Friday, February 18, 2011

ချိန်ခါသင့်ပန်း ပွင့်လန်းပါစေ

တပ်မတော် (ရေ) မှာ ဖြစ်ပျက်ကြုံတွေ့ နေရတာလေးတွေကို ကျနော်ရေးသား ဖော်ပြလာတာ အခုဆိုရင် ဆောင်းပါး ၁၅ ပုဒ်လောက်ရှိသွားပါပြီ။ ဒီတပတ်တော့ ကျနော် ဘာကြောင့်စာရေးဖြစ်ခဲ့သလဲ။ ဘယ်လိုရည်ရွယ် စေတနာထားပြီး ရေးသားနေလဲ စတာတွေကို နည်းနည်းရှင်းပြချင်ပါတယ်လို့ အပ်မယ်ထင်လို့ပါ။

ယခုစာတွေကိုမရေးခင် ဘယ်မဂ္ဂဇင်း ဂျာနယ် မှာမှ ကျနော် စာမရေးခဲ့ဘူးပါ။ မဂ္ဂဇင်း ဂျာနယ်တွေမှာ ဖော်ပြ ခြင်းခံရ လောက်အောင် လည်း ကျနော် စာအရေး အသား မကောင်းပါ။ ကျနော်က သူလိုကိုယ်လို သာမန် အောက်ခြေစစ်မှုထမ်း တဦးမျှသာ ဖြစ်ပါတယ်။ နောက်ပြီး ကျနော့ အတွေ့အကြုံတွေ ကလည်း အများသူငါ ကြုံတွေ့ ရတဲ့အ တိုင်း ပါပဲ။ ပိုပြီး ထူးခြား တာမျိုးမရှိပါဘူး။

ကွာခြားမှုလေး နည်းနည်းလောက်တော့ ရှိတာပေါ့လေ။ ကျနော်က ရေတပ်မှာ အမှုထမ်းရတာဆိုတော့ ကြည်း တပ်သားတွေလို ရှေ့တန်းစစ်မျက်နှာ အတွေ့အကြုံ မရှိပါ ဘူး။ အဲဒီတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေ တာတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ရတာမျိုး မရှိ ပါဘူး။ အဓမ္မ လုပ်အားပေးစေခိုင်းမှုကိစ္စနဲ့ အဓမ္မ နေရာ ရွှေ့ပြောင်းမှု ဆိုတာတွေကိုတော့ ဟိုင်းကြီးကျွန်းနဲ့ သန် လျင်ဆိပ်ကြီး တပ်သစ် တည်ဆောက်ရေး ကာလတွေမှာ ကြုံတွေ့ရတာတွေရှိပါတယ်။ အဲဒီ အတွေ့အကြုံလေး တွေကို အခြေခံပြီး ခုလို ရေးသားနေတာပါ။

စာရေးဖြစ်အောင်တွန်းအားပေးတဲ့ နောက်တချက်ကတော့ ကျနော့ရဲ့ နိုင်ငံရေး နောက်ခံကြောင့်ပါပဲ။ တပ်ထဲမရောက်ခင် ၁၉၈၈ ကာလတ၀ိုက်မှာ နိုင်ငံရေးလှုပ်ရှားမှုအချို့ လုပ်ဆောင်ခဲ့ဖူးပါတယ်။ နိုင်ငံရေးစာပေတွေကို အတန်အသင့်လေ့ လာခဲ့ဖူး ပါတယ်။ တပ်ထဲမှာလည်း ၀ါသနာတူ သူငယ်ချင်းအချို့နဲ့ ဆုံတွေ့ခဲ့ရပြန်ပါတယ်။ ကျနော်တို့ မျိုးဆက်က ၈၈လှုပ်ရှားမှုကို ဖြတ်သန်းကြီးပြင်းခဲ့ရတာဆိုတော့ ဒီမိုကရေစီ အငွေ့အသက်နဲ့ ဘယ်သူကင်းနိုင်ပါ့မလဲ။

နိုင်ငံရေး စိတ်မ၀င်စားသူတွေတောင်မှ ကိုယ်တွေ့ဖြတ်သန်းမှုလောက်တော့ ရှိခဲ့တာကိုး။ တပ်ထဲမှာကြုံတွေ့ရတဲ့ ဆက်ဆံ ရေးအနေအထားတွေ ဖောက်လွဲဖောက်ပြန် အခြေအနေ တွေကို မြင်တွေ့ရဖန်များလာတဲ့အခါ စိတ်ထဲမှာ တအုံနွေးနွေး ဖြစ်လာခဲ့တယ်။


ရိုးရိုးသားသားဝန်ခံရရင် ကျနော့ မိသားစုထဲမှာ နိုင်ငံရေးသမားတွေရှိနေတာကြောင့် အခါအားလျော်စွာ နိုင်ငံရေးသမား တွေနဲ့ ကျနော် စကားပြောဖြစ်ပါတယ်။ ရေတပ်ထဲမှာ ကျနော် ကြုံတွေ့ရတာတွေ အရာရှိ/စစ်သည်တွေရဲ့ အခက်အခဲ တွေ၊ စိတ်ခံစားချက် တွေကို ဆွေးနွေးဖြစ်တဲ့အခါ အစပိုင်းမှာသူတို့ နဲ့ကျနော် အခြေအတင် ဖြစ်ရပါတယ်။ ကျနော် ပြော ဆိုတဲ့အချက်တွေကို သူတို့ကမယုံကြဘူး။ မထောက်ခံပါဘူး။ ကျနော့ဖက်က စိတ်ရှည်လက်ရှည် အသေအချာရှင်းပြတဲ့ အခါကျမှ သူတို့လက်ခံ သဘောပေါက်တဲ့ အပိုင်းလေးတွေရှိလာတယ်။ အဲဒီအခါမှာမှ သူတို့က ကျနော့ အတွေ့အကြုံတွေ ကို အခြေခံပြီး စာရေးဖို့အကြံပြုလာတယ်။ ကျနော်ကိုယ်တိုင်ကလည်း ရေးချင်စိတ်တော့ရှိပါတယ်။ ဒါပေမယ့် ဘယ်ကစ ပြီး ဘယ်လိုရေးရမှန်းကို မသိပါဘူး။ အချိန်အတော်ကြာ ကြိုးစားပြီးတော့မှ ခုလိုမ၀ံ့မရဲ ရေးဖြစ်လာတာပါ။

မ၀ံ့မရဲဆိုတာက တခြားမဟုတ်ပါဘူး။ ဆွဲဆောင်မှုမရှိတဲ့ အရေးအသားညံ့ဖျင်းမှုနဲ့ ပြည်သူလူထုကို ဘယ်လိုများချပြရမ လဲ စိုးရိမ်မိတာပါ။ ဘာပဲဖြစ်ဖြစ် ခုတော့ ရွက်ကြမ်း ရေကျိုအဆင့်လောက် ဖြစ်နေပြီလို့ ထင်မိပါတယ်။

တကယ်တမ်း ကျနော်ရေးဖြစ်လာတဲ့အခါကျတော့ မျှော်လင့်မထားတဲ့ အားတက် စရာလေးတွေကိုမြင် တွေ့လာရပါတယ်။ ကျနော့စာတွေကို ဖော်ပြပေးတဲ့ နေ့သစ် ၀က်ဘ်ဆိုက်မှာ ဆောင်းပါးအောက်နားက comment အချို့ မြင်တွေ့ရပါတယ်။ ဒါဆိုရင် ကျနော်ရေးတဲ့စာကို လူတချို့ဖတ်ကြတယ်လို့ ဆိုရမှာပေါ့။ တချို့ comment တွေအရဆိုရင် သူတို့လည်း ကျနော့လို ရေတပ်စစ်မှုထမ်းတွေ ဖြစ်နေတဲ့ပုံပဲ။ အကြောင်းအရာတရပ်၊ အဖြစ်အပျက်တခုနဲ့ ပတ်သက်ပြီး ကျနော် ဖြီး ဖြန်း ရေးခဲ့ရင် သူတို့ခွင့်ပြုမှာ မဟုတ်ပါဘူး။ အခုလည်း တသဘောတည်းကျတယ်လို့တော့ မရှိပါဘူး။ သူ့ခံစားချက် ကိုယ့်ခံစားချက်၊ သူ့အမြင် ကိုယ့်အမြင် ကွဲလွဲမှုတွေရှိတတ်မြဲပါ။ သို့ပေမယ့် အဖြစ်အပျက်မှန်တွေကို အခြေခံပြီး စစ်မှု ထမ်းတွေ နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဘ၀မှန်တွေကို တတ်နိုင်သလောက် ထင်ဟပ်ရေးသားထားတယ် ဆိုတာကို တော့ ရဲရဲတင်းတင်း အာမခံလိုပါတယ်။

ကျနော်ရေးတဲ့အကြောင်းအရာအချို့မှာ အရာရှိတွေရဲ့ ကိုယ်ရေးကိုယ်တာတွေပါဝင် နေတော့ ကျနော်နဲ့ အမြင်မတူသူ တွေက ကျနော့ရေးသားချက်တွေကို သဘောမတူကြောင်း ကန့်ကွက်ရေးသားတာတွေလည်း ရှိပါတယ်။ သူတို့အပေါ်မှာ ကျနော် ဘယ်လိုမှ သဘောမထားပါ။ လူပုဂ္ဂိုလ် တဦးတယောက်အပေါ်မလို မုန်းထားစိတ်နဲ့ ရေးသားခြင်းမဟုတ်ဘဲ လူအ များနဲ့သက်ဆိုင်ပြီး တရားမမျှတဘူးလို့ ယူဆမိတာတွေကို ဥပမာပြုရေးသားခြင်းသာ ဖြစ်ပါတယ်။

ဗိုလ်ကြီးသက်လွင်ဟာ ကျနော်နဲ့ရင်းနှီးပါတယ်။ ဒါပေမယ့် သူကျူးလွန်တဲ့ ပြစ်မှုနဲ့ သူခံရတဲ့ ပြစ်ဒဏ်ဟာ ထိုက်တန်ဆီ လျော်မှု မရှိပါဘူး။ ဗိုလ်မှူးပြည်အောင် နဲ့လည်း အနီးကပ် နေခဲ့ဖူးပါတယ်။ သူက လက်အောက်ငယ်သားတွေ အပေါ်မှာ ကောင်းပါတယ်။ သို့သော်လည်း တပ်မတော်တရပ်လုံး ဒီထက်ပိုပြီးပြောရရင် ပြည်သူတရပ်လုံးအပေါ်မှာ စေတနာအညီ အမျှ ထားနိင်ပါ့မလားဆိုတာကို သူ့လက်တွေ့လုပ်ရပ်နဲ့ ချိန်ထိုးကြည့်လိုက် တာပါ။ ဘာပဲဖြစ်ဖြစ် ကျနော့သဘောထားကို လည်း အသေဆုပ်ကိုင် မထားပါဘူး။ လူဆိုတာ ကောင်းတခါဆိုးတလှည့် ရှိတတ်မြဲ မဟုတ်ပါလား။

ကျနော်ရေးတဲ့စာတွေကိုဖတ်ပြီး လူငယ်တချို့ဆက်သွယ်လာပါတယ်။ ကျနော့စာတွေကို ဖတ်ပြီးတဲ့အခါ တပ်မတော် သားတွေရဲ့ဘဝကို နည်းနည်း နားလည်စာနာမိလာတယ်လို့ ဆိုကြတယ်။ အဲဒီလိုသာဆိုရင် ကျနော် လုံ့လထုတ်ရေး သားရကျိုးနပ်ပါတယ်။ ကျနော့ စေတနာက တပ်မတော်နဲ့ပတ်သက်ပြီး အကောင်းချည်းမဖော်ပြချင်သလို ပြည်သူလူထု အနေနဲ့လည်း ယူနီဖောင်းမြင်တိုင်း ဒေါသထွက်နေမယ့် အနေအထားမျိုး မဖြစ်စေချင် ပါဘူး။

တပ်မတော်ထဲမှာ စစ်အာဏာရှင်စနစ် အမြစ်တွယ်နေတယ်ဆိုတာကို ကျနော်တို့ လက်ခံပါတယ်။ ဒါဟာခေါင်းဆောင်မှု ပြဿနာပါ။ တသွေးတသံတမိန့် အဖွဲ့အစည်းမှာ နောက်လိုက်က ချွန်ထွက်လို့ မရပါဘူး။ ထက်အောက်အမိန့်နဲ့ အုပ်ချုပ် တာဆိုတော့ ခေါင်းဆောင်ကောင်းရင် နောက်လိုက်ကောင်းတာများပါတယ်။ အာဏာရှင်စနစ်အောက်မှာ ဆိုးတဲ့လူအ တွက်က ရေစုံခရီးဖြစ်နေပြီး ကောင်းသူအတွက်ကျတော့ ရေဆန်ကူးရ သလိုဖြစ်နေရတာ သဘာဝကျပါတယ်။

တချိန်တည်းမှာ တပ်မတော်သားအားလုံး သည်ပုတ်ထဲကသည်ပဲ မဟုတ်တာတော့ သေချာပါတယ်။ တပ်မတော်သား ကောင်း တပ်မှူးတပ်သားတွေ အများအပြားရှိနေပါတယ်။ သူတို့ရဲ့ အခန်းကဏ္ဍ ရှေ့တန်းရောက်မလာသေးတာပါ။ နောက်ပြီး တပ်တွင်းလှုပ်ရှားမှု ဆိုတာက လူထုလှုပ်ရှားမှုလို သိပ်ပြီးထင်သာမြင်သာမရှိတဲ့ သဘောလည်း ပါ ပါတယ်။

တပ်မတော်နဲ့ ပြည်သူ ထိတွေ့ဆက်ဆံမှုအားနည်းနေသေးလို့ တဖက်နဲ့ တဖက်နားလည်မှု အပြည့်အဝ မတည်ဆောက် နိုင်သေးတာလို့ ထင်မိပါတယ်။ တွေ့မယ့်တွေ့တော့လည်း ရှေ့တန်းစစ်မြေပြင်မှာ၊ စီတန်းဆန္ဒပြမှုတွေမှာ၊ အဓမ္မလုပ်အား ပေးစေခိုင်းမှုတွေမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြရတာမျိုးသာ ရှိလေတော့ အမုန်းတရားပေါ်မှာ နာကြည်းမှုတွေသာ ဆင့် နေပါတော့တယ်။ ဟိုးအရင်ကလို မြစိမ်းရောင် စစ်ဆင်ရေး၊ ရွှေဝါရောင် စစ်ဆင်ရေး စတဲ့ လူထုလုပ်အားပေးတွေ မတွေ့ ရတာ နှစ်ပေါင်း (၂၀) ကျော်သွားခဲ့ပါပြီ။

၂၀၀၈ တရုတ်ပြည် မြေငလျင်ကယ်ဆယ်ရေးမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သားတွေ နာရီပိုင်းအတွင်း ဒုက္ခသည်တွေဆီ အရောက်သွားနိုင်ခဲ့ပေမယ့် မြန်မာပြည် နာဂစ်မုန်တိုင်းမှာတော့ ကယ်ဆယ်ရေးနှောင့်နှေးကြံ့ကြာမှု တွေ ကြုံတွေ့ခဲ့ရတာ အားလုံးအသိပါ။ အမိန့်နဲ့ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းချင်းအတူတူ ယခုလိုကွာခြားနေတာ ဘယ်သူ့ ကြောင့်လဲ၊ ခေါင်းအေးအေးစဉ်းစားကြည့်ရင် အဖြေပေါ်ပါလိမ့်မယ်။ ကျနော်တို့ရဲ့ တာဝန်ကတော့ တပ်ထဲက အဖြစ်မှန် တွေကို အရင်းအတိုင်း ဖော်ထုတ်တင်ပြပေးခြင်းဖြင့် နားလည်မှု တစုံတရာ ရလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မိတ်ဆွေ တပ်မတော်သားအပေါင်းကို မေတ္တာရပ်ခံပန်ကြားချင်ပါတယ်။ ခုချိန်မှာ တပ်မတော်နဲ့ ပြည်သူ ညီညွှတ်ရေး တည်ဆောက်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ စစ်တပ်အကြောင်း စစ်ခေါင်းဆောင်တွေအကြောင်းကို တပ်မတော် သားတွေက ပိုပြီးအတွင်းကျကျသိနိုင်တာမို့ ကောင်းတဲ့အချက်တွေကို ကောင်းသလို မကောင်းတဲ့ အချက်တွေကို မ ကောင်းသလို ဖွင့်ချရေးသားကြမယ်ဆိုရင် တပ်မတော်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ သရုပ်ပိုမိုရုပ်လုံးပေါ်လာမှာ ဖြစ်ပြီး
ပြည်သူလူထုနဲ့ ဆက်ဆံရေးမှာ ရှင်းလင်းမြင်သာဖြစ်လာပါလိမ့်မယ်။

စာရေးတယ်ဆိုတာ အသံတိတ် စကားပြောဆွေးနွေးခြင်း တမျိုးပါပဲ။ စာရေးတဲ့နေရာမှာ အနုပညာဖန်တီးနိုင် မယ်ဆိုရင် တော့ အကောင်းဆုံးပေါ့။ အနုပညာမမြောက်မှာစိုးလို့ မရေးပြန်ရင်လည်း ကိုယ်ပြောခွင့်ကို ကိုယ်ပြန်ပိတ်လိုက်သလိုဖြစ် ပြီး ကိုယ့်အတွက် နစ်နာပါတယ်။ ကျနော် အဲဒီလိုခံယူပြီး ရေးနေတာ။ ယိမ်းထိုးလိုက် ချော်လဲလိုက်နဲ့ နည်းနည်းတော့ ခရီးပေါက်လာပြီ။ ရေးဖြစ်အောင်သာရေးကြပါ။ ဒီခေတ်မှာရေးစရာ နေရာတွေက အများကြီးပါ။ ကိုင်ဇာရဲ့ သီချင်းထဲက လို ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူး ရေးသင့်တာတွေ ရေးမှဖြစ်တော့မယ်။ အာဖရိက တပ်မတော်တွေရဲ့ စံနမူနာကိုအတုယူပါ။ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ ဆိုတာကို လက်တွေ့ပြလိုက်ကြစမ်းပါ။

ကြည်သာရွှင်ပြုံး ရင်းနှီးဖော်ရွေ မျက်နှာထားပိုင်ရှင်တွေလို့ ကမ္ဘာလှည့်ခရီးသွားတွေ အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံ သားတွေအချင်းချင်းကြားမှာ သံသယရင်ခုံသံတွေ ပွားနေတာ သဘာဝမကျပါဘူး။ စစ်သားတယောက်အတွက် တသက် တာခိုနားရာဟာ တပ်မတော်မဟုတ်ဘဲ လူ့အဖွဲ့အစည်းနဲ့ လူ့ပတ်ဝန်းကျင် ဖြစ်တယ်ဆိုတာကို ကျနော်တို့ တတွေ ယုံကြည်ကြတယ်ဆိုရင် ကိုယ်ဘယ်လိုရပ်တည်မလဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့အချိန်ကို ရောက်နေပါပြီ။

ကိုယ်စီကိုယ်ငှ ပြည်သူ့အကျိုး သယ်ပိုးနိုင်ကြပါစေ။
ချစ်မိတ်ဆွေ ရဲဘော်အပေါင်းကို ထာဝရလေးစားလျက်
နေမင်းသူ

Ref;နေ့သစ်

0 comments:

အပေါ်သို့