Thursday, February 16, 2012

အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းဖို့ ပြင်ဆင်ပြီးဖြစ်ဟု ဒေါ်စုပြော

မျိုးသန့်
ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ဆောင်ရွက်ရန် ပြင်ဆင် ထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ အဓိက ပြဿနာမှာ ဆင်းရဲမွဲတေမှုဖြစ်ပြီး ဆင်းရဲခြင်းကို ဖြစ်စေသည့် အကြောင်းမှာ အလုပ်လက်မဲ့ များပြားခြင်းဟု ဗုဒ္ဓဟူးနေ့မနက်က မရမ်းကုန်းမြို့နယ် ပါတီစည်းရုံးရေး ဟောပြောပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။

“ကျမတို့နိုင်ငံရဲ့ အဓိက ပြဿနာကြီးကတော့ ဆင်းရဲမွဲတေမှုပါပဲ။ ဒီပြဿနာနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားသလဲလို့ မေးလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံကို ကူညီချင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေနဲ့ ဒီကိစ္စတွေကို ကျမတို့ ဆွေးနွေးပြီးပါပြီ။ ကျမတို့ ဘယ် လိုပုံစံနဲ့ အကောင်းဆုံး လုပ်မလဲဆိုတာကို စတင်ပြီးတော့ ကျမတို့ တတ်နိုင်သလောက် ဆောင်ရွက်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသွားသည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကော့မှူးမြို့နယ် ပါတီစည်းရုံးရေး ခရီးစဉ်တွင်လည်း “ကော့မှူးမြို့နယ်မှာ ဆိုရင် အရေးအကြီးဆုံး ကိစ္စက တော့ အလုပ်အကိုင် မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေ အတွက် လုံလုံလောက် လောက် ရှိအောင်လို့ လုပ်ပေးရမှာဟာ ပထမ ဦးဆုံး တာဝန်တခုဖြစ်တယ်ဆိုတာ ကျမတို့ နားလည်ပါတယ်” ဟု NLD ဥက္ကဋ္ဌက ပြောကြားသွားခဲ့သေးသည်။

ထိုသို့ NLD ပါတီက ဆင်းရဲမွဲတေမှု ပြဿနာကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းမည်ဟု ပြောဆိုနေစဉ် သမ္မတ ဦးသိန်းစိန်ကလည်း တနိုင်ငံလုံး ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်း ရှိနေရာမှ ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းသို့ လျော့ချနိုင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းတွင် ပြောကြားသွားသည်။

၂၀၁၁ ခု နှစ် မေလအတွင်း နေပြည်တော်တွင် ကျင်းပသည့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ အတွင်း သမ္မတ မိန့်ခွန်းတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် လယ်ယာနှင့် သားငါး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရန်၊ ကျေးလက် အိမ်တွင်း စက်မှု လုပ်ငန်းများမှ ဝင်ငွေရရန်၊ အသေးစား ငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးရန်၊ ကျေးလက် သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးရန် လုပ်ငန်းစဉ်များ ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။

“ဆင်းရဲတွင်းနက်မှုကို လျော့ပါးရေးအတွက် အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဟာ လက်နက်ကောင်း တခု ဖြစ်ပါတယ်” ဟု လည်း သမ္မတ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခဲ့သည်။

သမ္မတ က အလုပ်လက်မဲ့များ၏ အဓိကပြဿနာမှာ ငွေအရင်းအနှီးဖြစ်ကြောင်း “ဆင်းရဲ နွမ်းပါးသူ အများစုဟာ ကျေးလက်မှာ နေထိုင် သူများဖြစ်ကြပါတယ်။ ၎င်းတို့ဟာ အလုပ် မလုပ်ချင်လို့ မဟုတ်ဘဲ အများစုမှာ အလုပ် လုပ်ကိုင်လိုကြပါတယ်။ အလုပ်လုပ်နိုင်ရန် လုပ် ခင်းကိုင်ခင်းများလည်း ရှိကြပါတယ်။ ၎င်းတို့ရဲ့ အဓိက လိုအပ်ချက် ဟာ ငွေအရင်းအနှီးဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

မရမ်းကုန်းမြို့နယ် ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပညာရေးနှင့် ကျန်းမာရေးသည်လည်း အရေးကြီး သည့် အချက်များ ဖြစ်နေပြီး NLD ပါတီအနေဖြင့် အလေးထား ဆောင်ရွက်ရန် ရှိကြောင်းလည်း ထည့်သွင်း ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဟူးနေ့တွင်ပင် လှည်းကူးမြို့နယ်သို့ပါ ပါတီစည်းရုံးရေး ခရီးထွက်ခဲ့ပြီး လှည်းကူး မြို့နယ် အားကစား ကွင်းအတွင်း ပရိသတ် ငါးသောင်းခန့်ကို ဟောပြောမှုတွင် တရားဥပဒေ စိုးမိုးရေးကို အဓိကထား ပြောကြားခဲ့သည်။ ထို့ပြင် လှည်းကူး မြို့နယ်၏ NLD ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းကိုလည်း လူထုနှင့် မိတ်ဆက်ပေးခဲ့သေးသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့