Thursday, February 16, 2012

ဘုရားသုံးဆူ လူလေးဦး ပြန်ပေးမှု

ကွန်းချမ်း
ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၂ ခုနှစ်

လူ ၄ ဦးကို ဖမ်းဆီးပြီး ထိုင်းဘတ်ငွေ သုံးသိန်းဖြင့် ရွေးယူရန် ပြန်ပေးဆွဲ ခေါ်ဆောင်သွား သည့် ဖြစ်ရပ်တခု အင်္ဂါနေ့ည ၇ နာရီကျော် တွင် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ ဖြစ်ပွားခဲ့သည်။

ပြောက်ကျားဝတ်စုံဖြင့် လက်နက်ကိုယ်စီ ကိုင်ထားသည့် ၇ ဦးပါ အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့က ရပ်ကွက် ၁ ဓမ္မဂီရိဘုရား တောင်ခြေတွင် နေထိုင်သည့် အသက် ၄၅ နှစ်ဝန်းကျင်ရှိ ဝတုတ် (ခ) ဦးသိန်းမြင့်နှင့် တူမ ဖြစ်သူ အသက် ၃၅ နှစ်ရှိ မိစုတို့အပြင် ဘုရားဖူး လူငယ် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“မနက်ကတည်းက ညှိနှိုင်းနေတယ်၊ ပြေလည်သွားပြီ၊ ဒါပေမယ့် အခုထိတော့ အိမ်မရောက်သေးဘူး” ဟု ဦးသိန်းမြင့် နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

ပြန်ပေးများက ဦးသိန်းမြင့်နှင့် တူမ ဖြစ်သူကို ဘတ်ငွေ နှစ်သိန်း၊ အခြားနှစ်ဦးကို တသိန်းဖြင့် ပြန်ရွေးရန် တောင်းထား ပြီး ညှိနှိုင်းရာမှ ဦးသိန်းမြင့်တို့ကို ဘတ်ငွေတသိန်းနှင့် အခြားနှစ်ဦးကို ခြောက်သောင်းဖြင့် ပြေလည်ခဲ့သည်ဟု သူက ပြောသည်။

အဖမ်းခံရသူ ဦးသိန်းမြင့်နှင့် တူမဖြစ်သူတို့မှာ သစ်ခွဲခြင်း၊ မီးသွေးဖုတ်ခြင်းဖြင့် အသက်မွေးသူများ ဖြစ်ပြီး၊ အခြား နှစ်ဦးမှာ ဖိနပ်ချုပ် စက်ရုံ အလုပ်သမားများ ဖြစ်ကြသည်။

၂ဝ၁၁ ခုနှစ်က ဘုရားသုံးဆူမြို့နယ်အတွင်း မွန်ပြည်ပြန်လည် ထူထောင်ရေးတပ် အမည်ဖြင့် ပြန်ပေးဆွဲအဖွဲ့ တဖွဲ့ ပေါ်ပေါက်ခဲ့ပြီး ရွှေဆိုင် အပါအဝင် စီးပွားရေး ချောင်လည်သူများနှင့် ရာဘာခြံရှင်များထံမှ ဆက်ကြေးကောက်ခြင်း နှင့် ပြန်ပေးဆွဲခြင်းတို့ကို ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ဖူးသည်။

ယခုပြန်ပေးဆွဲသည့်အဖွဲ့မှာ ယခင်အဖွဲ့ မဖြစ်နိုင်ကြောင်း ဘုရားသုံးဆူ မြို့နယ်အနီး ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီမှ စစ်ဘက် အရာရှိတဦးက ပြောသည်။

“အခုပြန်ပေးဆွဲတဲ့နေရာနဲ့ အရင်က ပြန်ပေးဆွဲတဲ့အဖွဲ့ လှုပ်ရှားတဲ့ဂွင်နဲ့က တော်တော် အလှမ်းဝေးတယ်။ အခုနေရာမှာ သူတို့ ပြန်ပေး ဆွဲမယ်ဆိုရင် ကျနော်တို့နယ်ကို ဖြတ်၊ ထိုင်းဘက်ကို ဝင်ပြီး ကားလမ်းကို ဖြတ်ပြီးမှ အခု ပြန်ပေးဆွဲတဲ့နေရာကို ရောက်မယ်၊ စစ်ရေး အမြင်နဲ့ ကြည့်ရင် အရင်ကအဖွဲ့ လုံးဝ မဖြစ်နိုင်ဘူး” ဟု သူက ပြောသည်။

ပြန်ပေးရန်ကို ကာကွယ်ရန်အတွက် ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ဒေသခံ ရာဘာခြံရှင် ၆ဝ ခန့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် အစည်းအဝေး ပြုလုပ်ပြီးနောက် ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

စက်တင်ဘာ လကုန်ပိုင်းတွင် ပြန်ပေး ဆွဲလေ့ရှိသော လက်နက်ကိုင်နှင့် ဆက်နွယ်သည်ဟု စွပ်စွဲချက်ဖြင့် လူ ခုနှစ်ဦးကို အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် ဖြစ်သည့် ဘုရားသုံးဆူသည် ကရင်အမျိုးသား အစည်းအရုံး၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် မွန်ပြည်သစ်ပါတီတို့ လှုပ်ရှားရာ ဒေသတခု ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့