Tuesday, February 15, 2011

NLD ကို စစ်အစိုးရ သတင်းစာ သတိပေး

ခင်ဦးသာ
Monday, 14 February 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများကို ဆက်လက် ထောက်ခံနေပါက “သမိုင်း၏ ဂိတ်ဆုံးသို့” ဦးတည်သွားနိုင်ကြောင်း စစ်အစိုးရ သတင်းစာ များ၌ သတိပေး ရေးသားထားသည်။

အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုသည် စစ်အစိုးရကိုသာထိခိုက်ပြီး ပြည်သူများ၏ လူနေမှု ဘ၀များကို တိုက်ရိုက် မထိ ခိုက်ဟူသော မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် NLD ကြေညာချက်နှင့် ပတ်သက်၍ စစ်အစိုးရ မီဒီယာများက ယင်းသို့ ရေးသား လာခြင်း ဖြစ်သည်။

စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့ ထားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့နှင့် မသက်ဆိုင်ကြောင်း၊ အနောက် နိုင်ငံများက ၎င်းတို့၏ သဘောထားအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ကျင့်စဉ် မရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း NLD ကြေညာချက်တွင် ဆိုထားသည်။

စစ်အစိုးရ၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ ဆောင်းပါး၌ ပိတ်ဆို့မှုများ ဖယ်ရှားလိုလျှင် အနောက်နိုင်ငံများ ပြောသည့် အတိုင်းလိုက်နာ ပြောင်းလဲပါ၊ ပိတ်ဆို့မှုများ လျှော့ပေါ့ရန်၊ တိုးမြှင့်ရန်၊ ပြောင်းလဲရန် အနောက်နိုင်ငံများက NLD နှင့်ဆွေးနွေးပါဟု NLD ကြေညာချက်က ဆိုလိုသည်ဟု ထင်ကြောင်း၊ ကြေညာချက်ပါ စီးပွားရေး ပိတ်ဆို့မှုအပေါ် အမြင်အကျဉ်း မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ မှ ၂၀၀၂ ခုနှစ် ထိ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှု ပြုလုပ်ရန် ပြင်းပြင်းထန်ထန် တောင်းဆို ခဲ့သူဖြစ်ကြောင်း ဝေဖန် ရေးသား ထားသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော NLD ကြေညာချက်ပါ စီးပွားရေး ပိတ်ဆို့မှုအပေါ် အမြင်အကျဉ်း အချက် (၇) တွင် စီးပွားရေး ပိတ်ဆို့မှု ဆိုင်ရာ စည်းကမ်းချက်များကို မည်သည့် အချိန်တွင် မည်သို့နှင့် မည်သည့် အခြေအနေများ အောက်၌ ပြုပြင် မွမ်းမံ နိုင်မည်ကို သဘောတူညီမှု ရရှိစေရေးအတွက် အမေရိကန်၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၊ ကနေဒါ၊ နယူး ဇီလန်၊ သြစတြေးလျ နိုင်ငံတို့ကို ညှိနှိုင်းဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုပါသည်ဟု ဖော်ပြထားသည်။

သတင်းစာပါ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု ဆောင်းပါး ၌လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယပင်လုံ ညီလာခံ ကျင်းပမည်၊ တိုင်းရင်းသား လူမျိုးများ၏ စည်းလုံး ညီညွတ်ရေးကို တည်ဆောက် မည်ဟု ကြွေးကြော် နေခြင်းသည်“ မရောင်ရာ ဆီလူး သကဲ့သို့” ဖြစ်နေသည်ဟု ဆောင်းပါးရှင် သခင်တင်မြ က ဝေဖန် ရေးသား ထားသည်။

“အစိုးရက ရေးခိုင်းလို့ရေးတာ မဟုတ်ပါဘူး၊ ကျနော့်ရင်ထဲက သဘောထားပါ၊ ဒေါ်အောင်ဆန်း စုကြည်ကို ဝေဖန် ရေးတာက သူ့ သဘောထား တွေက မတည်ငြိမ်ဘူး၊ အခုတမျိုး၊ တော်ကြာ တမျိုးပြောတယ်၊ ကျနော်သူနဲ့ တွဲပြီး လုပ်ခဲ့တာ ကြာပြီ”ဟု သခင် တင်မြ က သူ၏ ဆောင်းပါးနှင့် ပတ်သက်၍ ဧရာဝတီ၏ မေးမြန်းမှု ကိုဖြေဆိုသည်။

“အခြေအနေတွေက အရင်နဲ့မတူတော့ဘူးလေ၊ ဗြိတိသျှနယ်ချဲ့တွေ အုပ်ချုပ်နေတာ မဟုတ်ဘူး၊ တပ်မတော်က အုပ်ချုပ်နေ တာ၊ တပ်မတော်ကို နားလည် မပေးဘဲ ဆန့်ကျင်နေမယ် ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”ဟု သခင်တင်မြက ဆက်ပြော သည်။

စစ်အစိုးရ သတင်းစာများ၏ ရေးသားဖော်ပြချက်သည် လုပ်ရိုးလုပ်စဉ် တခုသာဖြစ်ကြောင်း၊ ထိုရေးသားချက် များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တစုံတရာ ပြောဆိုမှု မရှိသေးကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ဧရာဝတီကို ပြောသည်။

NLD နှင့် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ်ဖွဲ့၍ ဖော်ဆောင်နေသော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖော်ဆောင် ရာ၌ စိတ်ကောင်း စေတနာဖြင့် လက်တွဲ ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်းလည်း သတင်းစာက ရေးသား ထားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့