Thursday, February 21, 2013

ဆရာကြီး ဒေါက်တာအေးကျော် အရိုးပြာ အုတ်ဂူ တည်ဆောက်ပြီးစီး

21 February 2013

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့ တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ၌ ကွယ်လွန် အနစ္စရောက်သွားခဲ့သည့် ရခိုင်အမျိုးသား သမိုင်းပညာရှင် ဒေါက်တာအေးကျော်၏ ကြွင်းကျန်ရစ်သည့် အရိုးပြာကို သူ့ ၏ ဇာတိချက်မြှပ်ရွာဖြစ်သော တောင်ကုတ်မြို့ နယ် တန်းလွဲချောင်း ရွာမကျေးရွာ တစ်ဖက်ကမ်း ရွာသာယာရွာအနီးရှိ သိမ်တောင်ပြင် တောင်ပေါ် တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့ က အုတ်ဂူတည်ဆောက် ထည့်သွင်းပြီးစီးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အရိုးပြာကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ရှိ ဆရာကြီး ဒေါက်တာအေးကျော်၏ သမီးလတ် ဒေါ်ဥမ္မာကျော်၏ နေအိမ်တွင် တစ်နှစ်ခန့် ကြာ သိမ်းဆည်းထားခဲ့ပြီးနောက် သားကြီး ဦးအောင်မြတ်ကျော်ကိုယ်တိုင် ရခိုင်ပြည် တောင်ကုတ်မြို့ နယ် တန်းလွဲချောင်း ရွာမကျေးရွာသို့  ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ဆုံး ပတ်ထဲတွင်သယ်ယူပို့ ဆောင် အုတ်ဂူထည့်သွင်းခဲ့ခြင်းဖြစ်သည်။


ရန်ကုန်မြို့ တွင် လက်ရှိ နေထိုင်လျက်ရှိသော ဆရာကြီး ဒေါက်တာအေးကျော်၏ အစ်မရင်းဖြစ်သူ ဒေါ်အေးသန့် ၏ မိသားစုများနဲ့ ရန်ကုန်မှနေ တန်းလွဲချောင်း ရွာမသို့ ခရီးနှင်ကာ ရှစ်ပေါင်ခန့် ရှိသည့် အရိုးပြာကို အုတ်ဂူထည့်သွင်းခဲ့ပြီး တန်းလွဲချောင်းဒေသမှ ဆရာတော် သံဃာတော်များကိုပင့်ဖိတ်ကာ ဆွမ်းကျွေး တရားနာ ရေစက်ချ အမျှပေးဝေခဲ့ကြောင်း ဦးအောင်မြတ်ကျော်က အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

"ကျနော့် အဖေရဲ့ အစ်မအရင်း ဒေါ်အေးသန့် ရဲ့ မိသားစုတွေနဲ့ အတူ ရန်ကုန်ကနေ တိုယိုတာကားလေးတစ်စီးငှာပြီးတော့ ဇန်န၀ါရီလ ၂၄ ရက်နေ့ နံနက် အစောပိုင်း စထွက် သွား ခဲ့ပြီးတော့ တောင်ကုတ်ကို အဲဒီနေ့ ည ကိုးနာရီလောက်မှာ ဆိုက်ရောက်ပါတယ်။ တောင်ကုတ်ကနေ တန်းလွဲချောင်း ရွာမကို တစ်နာရီကျော်လောက် ဆက်မောင်းသွားရပြီးတော့ ရွာမ ရွာအ၀င်ဝမှာ အဖေ့ဘက်က ဆွေးမျိုးတွေက ကျနော်တို့ ကို စောင့်ကြိုနေခဲ့ကြပြီး အဖေ့ရဲ့ အရိုးပြာကို ရွာမကျေးရွာ တစ်ဖက်ကမ်းရှိ သိမ်တောင်ပြင်တောင်ပေါ်ကို သယ်ယူပို့ ဆောင်ကြ ပါတယ်။ ဇန်န၀ါရီလ ၂၅ ရက် နံနက်ပိုင်းမှာတော့ အဖေ့ရဲ့ အရိုးပြာ အုတ်ဂူ ခေါင်းရင်းက အဖိုး

ဦးမောင်လူနှင့်အဖွား ဒေါ်လှဝင်းဦးတို့ အုတ်ဂူကိုပါ ဆေးသုတ်မွမ်းမံပြီးတော့ အဖေ့ရဲ့ အရိုးပြာကို အုတ်ဂူထည့်သွင်းခဲ့ကြပါတယ်။ အဖိုးအဖွားနဲ့ အဖေ့အတွက် တန်းလွဲချောင်းဒေသ အနီးအနားက ဆရာတော် သံဃာတော်တွေကိုပါ ပင့်ဖိတ်ကာ ဆွမ်းကျွေး တရားနာ ရေစက်ချ အမျှပေးဝေခဲ့ကြပါတယ်" ဟု ကုန်ခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်ထဲတွင် ရခိုင် ပြည်နယ်မှ အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် ဦးအောင်မြတ်ကျော်က

အာရ်ကန်တိုင်းမ်စ်သို့ ပြောဆိုသည်။

ဆရာကြီး ဒေါက်တာအေးကျော်ကို ရည်စူး၍ တန်းလွဲချောင်းဒေသမှ ကျောင်းကန်ဘုရားများ နှင့် တောင်ကုတ် ရိုးတောင်ကြားလမ်းဖောက်လုပ်မှုတွင် အလှူငွေများထည့်ဝင်လှူဒါန်း ခဲ့ကြောင်းလည်း ဦးအောင်မြတ်ကျော်က ဆက်လက်ပြောကြားသည်။

"အဖေ့ရဲ့ ဇာတိရွာဖြစ်တဲ့ ရွာမ-ရွာသစ် တဖက်ကမ်းက လက်ပံကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းထဲမှာ ဆောက်လုပ်နေတဲ့ သိမ်တော်အတွက် အဖိုးအဖွား နှင့်အဖေ့ကိုရည်စူးကာ အလှူငွေတွေ ထည့်ဝင်ခဲ့ပါတယ်။ တောင်ကုတ်-ရိုးတောင်ကြားလမ်းဖောက်လုပ်နေရာမှာလည်း အလှူငွေတွေထည့်ဝင်ခဲ့ပါသေးတယ်" ဟု ဦးအောင်မြတ်ကျော်က ပြောဆိုသည်။

ဆရာကြီး ဒေါက်တာအေးကျော်အတွက် ယခုလို အုတ်ဂူတည်ပေးခဲ့ခြင်းမှာ အလွန်ကောင်းမြတ်ပြီး ဆရာကြီး မကြာခဏမှာကြားထားခဲ့သည့် ဆန္ဒလည်း ပြည့်ဝသွားခဲ့ကြောင်း ဆရာကြီးနဲ့ ရပ်ရွာဆွေမျိုးတော်စပ်သည့် ကိုချစ်ဆွေက အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

"ဆရာကြီး မကွယ်လွန်ခင် ကတည်းကပင် သူ့ ရဲ့ အရိုးပြာကို သိမ်တောင်ပြင်တောင်ပေါ်မှာရှိတဲ့ သူ့ အဖေ အမေရဲ့ အုတ်ဂူခြေရင်းမှာ အရိုးပြာ အုတ်ဂူတည်ဖို့ မှာကြားထားခဲ့ပါတယ်။ ဆရာကြီး သက်ရှိထင်ရှား ရှိစဉ်တုန်းကလည်း သူ့ အစ်မ ဒေါ်အေးသန်းနဲ့ ဖုန်းပြောတဲ့ အခါတိုင်းလည်း မကြာခဏ မှာကြားရင်း မျက်ရည်ဝဲတာတွေတောင် ရှိခဲ့ပါတယ်။ ဆရာကြီးဟာ သူ့ ရပ် သူ့ ရွာ၊ ရခိုင်ပြည် နှင့် ရခိုင်လူမျိုးကို ဘယ်လောက် ချစ်ခင်တွယ်တာမှုရှိခဲ့တယ်ဆိုတာကိုတော့ အားလုံးအသိပါပဲ" ဟု ကိုချစ်ဆွေက ပြောဆိုသည်။

တန်းလွဲချောင်း ရွာမ တစ်ဖက်ကမ်းရှိ အဆိုပါ သိမ်တောင်ပြင်တောင်ပေါ်တွင် ထင်ရှားလူသိများသည့် သိမ်တောင်ပြင်ဘုရားတည်ရှိပြီး နှစ်စဉ်နှစ်တိုင်းလိုလို တပေါင်း တန်းခူးလများ တွင် ရခိုင်ရိုးရာ ကျင်ပြိုင်ပွဲ၊ လှေပြိုင်ပွဲနှင့် တခြား ရိုးရာပွဲတော်များပါ ထည့်သွင်းပြီး ထိုသိမ်တောင်ပြင်ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလေ့ရှိကာ တန်းလွဲ ချောင်း ဒေသအနီးတ၀ိုက်မှ လူပေါင်း ထောင်သောင်းချီ လာရောက် ဆင်နွှဲလေ့ရှိကြောင်းလည်း သိရှိရသည်။

Ref: အာရ်ကန်တိုင်းမ်

0 comments:

အပေါ်သို့