Wednesday, February 15, 2012

မြန်မာ-KIO တွေ့ဆုံပွဲမစခင် တိုက်ပွဲပိုများလာ

10 Feb 2012

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် လာမည့်ရက်သတ္တပတ်တွင် ငြိမ်းချမ်းရေး အတွက် တွေ့ဆုံမည်ဟု မျှော်လင့်ရချိန် လွန်ခဲ့သည့် ၉၆ နာရီအတွင်း နှစ်ဖက်ကြား တိုက်ပွဲများ စိပ်လာသည်။



ရှမ်းပြည်မြောက်ပိုင်း နမ်တူမြို့နယ်တွင် မိုင်ပေါင်း ၅၀၀ အရှည်ရှိသော ရွှေရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းမည့် နေရာ နှစ်ခုတွင် ဖေဖော်ဝါရီလ ၉ ရက် ကြာသပတေးနေ့၌ အစိုးရ တပ်နှင့် KIO ကြား တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု ဒေသခံများက ကချင် သတင်းဌာနသို့ပြောသည်။

ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဒဟူးနေ့တွင်လည်း နမ္မတူမြို့နယ်အတွင်း KIO တပ်ရင်း ၈ နယ်မြေ ဘန်ဝါ ဒေသတွင် တိုက်ပွဲ ဖြစ်ပွား ခဲ့သေးသည်ဟု သိရသည်။

ထိုနေ့တွင် ကချင်ပြည်နယ်တောင်ပိုင်း မံစီ(မန်ဂျယ်) မြို့နယ်တွင် KIA တပ်ရင်း ၁၂ နှင့် တပ်မ ၉၉ မှ အစိုးရ တပ်များကြား ၃ နာရီ ခန့်ကြာ ပစ်ခတ်ကြသည်ဟု ဒေသခံ မျက်မြင်များပြောသည်။

တိုက်ပွဲမှာ မုန်းခေါင်အနီးတွင် ဖြစ်ပွား၍ အင်အား ၂၀၀ ခန့်ရှိသော မြန်မာအစိုးရ စစ်ကြောင်းတခုသည် KIA အခြေကုပ် စခန်းများကို သိမ်းပိုက်ရန် ကြိုးပမ်းစဉ် တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်သည်ဟု ရှေ့တန်းမှ KIA အရာရှိများ ပြောသည်။

ယခုရက်သတ္တပတ် အစောပိုင်းတွင် မန္တလေး-မူဆယ်လမ်း ပေါ်ရှိ ကွတ်ခိုင်မြို့နှင့် နမ်ဖတ်ကာမြို့ကြား KIA တပ်ရင်း ၉ အခြေစိုက် ဒတ်လက်တောင် အနီး တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မြန်မာအစိုးရစစ်သား အနည်းဆုံး ၅ ဦးကျဆုံး၍ ၇ ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု သက်သေများက ကချင် သတင်းဌာန သို့ပြောသည်။

KIA စစ်သားတဦး တိုက်ပွဲအတွင်း ဒဏ်ရာအနည်းငယ်ရရှိသည်ဟု ရှေ့တန်းမှ KIA အရာရှိ တဦး ပြောသည်။

ယခုကဲ့သို့ အစိုးရဘက်က KIA နယ်မြေများကို ငြိမ်းချမ်းရေးတွေ့ဆုံပွဲ မတိုင်ခင်တိုက်ခိုက်ခြင်းသည် လွန်ခဲ့သည့် လက မြန်မာ အစိုးရတပ်က အသုံးပြုခဲ့သည့် နည်းလမ်းကို ထပ်မံ အသုံးပြု နေခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၈ ရက် နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးနေချိန် အစိုးရတပ်က ရှမ်းပြည်မြောက်ပိုင်း အထူးသဖြင့် ကွတ်ခိုင် မြို့နယ်၊ နမ်တူမြို့နယ် နှင့် မူဆယ်မြို့နယ်ရှိ KIA စစ်ခန်းများကို အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့သည်။

KIO သည် မြန်မာအစိုးရကို တိုက်ခိုက်နေသော အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

လွန်ခဲ့သည့် လများတွင် KIO က ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်ဗအစိုးရထံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ အစိတ် အပိုင်း တခုအနေနဲ့ နိုင်ငံရေးဆွေးနွေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။

Ref: KIA News

0 comments:

အပေါ်သို့