Thursday, February 17, 2011

သမ္မတသတင်း ဖော်ပြခွင့်မရ

ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊
ဖေဖေါ်ဝါရီလ ၁၆ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းအခြေစိုက် စီးပွားရေး၊ အနုပညာ၊ သုတ၊ ရသ ဂျာနယ်များတွင် ဦးသိန်းစိန် သမ္မတ အဖြစ် ရွေးချယ် ခံရသည့် သတင်း ဖော်ပြခွင့် မပြုဟု ပြည်တွင်း ဂျာနယ် အသိုင်းအဝိုင်း ထံမှ သိရသည်။

သတင်းအသားပေး ဖော်ပြသည့် ဂျာနယ်များတွင်သာ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက် စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက ဖော်ပြခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

“အဓိက က ဘယ်ဟာ မထည့်ခိုင်းလဲဆိုတော့ (ဦး) သိန်းစိန် သမ္မတ ဖြစ်ပြီ ဆိုတဲ့ သတင်းကို သတင်း ဂျာနယ်တွေက လွဲပြီး၊ စီးပွားရေး ဂျာနယ်တို့၊ သုတ၊ ရသတို့ လုံးဝ မထည့်ခိုင်းဘူး။ ကျနော်တို့ (ဦး) သိန်းစိန် သမ္မတ ဖြစ်ပြီ ဆိုပြီး ကျနော်တို့ဆီမှာ ထည့်လိုက်တယ်။ ကျနော်တို့က စီးပွားရေး ပေါ့နော်။ ထည့်တော့ လုံးဝ ထည့်ခွင့် မပေးဘူး” ဟု စီးပွားရေး သတင်းကိုသာ ဖော်ပြသည့် ဂျာနယ် အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဘာဖြစ်လို့ ဖြုတ်တာ လဲပေါ့… စိစစ်ရေးကို သွားတော့…။ ဒါက နိုင်ငံတော် သမ္မတ ဖြစ်တာကို ပြည်သူသိဖို့ လုပ်ပေးတာ ဆိုတော့၊ မဟုတ်ဘူးတဲ့…။ သတင်း ဂျာနယ်က လွဲပြီး ကျန်တာ ထည့်ခွင့် မပေးဘူးတဲ့ အဲဒီလို ပြောတယ်။ တခြား အနုပညာ ဂျာနယ်တို့ ဘာတို့လည်း ထည့်ခွင့် မပေးဘူးတဲ့။ (ဦး) မြတ်ခိုင်တို့ ဘာတို့လည်း ထည့်ခွင့် မပေးဘူးတဲ့။ သူတို့ပြောတာပဲ” ဟု ဆိုသည်။

ယခုလ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတ အဖြစ် ဦးသိန်းစိန်၊ ဒုသမ္မတများ အဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်များဖြစ်သည့် သီဟသူရ တင်အောင်မြင့်ဦးနှင့် ဦးစိုင်းမောက်ခမ်းကို မဲပေး ရွေးချယ်ခဲ့သည်။

“ဦးသိန်းစိန် သမ္မတဖြစ်တာကို သတင်းဂျာနယ်ကလွဲလို့ အနုပညာ၊ သုတ၊ ရသ ဆိုရင် ထည့်ခွင့် မပေးဘူး ဆိုတာ ဟုတ်တယ်။ အရမ်း စစ်ဆေးရတယ်။ လိုက်စစ်ရတာလည်း ရှုပ်တယ်။ နောက်ပြီး အမှား ပါသွားရင်လည်း ပြန်ကြားရေး ကပဲ ရှင်းနေရတယ်” ဟု ပြန်ကြားရေး ဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

စီးပွားရေး၊ အနုပညာနှင့် သုတ၊ ရသကဏ္ဍများအတွက် ထုတ်ဝေခွင့်ကဒ်ရ သတင်းဂျာနယ် များသည် စည်းမျဉ်းအရ နိုင်ငံရေး သတင်းများ ရေးသား ဖော်ပြခွင့် မရှိသော်လည်း စာပေ စိစစ်ရေးနှင့် နီးစပ်သည့် ဂျာနယ်များတွင်မူ မကြာခဏ ဖော်ပြခွင့်များ ပြုခဲ့သည်။

ယင်းသတင်း ထုတ်ခွင့်မရခြင်းမှာ ဂျာနယ်ထုတ်ဝေခွင့် ကဒ်အမျိုးအစားနှင့် ဆိုင်သည်ဟု ဂျာနယ် သတင်းထောက် တဦးက ပြောသည်။ “ဂျာနယ်ကဒ်နဲ့ ဆိုင်တယ်ဗျ။ သုတ၊ ရသ ဂျာနယ်တွေက သတင်းတွေ ထည့်လို့မရဘူး။ စီးပွားရေးက စီးပွားရေးနဲ့ ဆိုင်တဲ့ သတင်းပဲ ထည့်ရတာ” ဟု ဆိုသည်။

သို့သော် ၎င်းဂျာနယ် အမျိုးအစားများ၌ပင် မကြာခဏဆိုသလို နိုင်ငံရေးသတင်း ဖော်ပြခွင့်များ ရရှိလေ့ရှိသည်။

“မော်ဒန်တိုင်းမ်ဆိုရင် စာပေစိစစ်ရေးရုံးတင်ရင် အနုပညာတွေကို တင်ပြီးတော့ တချို့ သတင်းလေးတွေ နည်းနည်း၊ အဲဒီလိုမျိုး တင်ရတယ်။ ရောင်းပြီဆိုရင် အနုပညာကို အထဲထည့်၊ သတင်းကို ရှေ့တင် ရောင်းရတယ်။ နည်းနည်း ပါးပါးတော့ ညှပ်ထည့်လို့ ရတယ်။ သူတို့ လိုရင်တော့ ပေးတယ်။ မလိုရင်တော့ မပေးဘူး” ဟု စီးပွားရေး သတင်းကိုသာ ဖော်ပြသည့် ဂျာနယ် အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ၂ဝဝ၉ ခုနှစ်စာရင်းအရ ထုတ်ဝေခွင့်လိုင်စင်ရ ဂျာနယ်ပေါင်း ၁၃၅ စောင် ရှိသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF ၏ ၂ဝ၁ဝ ခုနှစ်အတွက် ထုတ်ပြန်ချက် အရမူ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့်သည် နိုင်ငံပေါင်း ၁၇၈ နိုင်ငံအနက် အဆင့် ၁၇၄ တွင်ရှိပြီး သတင်း လွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံတွင် ပါဝင်ကြောင်း သိရသည်။

အသက် ၆၅ နှစ်အရွယ် ဦးသိန်းစိန်မှာ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၈ ဦးမြောက် သမ္မတ ဖြစ်လာခဲ့သည်။ ယခင် သမ္မတများမှာ စဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်နှင့် ဒေါက်တာ မောင်မောင် ဖြစ်သည်။

ဦးသိန်းစိန်သည် ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကကကြည်း တွင် စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးမှ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး အထိ စစ်ဘက်ဆိုင်ရာ ရာထူး တိုးမြှင့် ခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် ဧပြီ လဆန်းပိုင်းတွင် စစ်တပ် ရာထူးမှ အနားယူခဲ့ပြီး၊ မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့နယ်မှ နေ၍ ပြည်သူ့ လွှတ်တော် အတွက် ကြံ့ဖွံ့ပါတီမှ ကိုယ်စားပြုကာ ဝင်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့