Friday, February 22, 2013

တပ်မတော် အရာရှိကြီးတွေအတွက် ILO က သင်တန်းဖွင့်မည်

2013-02-21

မြန်မာနိုင်ငံအတွင်းမှာ အတင်းအဓမ္မ လယ်ယာမြေ သိမ်းဆည်းတာတွေနဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ပပျောက်စေဖို့အတွက် တပ်မတော် အရာရှိကြီးတွေကို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က လာမယ့် မတ်လဆန်း မှာ ပထမဆုံးအကြိမ် သင်တန်းပေးဖို့ရှိတယ်လို့ စုံစမ်း သိရပါတယ်။

ဒီသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့က စစ်ဦးစီးတက္ကသိုလ်မှာ ပို့ချပေးမှာဖြစ်ပြီး ဒီသင်တန်းနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ILOရဲ့ စီမံချက်အရာရှိ ဦးချစ်တင်က RFA ကိုအခုလိုပြောပါတယ်။

"ဒီသင်တန်းက အင်မတန် အရေးကြီးတယ်၊ ဗိုလ်မှုးကြီးတွေ၊ ဒုတိယ ဗိုလ်မှုးကြီးတွေကို ပို့ချရတာဖြစ်ပါတယ်။ အဓိကတော့ စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေမှာ ပေါ်တာအဖြစ်နဲ့ ခိုင်းစေမှု မရှိအောင်ရယ်၊ တပ်မတော်က တစ်ပိုင်တစ်နိုင် မြေယာသိမ်းပိုက်ပြီးရင် နောက်ဆုံးဖြစ်လာတော့ အဓမ္မလုပ်အားပေးခိုင်းစေမှု ဖြစ်လာတော့၊ အဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ပဲ ဆိုင်ပါတယ်"

ဒီသင်တန်းဖွင့်လှစ်ဖို့ကို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) အနေနဲ့ အလုပ်သမား ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့နဲ့ ညှိနှိုင်း ဆောင်ရွက်ခဲ့ရတဲ့ အပြင်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ဒုတိယ ဌာနေကိုယ်စားလှယ်က တပ်မတော်အရာရှိကြီးတွေကို နှစ်ရက်ကြာ ဆွေးနွေးပို့ချမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယနေ့အချိန်ထိ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ အစိုးရစစ်တပ်အတွင်းက ကလေး စစ်သား ၆၄ ဦးကို မိသားစုထံ ပြန်ပို့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့