Wednesday, February 20, 2013

ကချင်ပြည်နယ် အစိုးရအဖွဲ့က မြစ်ကြီးနားမှာ အိုးအိမ်တွေ အတင်းပြောင်းရွှေ့ခိုင်း

2013-02-19

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် နယ်မြေ ၉ မှာ နေထိုင် တဲ့ အိမ်ထောင်စု ၂၃ ခုနဲ့ သူတို့ ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို မြို့ပတ်လမ်းဖောက်ဖို့ဆိုပြီး ပြည်နယ် အစိုးရအဖွဲ့က အခုရက်ပိုင်းအတွင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြောင်းရွှေ့ခိုင်းနေတယ်လို့ သိရပါတယ်။

အဲဒီလို ရုတ်တရက် ပြောင်းရွှေ့ခိုင်းနေရာမှာ နစ်နာကြေး တစ်စုံတစ်ရာ ပေးတာမရှိဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဘယ်နေ့နောက်ဆုံးထား ပြောင်းရွှေ့ရမယ်လို့ မပြောသေးပေမယ့် အမြန်ဆုံးပြောင်းရွှေ့ပေးဖို့တော့ မှာကြားထားတယ်လို့ သိရပါတယ်။ အခုလို ရုတ်တရက် ပြောင်းရွှေ့ခိုင်းတဲ့အတွက် သူတို့မှာ အခက်ကြုံနေရကြောင်း ပြောင်းရွှေ့ရမယ့် ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ညီချီးဒူက RFA ကို ပြောဆိုပါတယ်။

မန်ခိုင်ရပ်ကွက်နဲ့ အနီးအနား အနီးတဝိုက်မှာ လီဆူးတိုင်းရင်းသားတွေ အခြေချနေထိုင်ကြတာဖြစ်ပြီး အများစုဟာ လယ်ယာခြံမြေနဲ့ တောင်ယာတွေကိုသာ အဓိကလုပ်ကိုင် စားသောက်နေကြသူတွေ ဖြစ်ပါတယ်။ ဒီလိုလမ်းဖောက်လုပ်မယ့်အကြောင်း ဒေသခံတွေကို ကြိုတင်အသိမပေးဘဲ အခုရက်ပိုင်းအတွင်း လမ်းဧရိယာသတ်မှတ်ဖို့ အလံတိုင် တွေလာစိုက်မှ သိရှိရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဆောက်ရွက်ပေးမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးကို RFA သတင်း ထောက်က တွေ့ဆုံဖို့ ကြိုးစားပေမယ့် အစည်းအဝေးကြောင့် တွေ့ဆုံခွင့်မရရှိခဲ့ပါဘူး။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့အတွက် မဖြစ်မနေ ပြောင်းရွှေ့ပေးရမယ်ဆိုရင် ဒေသခံတွေရဲ့ နစ်နာမှုတွေကိုတော့ လုပ်ဆောင်ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့