲ့ကို ဖြုတ်ပြတယ်။ နောက်ပြီးတော့ ထောက်လှမ်းရေး အကြီးအကဲ ဆူလီမန်ကို ဒုတိယ သမ္မတ ခန့်တယ်။ ရွေးကောက်ပွဲတွေ အခြေခံ ဥပဒေတွေ ဆွဲမယ်၊ လုပ်ဦးမယ် ဒါမျိုးတွေ အချိန်ဆွဲတယ်။ အစိုးရလူတွေ သုံးပြီး တန်ပြန် သပိတ်ဖြိုခွဲတယ်။ နည်းမျိုးစုံနဲ့ လူထုအုံကြွမှုကို ဖြိုခွဲခဲ့တာပဲ။

သို့သော် ဒီနေရာမှာ ကျနော်ပြောချင်တာက လက်နက်ကိုင် စစ်တပ်က တလျောက်လုံးမှာ အတတ်နိုင်ဆုံး အကြမ်း မဖက်ဘူး၊ ကြားနေတယ်။ ဘာမှ ၀င်မပါဘူး။ ၀င်လည်း မစွက်ဘူး။ စောင့်ကြည့် နေတာမျိုး လုပ်တယ်။ အဲဒါကိုတော့ ကျနော်တို့က အသိအမှတ် ပြုရမယ် ထင်တယ်။

ဆိုတော့ ဆရာရယ်။ အခု အီဂျစ်တပ်မတော်က တိုင်းပြည် အာဏာကို လွှဲပြောင်း ရယူ လိုက်ပြီလို့ ပြောတယ်။ အဲဒါကိုကော ဘယ်လို ပြောမလဲ။

အခုအချိန်မှာ ပြောဖို့ စောသေးတယ်ပဲပြောပြော၊ အခုအချိန်မှာ အချိန် ဇယားတွေ ဘာတွေ အတိအကျ ချက်ခြင်း ထွက်မလာ သေးတော့ အတိ အကျတော့ ကျနော်တို့က ပြောဖို့ မလွယ်ဘူးပေါ့။ ဒါပေမယ့် ကျနော် ခင်ဗျားတို့နဲ့ အရင် အင်တာဗျူးမှာ ပြောခဲ့သလိုပဲ တိုင်းပြည်က လူထု အုံကြွမှုမှာ ထင်ထင်ရှားရှား ဦးဆောင်တဲ့ လူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့ တွေနဲ့ မဟုတ်ဘဲ လူထုကြီး တရပ်လုံးရဲ့ ဦးဆောင်မှု အုံကြွမှု ဖြစ်တဲ့အတွက် လက်ရှိ အခြေအနေမှာ တိုင်းပြည်ရဲ့ အုပ်ချုပ်မှုကို လွှဲပြောင်းရယူ ထိန်းသိမ်းဖို့ဟာ သူတို့ အီဂျစ် တပ်မတော်ပဲ ရှိတယ်။

ပြီးတော့ အီဂျစ်စစ်တပ်က ခေါင်းဆောင်တွေက တိုင်းပြည် အာဏာကို ရယူ လွှဲပြောင်း လိုက်တယ် ဆိုတာက ကျနော်တို့ မြန်မာပြည် ၁၉၈၈ အရေးအခင်း မှာလို အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီး နှိမ်နှင်းပြီး အာဏာကို ရယူတာ မဟုတ်ဘူး။ လက်ရှိ ဆန္ဒပြပွဲတွေကိုလည်း သူတို့ စစ်တပ်က စောင့်ကြပ် နေတယ် ဆိုတာကလည်း ကျနော်တို့ ၂၀၀၇ သံဃာ့ အရေးတော်ပုံကို လက်နက်နဲ့ ပစ်ခတ် ဖိနှိပ်ဖို့ လုပ်ခဲ့တာမျိုး မဟုတ်ဘူး။ အခုသူတို့ ဖက်ကလည်း တိုင်းပြည်နဲ့ ပြည်သူတွေ အကျူိုးကို ကြည့်ပါ့မယ်လို့ ပြောနေတယ်။ သူတို့က ကြားဝင်ပြီး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဖြေရှင်း ပေးတာမျူိုး ဖြစ်တယ်လို့ မျှော်လင့် မိပါတယ်။

ဒါဆိုရင် အီဂျစ်တိုင်းပြည်လိုပဲ ကမ္ဘာစီးပွားပျက်ကပ်ဆိုက်နေတဲ့ အချိန်မှာ အာဏာရှင်တွေ အုပ်စိုး နေတဲ့ နိုင်ငံတွေက ပြည်သူ တွေဟာလည်း ကောင်းမွန် တိုးတက်မှုတွေကို တောင်းဆိုနေပြီ။ ပြုပြင် ပြောင်းလဲမှုတွေကို တောင်းဆို နေပြီ။ ငြိမ်းချမ်းတဲ့နည်းနဲ့ အကြမ်း မဖက်ပဲ တစည်းတလုံး တသွေးတသံတည်း လှုပ်ရှားမှု ဂယက်တွေ ထလာပြီလို့ ပြောနိုင်မယ် ထင်တယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာပြည်မှာ လည်းပဲ စစ်အာဏာရှင် စနစ်ဆိုး အောက်မှာ ပြည်သူတွေဟာ ဒုက္ခ ပင်လယ်ဝေနေတဲ့ အတွက် မလွှဲ မရှောင်သာဘဲ လူထု အုံကြွမှုတွေ လှုပ်ရှား တောင်းဆိုမှုတွေ ပေါ်ပေါက် လာခဲ့မယ် ဆိုရင် လက်ရှိ လက်နက် ကိုင်ထားတဲ့ တပ်မတော် သားတွေ၊ ခေါင်းဆောင်တွေကို ဘယ်လိုမျိုး တိုက်တွန်း ချင်ပါသလဲ ဆရာ။

ကျနော်တို့ကတော့ အီဂျစ်ပြည်သူတွေကို ကြည့်ပါ။ အီဂျစ် တပ်မတော်ကို ကြည့်ပါလို့ ပြောချင်ပါတယ်။ ကောင်းမွန် မှန်ကန်တဲ့ ငြိမ်းချမ်းတဲ့ သင်ခန်းစာကို ယူပါလို့ ပြောချင်ပါတယ်။ ၁၉၈၈ အရေးတော်ပုံ တုန်းက လိုမျိုး၊ ၂၀၀၇ ရွှေဝါရောင် သံဃာတော်များ အရေးတော်ပုံ တုန်းကလိုမျိုး အာဏာရှင်တွေ အမိန့် ပေးတာကို နာခံပြီးတော့ လက်နက်မဲ့တဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေ၊ ကျောင်းသား လူငယ်တွေ၊ ရဟန်း သံဃာတွေကို အကြမ်းဖက် နှိမ်နင်းတာ မျိုးတွေ မလုပ်ပါနဲ့။ ဖမ်းဆီး အရေးယူ နှိပ်စက်တာမျိုးတွေ မလုပ်ပါနဲ့။ အကြမ်း မဖက်ဘဲ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာကြပါလို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။

Ref: မိုးမခ

0 comments:

အပေါ်သို့