Friday, February 18, 2011

ဦးတင်အေးကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် တင်သွင်း

ကိုဝိုင်း | ကြာသပတေးနေ့၊
ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁ ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု လွှတ်တော် ကြာသပတေးနေ့ အစည်း အဝေးတွင် သမ္မတ ဦးသိန်းစိန်က ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တင်သွင်း လိုက်သည်။

မန္တလေးတိုင်း တံတားဦးမြို့နယ် ကြံ့ခိုင်ရေးပါတီ အမတ်အဖြစ်မှ နုတ်ထွက်ကြောင်း သတ္တမနေ့ ပြည်ထောင်စု လွှတ်တော်တွင် ကြေညာခဲ့ အပြီး နောက်ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် အမည် တင်သွင်း ခံရခြင်း ဖြစ်သည်။

“ဒီနေ့လည်း ၁ဝ မိနစ်ပဲ ကြာတယ်။ ထွက်သွားတယ် ဆိုတဲ့ ဦးတင်အေးကို ဒီနေ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ပြန်တင်တာပေါ့။ အဖွဲ့ ဝင်တွေတော့ မပါသေးဘူး။ ကန့်ကွက်သူ ရှိမရှိ မနက်ဖြန်ပေါ့” ဟု နေပြည်တော်ရောက် အမတ် တဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လွှတ်တော် ကိုယ်စားလှယ်နှင့် နိုင်ငံရေး ပါတီဝင် ဖြစ်ခွင့် မရှိသဖြင့် ဦးတင်အေးသည် ကြံ့ခိုင်ရေး ပါတီမှပင် နုတ်ထွက် ရမည် ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် “ဥပဒေနှင့်အညီ” လွှတ်တော်အမတ် အဖြစ်မှ နုတ်ထွက်သည် ဟုသာ တင်ပြခဲ့ပြီး၊ ပါတီ အဖြစ်မှ နုတ်ထွက်ကြောင်း ပြောဆို တင်ပြသွားခြင်း မရှိဟု အစည်း အဝေး တက်သူ အမတ်များက ပြောသည်။

“သူက နိုင်ငံတော်အဆင့် အရွေးခံတာ ဖြစ်တဲ့အတွက် ပါတီကပါ ထွက်တယ် ဆိုတာကို ပြည်ထောင်စု လွှတ်တော်ကနေ ကြေညာပေးမှ ရမှာလေ။ သူက မကြေညာဘဲနဲ့ ကောက်လုပ်တယ်။ ဒါဟာ သန်း ၆ဝ နဲ့ ပတ်သက်တဲ့ ကိစ္စ။ ကြားဖြတ် ရွေးကောက်ပွဲရှိ လာမယ်ဆိုရင် သမာ သမတ် လုပ်ပါမယ်လို့ ဘယ်သူက အမခံမလဲ” ဟု လွှတ်တော် အမတ်တဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ တွင်မူ ဦးတင်အေး အမတ် အဖြစ်မှ နုတ်ထွက်မှုနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြ ထားခြင်း မရှိပေ။

ကြံ့ခိုင်ရေးပါတီအမတ်တဦးကမူ “ဘယ်သူမှ နုတ်ထွက်တာ မရှိဘူး၊ ကြိုပြီးတော့လေ။ ကော်မရှင် ဥက္ကဋ္ဌ ဆိုတော့ ကြိုထွက် ရတယ်။ ကျန်တာတွေ ကတော့ ဥပမာ သမ္မတဆို သမ္မတ ဖြစ်ပြီးရင် ထွက်ပြီးသားလို့ မှတ်ယူရမယ်လို့ ပါတာကိုး” ဟု မဇ္ဈိမကို ပြောသည်။

ကြံ့ခိုင်ရေးပါတီ ဗဟို အလုပ် အမှုဆောင်ဝင် ဦးတင်အေးကို ပါတီ ဒုဥက္ကဋ္ဌ အဖြစ် လျာထားသည်ဟု စားသောက်ပွဲ တခုတွင် ဥက္ကဋ္ဌ ဦးသိန်းစိန်က “နှုတ်အားဖြင့်” ပြောခဲ့သေးသော်လည်း ယခုမှု ပါတီမှ နုတ်ထွက် ရတော့မည်ဟု ဆိုသည်။

“ပါတီကလည်း ထွက်ရမယ့် သဘောပေါ့။ အားလုံးပြီးကုန်မှပဲ ငြိမ်သွားမယ့် သဘော ရှိတယ်။ ပြီးတော့မှ ပါတီ ပြန်ဖွဲ့ကြမယ့် သဘောရှိတယ်” ဟု ကြံ့ခိုင်ရေး အမတ်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအတွင်း၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသက် ၅ဝ ပြည့်ပြီးသူ ဝါရင့်ဥပဒေ ပညာရှင်များ၊ ထင်ပေါ် ကျော်ကြားသည့် ဂုဏ် သတင်း ရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ၊ လစာ၊ စရိတ်၊ ကြေးငွေ ရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်း မပြုသူ ဖြစ်ရမည်ဟု ပြဋ္ဌာန်း ထားသည်။

ဦးတင်အေး၏ ကိုယ်ရေးအကျဉ်းတွင် လက်ရှိ အလုပ်အကိုင်ကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်၊ ပညာရေးတွင် ဝိဇ္ဇာဘွဲ့-စစ်တက္ကသိုလ် (ပြင်ဦးလွင်) ဟု ဖော်ပြထားသည်။

၂ဝ၁ဝ အောက်တိုဘာ ၁၁ ရက် နေပြည်တော်၌ ထိုင်းနိုင်ငံဝန်ကြီးချုပ် အဖိစစ် ဖိချာ ချီဝ Abhisit Vejjajiva က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံစဉ် ကလည်း နအဖ ကောင်စီဝင် အဖြစ် ဦးတင်အေး ပါဝင်ခဲ့သည်။

အဋ္ဌမနေ့ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ဒုတရားသူကြီး ချုပ်ဟောင်း ဦးထွန်းထွန်းဦးကို ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၏ အကြီးအမှူး ပြည်ထောင်စု တရား သူကြီးချုပ် အဖြစ် တက်ရောက်သူ ၆၅၅ ဦးက “ကန့်ကွက်သူ မရှိ” အတည်ပြုခဲ့ကြ သေးသည်။

တက်ရောက်နိုင်သူ ၆၅၈ ဦးမှ ပျက်ကွက်သူ ၃ ဦးမှာ ကြံ့ခိုင်ရေး ပါတီ အမတ် နှစ်ဦးနှင့် တစည ပါတီ အမတ်တဦး ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို နဝမနေ့ အဖြစ် မနက်ဖြန် မနက် ၁၁ နာရီတွင် ထပ်မံ ကျင်းပဦးမည် ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့