Friday, February 22, 2013

ဦးပိုင် သိမ်းထားသည့်မြေ ပြန်ပေးရန် ဥက္ကံတောင်သူများ ဆန္ဒပြမည်

ထက်နိုင်ဇော်
February 21, 2013

တောင်သူများ၏ ကြံစိုက်ဧက ၃၀၀ ခန့်ကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်ပိုင် ဥက္ကံသကြားစက်က သိမ်းယူ ထားခြင်းကြောင့် တောင်သူများအား ပြန်လည် လွှဲပြောင်းပေးရန် တရားဝင် ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ကြံစိုက် တောင်သူများ အနေဖြင့် ကြံစိုက်ဧကများ ပြန်လည်ရရှိရန် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တရားဝင် ဆန္ဒ ထုတ်ဖော် ကြမည် ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော် လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရခြင်း ကော်မရှင်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့် တိုက်ကြီးမြို့နယ် တိုင်းရင်းသား စည်လုံးညီညွတ်ရေး ပါတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။


“သွားတောင်းရင် ပြန်ပေးမယ်ပြောတယ်၊ ပြီးရင် မပေးဘူး။ ၂၀၀၆ ခုနှစ်ကတည်းက အသိမ်းခံရတာ၊ အခု တောင်သူတွေက ကျနော့်ကို အကူအညီတောင်းလာလို့ တရားဝင် ဆန္ဒပြဖို့ စီစဉ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။

တောင်သူ ၆၀ ခန့်၏ ကြံစိုက်မြေဧကများ အသိမ်းခံထားရခြင်းဖြစ်ကြောင်း၊ ၎င်းမြေများသည် ဥက္ကံသကြားစက် မတည်ခင် ဘိုးဘွားများ လက်ထက်ကတည်းက စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် မြေများဖြစ်ကြောင်း မြေအသိမ်းခံခဲ့ရသူ တဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ်မှ ကြံစိုက်တောင်သူ ဦးလှမြင့်က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲအတွက် ဥက္ကံမြို့နယ် ပန်းပင်ကုန်းကျေးရွာအုပ်စု ပေါက်ပင်တန်းရွာ ကုက္ကိုပင်ကြီးအောက်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီ၌ တောင်သူ ၁၀၀ ခန့် စတင်စုဝေးကြမည် ဖြစ်ပြီး နံနက် ၇ နာရီတွင် ၃ မိုင်ကျော်ခန့်ဝေးသော ဥက္ကံ သကြားစက်ရုံသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် လမ်းလျှောက်ကြမည် ဖြစ်ကြောင်း သိရသည်။

တောင်သူများသည် “ကြံစိုက်တောင်သူတွေရဲ့ ထမင်းလုပ်ကို မလုပါနဲ့၊ ဦးပိုင် သကြားစက်က သိမ်းထားတဲ့ ကြံစိုက်မြေတွေ ပြန်ပေး၊ ဦးပိုင်သကြားစက်နဲ့ ကြံစိုက်တောင်သူဆိုတာ စီးပွားဖက်ပါ၊ စီးဖွားဖက်ကို စီးပွားပျက်အောင် မလုပ်ပါနဲ့၊ ကြံစိုက် တောင်သူများ အရမ်းနစ်နာနေပြီ” စသည်ဖြင့် ကြွေးကြော်ကြမည် ဖြစ်သည်။

၂၀၀၂ ခုနှစ်က ဥက္ကံသကြားစက် ပေါ်ပေါက်လာပြီးနောက် သကြားစက် ပတ်ဝန်းကျင်ရှိ ပဲ၊ နှမ်းစိုက်ပျိုးသော တောင်သူများကို ကြံစိုက်ပျိုးကြရန် သကြားစက်ရုံ တာဝန်ရှိသူများက ညွှန်ကြားခဲ့ပြီး ကြံ မစိုက်ပျိုးသူများ၏ သီးနှံမြေများကို ၀င်ရောက်ဖျက်ဆီး ကာ သိမ်းယူသွားခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်သိန်းက ရှင်းပြသည်။

ဦးပိုင်လီမိတက်၏ ဝန်ထမ်းတဦး ဖြစ်သူ ဥက္ကံသကြားစက် ဒုစက်ရုံမှူး ဦးကိုကိုမောင်ကမူ ဥက္ကံသကြားစက် အနေဖြင့် တောင်သူ များ၏ မြေကို သိမ်းယူထားခြင်းမရှိဘဲ ဥက္ကံ မြေစာရင်း ဋ္ဌာန၏ ခွင့်ပြုချက်ဖြင့် ဖုန်းဆိုး ပလပ်မြေဧက ၂၀၀ ကျော်တွင်သာ ကြံစိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ မြေစာရင်းဋ္ဌာနက တောင်သူများ၏ မြေဖြစ်ကြောင်း အတည်ပြုလျှင် ပြန်လည်လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့က ဆွေးနွေးပြီးရင် ပြန်ပေးမှာပါ။ စိုက်ပျိုးပြီးသားမြေ ဖြစ်နေရင်တော့ ကာလတန်ဖိုးကို လယ်သမားဆီက ပြန်တောင်းမယ်၊ မြေလွတ်နေရင် ဒီအတိုင်းပဲ ပြန်ပေးလိုက်မယ်။ ကျနော်တို့ လိုချင်တာ မြေမဟုတ်ပါဘူး၊ ကြံပါ” ဟု ၎င်းက ဆိုသည်။

တောင်သူများ အနေဖြင့် ကြံစိုက်ပျိုးရန် စိတ်ဝင်စားမှု မရှိခြင်းမှာ သကြားစက်ရုံမှ ပေးချေသော ကြံဈေးနှုန်းနည်းသဖြင့် တောင်သူများအတွက် တွက်ချေမကိုက်ခြင်း၊ စိုက်ပျိုးထားသော ကြံများကို တောဆင်ရိုင်းများက အုပ်စုလိုက် ၀င်ရောက် ဖျက်ဆီးခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရသည်။

ဥက္ကံ သကြားစက်မှ ၀င်ရောက် စိုက်ပျိုးလုပ်ကိုင်နေသော ကြံမြေဧကများ၏ မူလအမည်ပေါက် ပိုင်ရှင်မှာ တောင်သူများပင် ဖြစ်ကြောင်း ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်စိုးက ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေ များအနက် အသုံးပြုခြင်းမရှိသေးသည့် မြေများကို တောင်သူလယ်သမားများသို့ ပြန်လည်ပေးသွားမည်ဟု ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌသို့ ပြောကြားခဲ့ကြောင်း သိရသည်။

ဦးဇော်စိုးက “ဦးပိုင်ကို ကျနော် သွားဆွေးနွေးကြည့်တော့ ပြန်ပေးမယ်လို့ ပြောပါတယ်။ အခုလောလောဆယ် အမည်ပေါက်နေတာက တောင်သူတွေရဲ့ နာမည်နဲ့ပါ။ တောင်သူတွေ ကလည်း အခုကြံဈေးနဲ့ ကိုက်လာတော့ ပြန်စိုက်ချင်ကြတယ်။ကျနော်လည်း ဒီကိစ္စတွေကို သူတို့ ဆန္ဒထုတ်ဖော်ပွဲ လုပ်မယ်ဆိုမှ သိရတာ။ အခု သူတို့ တင်ပြထားတဲ့ ဧကတွေ မှန်မမှန် သိရအောင် မြေတိုင်းအဖွဲ့တွေ လွှတ်ထားတယ်” ဟု ဆိုသည်။

လယ်ယာမြေ ဥပဒေသစ်အရ အမှန်တကယ်စိုက်ပျိုးသူ လယ်သမားကိုသာ လယ် ပိုင်ဆိုင်ခွင့် ပေးရမည်ဖြစ်ကြောင်း၊ ဦးပိုင်သာမက မည်သူပင်ဖြစ်စေ လယ်သမား၏ လယ်ယာမြေကို ကျူးကျော်ပါက တရားဥပဒေနှင့် ရင်ဆိုင် ရမည်ဖြစ်ကြောင်း ဦးဇော်စိုးက ပြောသည်။

စီးပွားရေး ဦးပိုင် ကုမ္ပဏီ လီမိတက်ကို ၁၉၉၀ ပြည့်နှစ်တွင် ယခင် စစ်အစိုးရ၏ စစ်တပ် အကြီးအကဲများ ဦးဆောင်၍ ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ တပ်မတော် သားများနှင့် မိသားစုဝင်များ၊ တပ်မတော် အငြိမ်းစားများ စားဝတ်နေရေး ပြေလည်စေရန်ဟု သိရသည်။ ဦးပိုင်၏ လက်ရှိ ဥက္ကဋ္ဌ မှာ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးလည်း ဦးပိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သေးသည်။

ဦးပိုင် လီမိတက်သည် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ကျောက်မျက်၊ သတ္တု တူးဖော်ရေး လုပ်ငန်းများ၊ ရေနံတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းအများ အပြားကို ကုမ္ပဏီပေါင်း ၅၀ ၀န်းကျင်ဖြင့် လုပ်ဆောင်နေကြောင်း သိရပြီး ဘီယာချက်စက်ရုံ၊ စီးကရက်စက်ရုံ၊ သောက်ရေသန့် ထုတ်လုပ်ရေး လုပ်ငန်းများ၊ သကြားစက်၊ ပလတ်စတစ် ထုတ်လုပ်သည့် စက်ရုံလုပ်ငန်းများလည်း လုပ်ကိုင်ထားသည်။ ထို့အပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နိုင်ငံမှ ၀မ်ပေါင်ကုမ္ပဏီနှင့် ဦးပိုင်လီမိတက်တို့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်လျှက် ရှိသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့