Friday, February 22, 2013

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ပြည်ပ ဧည့်သည်တော်များ တွေ့ဆုံ

2013-02-21

ဗြိတိန်နိုင်ငံ အစိုးရအဖွဲ့ဝန်ကြီး မစ္စတာ ဖရန်စစ်မော့ဒ် (Mr.Francis Maude) နဲ့အဖွဲ့က ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုကိုကြီး၊ ကိုစိုးထွန်းတို့နဲ့ ဒီနေ့ မနက်က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရဲ့ ဗြိတိန် သံအမတ်ကြီးနေအိမ်မှာတွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး၊ စီးပွါးရေးအခြေအနေ တချို့ကို ဆွေးနွေး ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုအံ့ဘွယ်ကျော်က RFA ကို ခုလိုပြောပါတယ်။

"ဒီနေ့ တွေ့တာကတော့ အဓိကကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုဟာတွေက ကောင်းတယ်၊ ဥပမာ တယ်လီဖုန်းလုပ်ငန်းက အခြေအနေဘယ်လိုရှိတယ် ဆိုတာကို ဆွေးနွေးဖြစ်ပါတယ်"

မနေ့က နေ့လည်တုန်းကတော့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုကိုကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသား ဟောင်း များအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ ချုပ်တို့က ကိုယ်စားလှယ်တွေနဲ့အတူ ရန်ကုန်မြို့မှာ ရောက်နေတဲ့ အမေရိကန် ပြည်ထောင်စု၊ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael H. Posner ကို တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံရေး အကျဉ်းသားဆိုင်ရာကိစ္စများ၊ လက်ကျန်နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စတဲ့ကိစ္စတွေ ဆွေးနွေး ခဲ့တယ်လို့  သိရပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့