Friday, February 18, 2011

ကိုဇာဂနာ သွေးစည်းခိုင်မာရေးဆု ချီးမြှင့်ခံရ

မျိုးသန့် | ကြာသပတေးနေ့၊
ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁ ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထောင်ဒဏ် ၃၅ နှစ် ကျနေသည့် နိုင်ငံကျော် ဟာသပညာရှင် ကိုဇာဂနာကို ဂျာမဏီနိုင်ငံ ဘရီမင်မြို့က သွေးစည်း ခိုင်မာရေးဆု ချီးမြှင့်လိုက်သည်။

ယခုလ ၁၅ ရက်နေ့တွင် Bremen မြို့တော်ဝန်ကိုယ်တိုင် ချီးမြှင့်သည့် Bremen Solidarity Award ဆုပေးပွဲသို့ သားဖြစ်သူ ကိုကောင်းမြတ်နှင့် အနုပညာ လုပ်ဖော်ကိုင်ဘက် ကိုထိန်လင်းက ကိုယ်စား လက်ခံရယူခဲ့ခြင်း ဖြစ်သည်။

“ဒီလိုဆုက များသောအားဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပေးတာလေ။ ဒါပေမယ့် ဒီနှစ်မှာ ကျတော့ အနု ပညာရှင်ကို ပေးဖို့ ဆုံးဖြတ်တာ ဒါပထမဆုံးပဲ” ဟု ကိုထိန်လင်းက မဇ္ဈိမကို ပြောသည်။

ဘရီမင် သွေးစည်းခိုင်မာရေးဆုသည် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ကြိုးပမ်း ဆောင်ရွက် နေသူများ၊ နယ်ချဲ့ လွှမ်းမိုးမှုနှင့် အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်နေသူများကို ၂ နှစ် တကြိမ် ရွေးချယ်၍ ချီးမြှင့်လေ့ရှိသည်။ ဤဆုကို ၁၉၉၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့သေးသည်။

ဆုပေးပွဲ အခမ်းအနားတွင် မြစ်ကြီးနား ထောင်ထဲ၌ ကိုဇာဂနာ ရေးစပ် ထားသည့် မြစ်ကြီးနားထဲက မြစ်ကြီးနား ကဗျာကို ကိုထိန်လင်းက ရွတ်ဆိုခဲ့သည်။ ထိုကဗျာတွင် “နဖူးလည်း ပြားလို့သာ တော်တော့တယ်။ ခဏခဏ လက်က လာတင်တာကိုး။ မမြင်ရတဲ့ “လ” စိတ်မှန်းနဲ့ သာ ခိုင်းနေရတယ်။ အဲဒါ မြစ်ကြီးနား” ဆိုသည့် စာသားများ ပါရှိသည်။

“ဒီလူတော့ သနားစရာ။ လလေးတောင် မမြင်ရလို့ သူ့စိတ်နဲ့သူ လသာခိုင်းနေတယ် ဆိုတော့ တခြားလူကို အလွယ် တကူကို သူက မျှလိုက်တာ။ အဲဒီလို မျှတဲ့ နေရာမှာ တကယ်တမ်း ကျတော့ သူက ဘာရလို့မှ မဟုတ်ဘူး။ သူခံစားရတာကို တခြားလူ သိစေချင်လို့ ပြောပြလိုက်တဲ့ သဘောပဲ” ဟု ကိုထိန်လင်းက ပြောသည်။ ဆုပေးပွဲတွင် ထိုကဗျာ ရွတ်ဆိုခဲ့ခြင်းမှာ ကိုဇာဂနာသည် ထောင်ထဲ ရောက်နေလင့်ကစား အနုပညာကို စွဲမြဲစွာ လုပ်ကိုင်နေကြောင်း ပြသချင်သောကြောင့်ဟု ဆိုသည်။

ယခုဆုရခြင်းသည် ကိုဇာဂနာ၏ လူထုအပေါ် ရပ်တည်ချက်နှင့် လူမှုရေး အလုပ်များကြောင့် နိုင်ငံတကာ အသိအမှတ် ပြုခြင်းဖြစ်ပြီး၊ ထောင်ထဲတွင် ရှိနေသော်လည်း သူ့အနုပညာ ဟာသဥာဏ်ကို ပိတ်ဆို့၍ မရဟုလည်း ဆိုသည်။

လက်ရှိ အသက် ၅ဝ နှစ်အရွယ် ကိုဇာဂနာသည် ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ် မုန်တိုင်းသင့် ဒုက္ခသည်များ အတွက် ထောက်ပံ့ ကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် ထိုနှစ် ဇွန်လဆန်းပိုင်းတွင် စမ်းချောင်းမြို့ နေအိမ်၌ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန် စေ့ဆော်မှု၊ ဗီဒီယိုအက်ဥပဒေနှင့် အီလက်ထရွန်းနစ် အက်ဥပဒေ တို့ဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။ ၂ဝဝ၉ ဖေဖော်ဝါရီတွင် ပြစ်ဒဏ် ၂၄ နှစ် လျှော့ပေးသဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။

မိသားစုဝင်များကို ကိုဇာဂနာ (ခေါ်) ကိုသူရထံ ထောင်ဝင်စာ ပိတ်ထားသည်မှာ ၉ လ ရှိပြီဖြစ်သည်။

“အမက ထောင်ကို ဖုန်းဆက်တော့ ထောင်တာဝန်ခံ အရာရှိ ကိုကျော်မင်းထွန်း ဆိုတာကနေ ပြောတာ မငြိမ်း တဲ့ ကိုသူရကို ထောင်ဝင်စာ ပိတ်ထားတယ်တဲ့။ အဲဒီလို ပြောတယ်၊ ၆ လပိုင်းမှာ။ ပါဆယ်တော့ ပို့လို့ ရတယ်တဲ့။ အမတော့ ထောင်ကို မသွားပေမယ့် ထောင်တာဝန်ခံ အရာရှိတွေ ကိုယ်တိုင်က ပြောလိုက်တာပါ” ဟု ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။

“ကိုဇာဂနာက သွေးတိုးဆေး ၂ မျိုး သောက်ရတယ်၊ အသည်းဆေး ၂ မျိုး သောက်ရတယ်။ နှလုံးဆေး တမျိုး သောက်ရတယ်၊ အစာအိမ်ဆေး သောက်ရတယ်” ဟု သူက ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့