Wednesday, February 15, 2012

ဝန်ကြီးတားမြစ်သော ဒေါ်စုဟောပြောပွဲ ကော်မရှင်မှ ပြန်လည်ခွင့်ပြု

မျိုးသန့်
ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစား ဝန်ကြီးမှ တားမြစ် သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေး လိုက်သည်။

အားကစားဝန်ကြီး ဦးတင့်ဆန်း ကိုယ်စား ရုံးအဖွဲ့မှူး လက်မှတ် ရေးထိုးထားသည့် ဖေဖေါ်ဝါရီ ၁၄ ရက်စွဲပါ တားမြစ်စာ တွင် “အားကစား ကိစ္စမှ လွဲ၍ အခြားကိစ္စများကို အသုံးပြုခွင့် မပြု” ဟု ပါရှိကြောင်း NLD လှည်းကူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုး မင်းသိန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ တားမြစ်မှုနှင့် ပတ်သက်၍ NLD က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြား အကူအညီ တောင်းခံရာ မှ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီး အားကစားဝန်ကြီး၏ တားမြစ်မှုကိုလည်း ပယ်ဖျက်ပေး လိုက်သည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

“အဲဒါကို ရုပ်သိမ်းလိုက်ပြီလို့ မြို့နယ်၊ တိုင်း ကော်မရှင် အဖွဲ့ခွဲတွေ၊ တိုင်း အားကစား ညွှန်ကြားရေးမှူးတွေကို အကြောင်းကြားပြီး ဒါ မလိုအပ်တော့ဘူးဆိုပြီးတော့ ကျနော်တို့ကို ဆက်လက် ဆောင်ရွက်ခွင့် ပြုပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဘောလုံးအားကစားကွင်းအတွင်း ဖေဖေါ်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်း၌ ဟောပြောပွဲ ပြုလုပ်ရန် ရွေးကောက်ပွဲ ကော်မရှင်၊ ခရိုင်ရွေး ကောက်ပွဲ ကော်မရှင်များ၊ မြို့နယ် အားကစားအဖွဲ့ချုပ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများသို့ NLD ၏ လှည်းကူး မြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီမှ တင်ပြထားခဲ့ပြီး ခွင့်ပြုချက် ရရှိပြီးနောက် အားကစား ဝန်ကြီး၏ ကန့်ကွက်မှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဖေဖေါ်ဝါရီ ၅ ရက်နေ့က မန္တလေးမြို့ ဗထူးကွင်း၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန် စီစဉ်ထားသော်လည်း အဆိုပါကွင်းအတွင်း “ အားကစားဖွံ့ဖြိုးရေး လုပ်ငန်းများသာ လုပ်ဆောင်ရန်” မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တားမြစ်ခဲ့သည်ဟု NLD မန္တလေးတိုင်း စည်းရုံး ရေးမှူး ဦးမျိုးနိုင်က ပြောသည်။

သို့သော် ပြီးခဲ့သည့် ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် အဆိုပါ ဗထူးကွင်းအတွင်း ဌာနဆိုင်ရာများမှ ဝန်ထမ်း ၅၀၀ ခန့် ပြည်ထောင်စုနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်းလည်း ဦးမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

လှည်းကူးမြို့နယ်မှ ပြည်သူလူထု အခြေအနေနှင့် ပတ်သက်၍ “ဆိုက္ကားတွေ၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေမှာဗျာ အလံလေးတွေ၊ ဒေါ်စုပုံတွေ၊ ခွပ်ဒေါင်းနဲ့ ကြယ်ပါတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တံဆိပ်တွေကို ဆိုင်ကယ်တွေမှာ ကပ်ပြီး သွားလာနေကြ တယ်။ တီရှပ်တွေ ဝတ်ထားကြတယ် ဦးထုပ်တွေ ဆောင်းထားကြတယ်” ဟု လူထု အခြေအနေကို ကိုယ်စားလှယ်လောင်း ဦးဖြိုး မင်းသိန်းက မဇ္ဈိမကို ပြောသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီစည်းရုံးရေး ခရီးစဉ်များ အဖြစ် ထားဝယ်၊ ပုသိမ်၊ ကော့မှူးမြို့နယ်များ သို့ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများအတွင်း သွားရောက်ခဲ့ပြီး ဖြစ်သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း ကြားဖြတ်ရွေးကောက်ပွဲအတွက် တရားမျှတရန် စီစဉ်ထားသည်ဟု ဥရောပသမဂ္ဂ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ကိုယ်စားလှယ် Andris Piebalgs အား တနင်္လာနေ့က နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု လည်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့