Thursday, February 16, 2012

တာချီလိတ်တွင် စိတ်ကြွဆေးပြား ၈ သန်းကျော်နှင့် လက်နက်များ ဖမ်းမိ

ကျော်ခ
ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၂ ခုနှစ်

ရှမ်းပြည်အရှေ့ပိုင်း ထိုင်းနိုင်ငံ နယ်စပ် တာချီလိတ်မြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော်နှင့် လက်နက်များကို တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့နယ် မူးယစ်အာဏာပိုင် အသိုင်းအဝိုင်းထံမှ သိရသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာစု ပါခါ ကျေးရွာရှိ မသင်္ကာဖွယ် အိမ်သုံးလုံးကို မြို့နယ်မူးယစ်တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဘက်လုံခြုံရေး-စရဖ အဖွဲ့များက ပူးပေါင်း စီးနင်းရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း ၇ သိန်းကျော် အပါအဝင် သေနက် ၄ လက်နှင့် ထိုဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအချို့ကို သိမ်းဆည်း ရမိခြင်း ဖြစ်ကြောင်း မူးယစ်အဖွဲ့နှင့် နီးစပ်သူ တဦး ထံမှ သိရသည်။

“သူတို့အဖွဲ့တွေထဲက တယောက်ကပဲ ဖုန်းနဲ့ လှမ်းအကြောင်းကြားတာကနေ ဝင်ရှာတာ။ ပိုင်ရှင် ၃ ဦးလုံးက အခါလူမျိုးတွေ။ ဝင်စီးတဲ့ အချိန်မှာ ပိုင်ရှင်တွေ အကုန်လုံးက ထွက်ပြေးကုန်ပြီ။ ပစ္စည်းပဲ မိတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ပူးပေါင်းတပ်ဖွဲ့က အခါလူမျိုးအများစုနေထိုင်သော အိမ်ခြေ ၅ဝ ခန့်ရှိ ပါခါရွာမှ မူးယစ်မသင်္ကာသူ ၃ ဦး၏ အိမ်များကို နံနက် ၇ နာရီ ခန့်က ဝင်ရောက်ရှာဖွေရာ ဦးအားကာ အိမ်မှ ၄,၄၆၈,၄ဝဝ၊ ဦးအားမူ အိမ်မှ ၂,၃၉၄,ဝဝဝ နှင့် ဦးအားထာ အိမ်မှ ၁,၈၅၆,ဝဝဝ တို့ ဖမ်းဆီးရမိခဲ့ပြီး ဦးအားကာ အိမ်မှ ဆေးပြားများအပြင် AK-47 တလက်၊ M-16 တလက်၊ ပွိုင့် ၃၈ ပစ္စတို တလတ်နှင့် M-22 တလက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ဦးအာကာ၏ အိမ်မှပင် စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖိန်း အထုပ် ကီလို ၆ဝ နှင့် အခြား စက်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိကြောင်းသိရသည်။ ဦးအားမူ၏ အမျိုးသမီးကို တာဝန်အရ ခေါ်ယူ စစ်ဆေးမှု များ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

ပါခါးကျေးရွာသည့် ထိုင်း-မြန်မာနယ်စပ်တွင် ရှိပြီး ထိုင်းဖက်ကမ်း မယ်ပါးလွမ် မြို့နှင့် ကပ်လျက်တွင် ရှိသည်။ ဖမ်းဆီးရမိသည့် အဆိုပါ စိတ်ကြွဆေးပြားကို ထိုင်းနိုင်ငံတွင်းသို့ တင်ပို့ဖွယ်ရှိနိုင်ကြောင်း မြန်မာ မူးယစ် အာဏာပိုင်များက ယူဆနေသည်။

စိတ်ကြွဆေးပြားများ ဖမ်းဆီးရမှုနှင့် ပါတ်သက်၍ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ကလည်း အတည်ပြု ပြောဆိုခဲ့ပြီး ထွက်ပြေး လွတ်မြောက် သွားသည့် အိမ်ရှင်သုံးဦးအား ဖမ်းဆီးနိုင်ရန်အတွက် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောဆိုသည်။

“သူတို့ကို တရားဥပဒေအရ ဆောင်ရွက်နိုင်အောင် ဟိုဘက် (ထိုင်း) အခြမ်းက အာဏာပိုင်အဖွဲ့တွေနဲ့လည်း ကျနော် တို့ ချိတ်ဆက် ဆောင်ရွက်သွားမှာပါ။ အခုတော့ သူတို့နဲ့ ပတ်သက်သူတွေကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု တာချီလိတ်မြို့နယ် ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။

တာချီလိတ်မြို့နယ်သည် နှစ်စဉ်တိုင်းကဲ့သို့ ဘိန်းနှင့် အခြား မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလေ့ရှိပြီး အများစုမှာ ရှမ်းပြည်နယ် အတွင်းကပင် လာကြောင်း မူးယစ်အဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ကမ္ဘာတဝှန်း ဘိန်းစိုက်ပျိုးမှုမှာ ၂ဝဝ၉ ခုနှစ်ထက်စာလျှင် ၂ဝ၁ဝ ခုနှစ်ထဲတွင် ၅ ရာခိုင်နှုန်း တိုးပွားလာခြင်းမှာ မြန်မာနိုင်ငံကြောင့် ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC ၏ ၂ဝ၁၁ ခုနှစ်ထုတ် အစီရင်ခံစာက ဆိုသည်။ ထို့အပြင် UNODC က မြန်မာနိုင်ငံသည် အရှေ့အာရှဒေသ၌ မက်သာဖက်တမင်းခေါ် စိတ်ကြွဆေးပြား အဓိက ဖြန့်ဖြူးရာ နိုင်ငံ အဖြစ်လည်း သတိပေးထား သည်။

မြန်မာနိုင်ငံ၌ ၂ဝဝ၉ ခုတွင် ဘိန်းစိုက်ပျိုးမှု ၃၁,၇ဝဝ ဟက်တာ (၇၈၂၉၉ ဧက) ရှိပြီး၊ ၂ဝ၁ဝ ခု၌ ၂ဝ ရာခိုင်နှုန်း တိုးလာကာ ၃၈,၁ဝဝ ဟက်တာ (၉၄၁ဝ၈ ဧက) အထိ ဖြစ်လာခဲ့သည်။ ထိုအထဲတွင် ရှမ်းပြည်နယ် အရှေ့၊ မြောက် နှင့် တောင်ပိုင်းတို့တွင် အများဆုံး စိုက် ပျိုးပြီး ၂ဝဝ၉ တွင် ဟက်တာ ၃ဝဝဝဝ ရှိရာမှ ၂ဝ၁ဝ တွင် ၃၅ဝဝဝ အထိ ၁၇ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာက ဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့