Tuesday, February 15, 2011

မြန်မာတိုင်းမ် CEO ဒေါက်တာတင်ထွန်းဦး ဖြစ်လာ

မျိုးသိဏ်း၊ ဖနိဒါ |
တနင်္လာနေ့၊ ဖေဖေါ်ဝါရီ လ ၁၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ လ.ဝ.က ဥပဒေဖြင့် ကြာသပတေးနေ့တွင် အဖမ်းခဲ့ရသည့် သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ Ross Dunkley ၏ Myanmar Consolidated Media Group Ltd (MCM) အယ်ဒီတာချုပ် ရာထူးကို ရှယ်ယာဝင်တဦးဖြစ်သူ ဒေါက်တာတင်ထွန်းဦးက တနင်္လာနေ့တွင် လွှဲပြောင်းယူလိုက်ကြောင်း မြန်မာတိုင်းမ် ဝန်ထမ်းတဦး အဆိုအရ သိရသည်။

မြန်မာတိုင်းမ်ဂျာနယ် ထုတ်ဝေသည့် MCM အယ်ဒီတာချုပ် (CEO) ရော့စ်ဒန်ကလေကို လဝက ပုဒ်မ ၁၃ (၁) ဖြင့် ယခုလ ၁ဝ ရက်နေ့တွင် ရဲက ဖမ်းဆီး၍ နောက်ရက်တွင် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ ညတွင် MCM ရှယ်ယာဝင်တဦးဖြစ်သည့် ဒေါက်တာတင်ထွန်းဦးကို CEO ရာထူး လွှဲပြောင်းပေးခဲ့ကြောင်း သိရခြင်း ဖြစ်သည်။

လ.ဝ.က ဥပဒေဖြင့် အဖမ်း ခဲ့ရသည့် သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ် ဒန်ကလေက ဒီနေ့အထိ အင်းစိန် ထောင်ထဲမှာပဲ ရှိနေပါသေးတယ်။ မြန်မာတိုင်းမ်ရဲ့ CEO ရာထူးကိုတော့ ဒေါက်တာ တင်ထွန်းဦးကို ဒီနေ့ပဲ လွှဲပေးလိုက်ပါပြီ။ မနေ့ညက ဘုတ်အဖွဲ့က ဆုံးဖြတ်ပြီး ဒီနေ့ တရားဝင် ထုတ်ပြန်လိုက်ပါပြီ" ဟု အဆိုပါ ဝန်ထမ်းက မဇ္ဈိမကို ပြောသည်။

ဝန်ထမ်း ၆ဝ ကျော်ရှိသည့် စွယ်စုံမီဒီယာ အမည်ရှိ မီဒီယာ ကုမ္ပဏီပိုင်ရှင် ဒေါက်တာ တင်ထွန်းဦးသည် သက်တမ်း ၂၉ နှစ်ရှိ သုတစွယ်စုံမဂ္ဂဇင်း၊ ပြည်မြန်မာ ဂျာနယ်၊ အာရောဂျံမဂ္ဂဇင်း၊ GoodHealth ဂျာနယ်တို့၏ ထုတ်ဝေသူလည်း ဖြစ်သည်။ သူ့ကို အစိုးရနှင့် နီးစပ်သူဟု သတ်မှတ်ကြပြီး၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း အဖြစ် ပုစွန်တောင်မြို့နယ်မှ ရွေးကောက်ပွဲ ဝင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

“မစ္စတာ ရောစ့်ဒန်တလေရဲ့ နေထိုင်ခွင့်ဗီဇာက လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်မှာ ကုန်မှာပါ။ အဲဒါကို သူက တိုးမယ်၊ မတိုးရင် သူအပြင် ထွက်ပြီး တခါပြန် လျှောက်ရမှာ လို့တောင် ပြောသေးတယ်။ အဲလို အနေအထားက အခု ဂျပန်ကနေ ပြန်အလာမှာ ဖြစ်သွားတာ” ဟု သြစတြေးလျ နိုင်ငံသားနှင့် နီးစပ်သူ ပြည်တွင်းဂျာနယ် အယ်ဒီတာချုပ်တဦးက မဇ္ဈိမကို ပြောသည်။

လဝက ပုဒ်မ ၁၃(၁) ဖြင့် ထိန်းသိမ်းခံရသည့် မစ္စတာ ရော့စ်ဒန်ကလေ၏ နေထိုင်ခွင့် ဗီဇာ သက်တမ်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ကုန်ဆုံးမည်ဖြစ်ပြီး ဗီဇာသက်တမ်း တိုးရန် စီစဉ်နေခိုက် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း အမှုတွင် လိုက်ပါ ဆောင်ရွက်ပေးနေသူ တဦးကလည်း အတည်ပြုသည်။

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ယခုလ ၁၁ ရက်နေ့တွင် အင်းစိန်ထောင်သို့ သွားရောက် တွေ့ဆုံခဲ့ရာ မစ္စတာ ရော့စ်ဒန်ကလေ၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး ရမန်ရက် ယူရန် စောင့်နေကြောင်း ကောင်စစ်ဝန် အန်ဒရူး မက်ဆေးက ပြောသည်။

“သူက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေနဲ့ စွဲဆို ခံထားရတာ။ နောက်ပြီးတော့လည်း သူက မြန်မာ့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဒုက္ခနဲ့ ရင်ဆိုင်နေရတဲ့ သြစတြေးလျ နိုင်ငံသားလည်း ဖြစ်နေတယ်လေ။ သြစတေးလျ ဥပဒေအရ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပြောပြဖို့ကတော့ ကျနော်တို့ကို ကန့်သတ်ထားပါတယ်” ဟု အန်ဒရူး မက်ဆေးက မဇ္စျိမကို ပြောသည်။

မစ္စတာဒန်ကလေကို ဖမ်းဆီးထားခြင်းအပေါ် စိုးရိမ်ပူပန်မိကြောင်း သူနှင့်အတူ ကမ္ဘောဒီးယား အခြေစိုက် ဖနွမ်းပင် ပို့စ်ကို ပူးတွဲ ပိုင်ဆိုင်သည့် မစ္စတာ ဒေးဗစ် အမ်းမ်စရောင်း David Armstrong က စနေနေ့တွင် ဖနွမ်းပင်ပို့စ်၌ ပြောဆို ခဲ့သေးသည်။

“မြန်မာတိုင်းမ်ရဲ့ အနာဂတ်ပိုင်ရှင်နဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍအရေးနဲ့ ပတ်သက်ပြီး မစ္စတာ ဒန်ကလေနဲ့ တခြား နိုင်ငံခြားသား ရှယ်ယာ ပိုင်ရှင်တွေဟာ ပြည်တွင်း ရှယ်ယာရှင် တယောက်နဲ့ အငြင်းပွားမှုတွေ ရှိနေတယ်” ဟု ဒေးဗစ် အမ်းမ်စရောင်းက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံရပ်ခြား သတင်းစာအဖွဲ့ OPCC က မစ္စတာ ဒန်ကလေကို လွှတ်ပေးရန် တနင်္လာနေ့တွင် တောင်းဆို လိုက်ပြီး၊ သူ့ကို ထောင်ချနိုင်သည့် အကြောင်း မရှိသည့်အပြင် ယခု စစ်ဆေးနေမှုနှင့် ပတ်သက်၍ ဥပဒေကို မျက်ကွယ် ပြုခြင်းဟု ပြောဆိုသည်။

ရော့စ်ဒန်ကလေအပေါ် စွဲဆိုထားသည့် ပုဒ်မ ၁၃ (၁) ပုဒ်မသည် ယခုနှစ်ပိုင်းများတွင် စစ်အစိုးရ က အတိုက်အခံများ အပေါ် အဓိက စွဲဆိုလာသော ပုဒ်မဖြစ်ပြီး၊ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်။ ယခုအမှုတွင် မစ္စတာ ရော့စ်ဒန်ကလေကို ပြည်နှင်ဒဏ် အဖြစ် ပြစ်ဒဏ် ချနိုင်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူ ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ယခုလ ၂၄ ရက်နေ့အထိ အင်းစိန်ထောင်တွင် မစ္စတာ ဒန်ကလေကို ချုပ်နှောင် ထားမည်ဟု ဖနွမ်းပင်ပို့စ်က ရေးသားပြီး၊ အမှုအတွက် အာမခံ မရဟု ရဲက ပြောဆိုကြောင်း အမှုတွင် လိုက်လံ ဆောင်ရွက်ပေးနေသူ တဦးက စနေနေ့တွင် မဇ္ဈိမကို ပြောဆိုခဲ့သည်။

MCM သည် မြန်မာတိုင်းမ်စ် ဂျာနယ်ကို ၂ဝဝဝ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည်။ စတင်ချိန်က အစိုးရ အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် နီးစပ်သူ ဦးဆန်နီဆွေ၊ မစ္စတာ ဒန်ကလေနှင့် နိုင်ငံခြားသား အနည်းငယ်၊ အစိုးရနှင့် နီးစပ်သူ အနည်းငယ်တို့ ပါဝင်ခဲ့သည်။ ဦးဆန်နီဆွေက ၄ဝ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ပြီး မစ္စတာ ဒန်ကလေမှာ ရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် စတင်ချိန် ကတည်းက အများဆုံး ဖြစ်သည်။

ဗိုလ်ချုပ်ကြီးခင်ညွန့် အဖမ်းခံရပြီးနောက် ဆက်စပ်သူ တဦးဖြစ်သည့် ဦးဆန်နီဆွေပါ ယာယီ ထိန်းသိမ်း ခံခဲ့ရပြီး သူ၏ ရှယ်ယာများကို ဇနီး ဒေါ်ယမင်းထင်အောင်က ၂ဝဝ၆ ခုနှစ် နှစ်လယ်ပိုင်း အထိ လွှဲပြောင်း ယူခဲ့သေးသည်။ ထို့နောက် ဒေါ်ယမင်းထင်အောင်က ဒေါက်တာ တင်ထွန်းဦးသို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းရှယ်ယာ လွှဲပြောင်းမှုတွင် စစ်အစိုးရက အတင်းအကျပ် ဖိအားပေးခဲ့ကြောင်း ပြောဆိုမှုများ ရှိခဲ့သကဲ့သို့ အစိုးရ ပြန်ကြားရေးဌာန ကိုယ်စား ဒေါက်တာ တင်ထွန်းဦးက အမည်ခံ ဝယ်ယူ ပေးထားသည် ဟုလည်း ပြောဆိုမှုများ ရှိခဲ့သည်။

MCM သည် စောင်ရေ ၅ဝဝ ကျော်ခဲ့ပြီဖြစ်သည့် မြန်မာတိုင်းမ်စ်ဂျာနယ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် အပတ်စဉ် ထုတ်ဝေနေပြီး ပြီးခဲ့သည့် နှစ်များက Crime အပတ်စဉ် မှုခင်းသတင်း ဂျာနယ်၊ Now အပတ်စဉ် ဖက်ရှင်မဂ္ဂဇင်း များကိုပါ တိုးချဲ့ ထုတ်ဝေခဲ့သည်။ ရုံးဝန်ထမ်းပေါင်း ၃ဝဝ ကျော်ရှိပြီး ပြည်တွင်းတွင် စောင်ရေအားဖြင့် အများဆုံး မဟုတ်သော်လည်း အင်္ဂလိပ် ဘာသာဖြင့်ပါ ထုတ်ဝေသဖြင့် ကြော်ငြာရှင်များ စိတ်ဝင်စားသည့် လုပ်ငန်းကြီး တခုဖြစ်သည်။

"ဒန်ကလေရဲ့ ရှယ်ယာတွေကို ရောင်းလိုက်လား၊ ဘာလားတော့ ကျနော်ပြောခွင့် မရှိပါဘူး။ ကျနော်တို့ ပြောနိုင်တာ ကတော့ မြန်မာတိုင်းမ်ရဲ့ CEO က အခု ဒေါက်တာ တင်ထွန်းဦး ဖြစ်သွားပါပြီ" ဟု မြန်မာတိုင်းမ် ဝန်ထမ်းက မဇ္ဈိမကို ပြောသည်။

“ပြည်တွင်းပုဂ္ဂလိက ဂျာနယ်တွေထဲမှာ သတင်းစာရိုက်နိုင်လောက်တဲ့ ကိုယ်ပိုင် ပုံနှိပ်စက်တွေ ရှိတာ MCM နဲ့ အလဲဗင်း မီဒီယာဂရုပဲ ရှိတယ်။ သတင်းစာ ထုတ်ဝေခွင့် ရမယ်လို့ ထင်ပြီး စက်တွေ သွင်းထားကြတာ ၂ဝဝ၇ လောက် ကတည်းက။ အစိုးရ အနေနဲ့ ဖြစ်စေ၊ ကြံ့ခိုင်ရေး ပါတီအနေနဲ့ ဖြစ်စေ သတင်းစာ ထုတ်ဖို့ အတွက် ရယ်ဒီမိတ် ဂျာနယ်တိုက် တတိုက် ရှာရင်တော့ မြန်မာတိုင်းမ်စ်က လောလောဆယ် အလားအလာ အကောင်းဆုံးပဲ” ဟု ပြည်တွင်း မီဒီယာလောကမှ ဝါရင့် အယ်ဒီတာတဦးက ဆိုသည်။

ယခုလ ၁၂ ရက်နေ့တွင် ကြေးမုံသတင်းစာ၌ နိုင်ငံတော်ပိုင် အဆောက် အအုံများ ရောင်းချရေး ကော်မတီမှ မြေ၊ အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း ၁၅၇ ခုကို ရောင်းချမည့် စာရင်း ဖော်ပြခဲ့ရာ MCM ငှားရမ်း ဖွင့်လှစ်သည့် ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်း အမှတ် (၃၇၉-၃၈၃) အဆောက် အအုံလည်း ပါဝင်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့