Friday, February 18, 2011

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိမ်ပြောင်းမည်


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် လက်ရှိနေထိုင်ရာ ဇေယျာသီရီမြို့နယ် စစ်တပ်ဝင်းမှ ဇဗ္ဗူသီရိမြို့နယ်သို့ မကြာခင် ပြောင်းရွှေ့တော့မည်ဟု နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ခေါင်းဆောင်အဖြစ် ဆက်ရှိနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစုသည် ဇဗ္ဗူ သီရီမြို့နယ် ရာဇဌာနီလမ်းမကြီးအရှေ့ဘက် ပေ ၂ဝဝ ပတ်လည် အကျယ်ရှိ နေအိမ်သို့ ပြောင်းရွှေ့မှာ ဖြစ်သည်။

ခြံဝင်းထဲတွင် ဝန်ထမ်းများ သီးသန့်နေထိုင်ရန် အိမ်တလုံး၊
ကားဂိုဒေါင်၊
burma-army-thanshwe


အပန်းဖြေတဲတခု ပါဝင်ကာ ၈ ပေခန့် အမြင့်ရှိ တံတိုင်းနှစ်ထပ် ခြံစည်းရိုးဖြင့် ကာရံထားသည်။

၎င်းအိမ်နှင့် အိမ်နီးချင်းများမှာ စစ်အစိုးရ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ သမ္မတ
ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရ ဦးတင် အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် သမ္မတက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် အဆို တင်ထားသည့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဖြစ်သည်။

တောင်တန်းကို ကျောပေးထားသော အိမ်ယာ များ၏ မျက်နှာစာတွင် ကွင်းပြင်သာရှိပြီး နေပြည်တော်ရှိ ဥပ္ဗါတသန္ဓိ စေတီတော်ကို အထင်းသား ဖူးမျှော်နိုင်သည်။ ခြံဝင်းတခု ချင်းစီ၏ အပြင်ဘက်တွင် ပေ ၂ဝ ခန့် ကျယ်ဝန်းသည့် ခြံပတ်လမ်းများလည်း ပြုလုပ် ထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို မျိုးဆက်သစ်သို့ လွှဲပြောင်းပေးမှာဖြစ်သည်ဟု ယုံကြည်ရသော အသက်ရွယ်ကြီး စစ်ခေါင်းဆောင်၏ လုံခြုံရေးမှာ ထိပ်ဆုံးအဆင့် ဖြစ်သည်။ နေပြည်တော်မြို့တွင်းမှာပင် အကြမ်းဖက် နှိမ်နင်းရေး ကိုယ်ရံတော်တပ်ဖွဲ့ဝင်များ လိုက်ပါသော လုံခြုံရေးကား ရှေ့ ၄ စီး၊ နောက် ၄ စီး ခြံရံသွားလာလေ့ရှိသည်။

အသစ်ပြောင်းရွှေ့မည့် နေအိမ်သို့ နေ့ခင်းဘက်များတွင် လာရောက်ကြည့်ရှု့သည်မှာ သီတင်းပတ် တပတ်ကျော် ရှိသွားပြီဖြစ်ကာ ညပိုင်းရောက်မှသာ ဇေယျာသီရိသို့ ပြန်လေ့ရှိ သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။ ထို့အပြင် ဆင်ဖြူတော် ထားရှိရာသို့လည်း တခါတရံ လှည့်လည်ကြည့်ရှုလေ့ရှိသည်။

ဇေယျာသီရိရှိ စစ်ရုံးဟု လူသိများသော စစ်တပ်ဝင်းအတွင်း စစ်ဘက်အရာရှိကြီးများ၊ ဝန်ကြီး အဖွဲ့ဝင်များ နေခဲ့ကြသည်။

လက်ရှိရာထူးမှ အနားယူမည့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးမှာ ဇန်နဝါရီလ ၁၈ ရက်နေ့ ကပင် နေအိမ်သစ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေအိမ်သစ်သို့ သောကြာနေ့တွင်ပင် ပြောင်းရွှေ့လိမ့်မည်ဟု သတင်းပေးသူက ပြောသည်။ သို့သော် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

လုံခြုံရေးကြောင့် ထိပ်တန်း စစ်ခေါင်းဆောင် ၆ ဦး၏ နေအိမ်ရှေ့ရှိ လယ်ကွင်းများကို သိမ်းယူမည်ဟု ဇဗ္ဗူသီရီ မြို့ခံများက ထင်ကြေးပေးနေကြသည်။

ထိုသို့ဖြစ်နေချိန်တွင် နိုင်ငံရေးအသိုင်းအဝိုင်းတွင် ရေပန်းစားနေသောကောလာဟလတခုမှာ အစိုးရသစ်အတွက် သမ္မတနှင့် ဒုသမ္မတ ရွေးချယ်မှုအပေါ် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ကျေနပ်မှု မရှိဟူသော အပြောဖြစ်သည်။

Ref;Mizzima

0 comments:

အပေါ်သို့