Monday, October 31, 2011

အော်နာ မရှိတဲ့ ဗိုလ်ချုပ်များ

ဂါမဏိ
October 22, 2011



စစ်တက္ကသိုလ် DSA မှာဖြစ်ဖြစ်၊ ဗိုလ်သင်တန်းကျောင်း OTS မှာဖြစ်ဖြစ် ဗိုလ်လောင်းဘဝ စရောက်ချိန် ကနေ အရာရှိ ကြီးဘဝနဲ့ ပင်စင် ယူတဲ့အထိ မိမိစိတ်ဓာတ် နဲ့ အမူအကျင့်ကို “အော်နာ” နဲ့ “ပရိုက်ဒ်” ဆိုတဲ့ ဂုဏ်ဒြဗ်နှစ်ပါးက လွှမ်းခြုံ နေစေဖို့ အထက် ဌာနများနဲ့ နည်းပြများက တောက်လျှောက် ရိုက်သွင်းခဲ့ပါတယ်။ အော်နာကို ယခင် ဗိုလ်ချုပ်ကြီး ရွှေမန်း (အခု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ) က “ရိုးသားခြင်း၊ အမှန်တရားကို မြတ်နိုး ဆောင်ရွက်တတ်ခြင်း၊ မှားလျှင် ဝန်ခံပြောဆို ၍ အမှန်ရောက်အောင် ပြုပြင်ဆောင်ရွက်ခြင်း” လို့ ၂၀၀၄ ခု သြဂုတ်လထုတ် စစ်တက္ကသိုလ် ရွှေရတု နှစ်လည်မဂ္ဂဇင်း အမှာစာမှာ အဓိပ္ပာယ် ဖွင့်ထား ပေးပါတယ်။ အော်နာကို “စာရိတ္တမဏ္ဍိုင်” လို့လဲ DSA တည်ထောင်ခါစ ပါလီမန် ဒီမိုကရေ စီခေတ်တုံးက ခေါ်ခဲ့ဖူးပါတယ်။

တကယ်တော့ အော်နာ ဆိုတာ နိုင်ငံတကာတပ်မတော်တွေမှာလဲ ဗိုလ်လောင်းတွေကို လူကြီးလူကောင်း သူရဲကောင်း တွေဖြစ်စေဖို့ ချမှတ်ထားတဲ့ တင်းကြပ်တဲ့ကျင့်ဝတ်၊ နောင်တချိန်မှာ အများပြည်သူရဲ့ယုံကြည်ကိုးစားမှု ယူရမယ့် ပြန်တမ်းဝင် အရာရှိ လောင်းတွေအတွက် ပင်မစံကျင့်ထုံး ဖြစ်ပါတယ်။ တချို့အရပ်ဖက် တက္ကသိုလ်တွေမှာလဲ အော်နာ ကျင့် ဝတ် သတ်မှတ် ထားတာတွေ ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းအော်နာကျင့်ဝတ် cadet honor code ကို ကျောက် ပြားပေါ် ရေးထိုး ထွင်းထု ထားပါတယ်။ အမေရိကန် ဗိုလ်လောင်းတွေရဲ့ အော်နာကတိသစ္စာက “ဗိုလ်လောင်း သည် မ လိမ်မညာ၊ အကောက်မကြံ၊ မခိုးမဝှက်။ လိမ်ညာ ကောက်ကျစ် ခိုးဝှက်သူကိုလဲ ခွင့်မလွှတ်” လို့ ချမှတ်ထားပါတယ်။ အမေရိကန် လေတပ်၊ ရေတပ်တွေမှာလဲ အော်နာ ကျင့်ဝတ်က ဒီအခြေခံဘဲ ဖြစ်ကြပါတယ်။

အော်နာ ကို ဖြောင့်မတ်မှုအပေါ်အခြေခံတဲ့ ဂုဏ်သိက္ခာလို့ ပြောနိုင်ပါတယ်။ အင်္ဂလိပ်အဘိဓာန်ပြုစုခဲ့တဲ့ ဒေါက်တာ ဆင်မြူယယ် ဂျွန်ဆင်က အော်နာ ကို စိတ်နေစိတ်ထား မြင့်မြတ် စင်ကြယ်မှု၊ သဘောထားကြီးမြင့်မှု၊ အောက်တန်း ကျခြင်းကို ရွံမုန်းမှု လို့ ဖွင့်ဆိုခဲ့ပါတယ်။ အော်နာဟာ ယုံကြည်စိတ်ချနိုင်စွမ်း credibility နဲ့လဲ ဆက်စပ်နေပါတယ်။ မြန်မာ့ယဉ်ကျေး မှုဓလေ့ ထုံးစံအရ ကြည့်ရင် အော်နာဟာ ဖြောင့်မတ်မှု ဂုဏ်ရည်၊ ဣနြေ္ဒ၊ သိက္ခာ၊ မျက်နှာ၊ ‘အရှက်’ တို့နဲ့ ပတ်သက်နေပါ တယ်။

အချစ်နဲ့စစ်မှာ မတရားတာမရှိလို့ ပြောကြပေမဲ့ စစ်ဗိုလ်စစ်သားတွေမှာ အော်နာ ဆိုတာကတော့ ရှိနေပါတယ်။ ရန်သူကို အလစ် အငိုက် နောက်ကျောက မတိုက်တာ၊ လက်ရည်တူ သေနတ်ချင်းယှဉ်ပစ်တာတွေ ရှိတဲ့ ရှေးခေတ်က စစ်သူရဲ ကောင်းအော်နာဟာ ဒီနေ့ခေတ်မှာ မရှိတော့ပေမဲ့ တဦးချင်း ဖြောင့်မတ်မှုဂုဏ် ဆိုတဲ့ အော်နာကတော့ ရှိနေပါတယ်။ ဂျနီ ဗာစာချုပ်မှာ စစ်သုံ့ပန်းတွေ၊ လက်နက်မဲ့ အရပ်သား လူထုတွေအပေါ် ပြုကျင့်ဖို့ သတ်မှတ်ပြဋ္ဌာန်းချက်တွေဟာ အော်နာ ကို နိုင်ငံတကာအဆင့်မှာ လက်ခံ ချမှတ်ထားတာဘဲ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့တပ်မတော်စစ်ဗိုလ်ကြီးတွေဟာ လက်တွေ့ဘဝမှာ အော်နာ ကိုဖောက်ဖျက်ခဲ့ပြီး တပ်မတော်သမိုင်း ညှိုး နွမ်းအောင် ဆယ်စုနှစ်နဲ့ ချီပြီး လုပ်ခဲ့ပါတယ်။ ၁၉၆၂ ခုက စပြီး မရိုးမဖြောင့် လိမ်ညာတာ၊ အကောက်ကြံတာ၊ ပြည်သူ့ ဥစ္စာဓန ခိုးတာတွေ တောက်လျှောက် လုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနောက်ပိုင်းမှာတော့ အော်နာဆိုတာ စကားလုံးပဲ ကျန်ပါ တော့တယ်။ သမိုင်းတလျှောက်မှာ ဒီကနေ့လောက် အော်နာ ကျ၊ ပရိုက်ဒ် ပျောက်တာ မရှိပါဘူး။

အော်နာ ဆိုတာ အနိမ့်ဆုံးအားဖြင့် စာမေးပွဲမှာ ခိုးမချတာကို ပြောပေမဲ့ စစ်တက္ကသိုလ်စာမေးပွဲတွေ၊ ရုရှား ပညာတော်သင် စာမေးပွဲတွေ တင်မက စစ်ဦးစီး တက္ကသိုလ်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် စာမေးပွဲတွေ မှာတောင် အော်နာ မထိန်းသိမ်း တာတွေ ပွထ နေပါတယ်။ တကယ်တမ်း အော်နာကို ထိန်းသိမ်းကြရင် တော် ၃ တော်၊ တော် ၄ တော် ဆိုတာ ပေါ်လာစရာ မရှိပါဘူး။

နဝတ-နအဖ စစ်ခေါင်းဆောင်တွေဟာ အော်နာကိုဘေးချိတ်ပြီး ၉၀ ရွေးကောက်ပွဲကို ဖောက်ဖျက်၊ ဘားတိုက်ပြန် မယ် ဆိုတဲ့စကားကို ဖျက်ခဲ့သလို တိုင်းရင်းသားတွေကိုလဲ သဘောထား ကျဉ်းမြောင်းစွာနဲ့ အသေးအဖွဲ အခွင့်အရေးက အစ ပိတ်ပင်၊ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးတွေမှာ လိမ်ညာခဲ့ပါတယ်။ စစ်သမိုင်းပြတိုက်မှာ မှတ်တမ်းအဖြစ် ချိတ်ဆွဲ ထားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းတွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦးနဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်တို့ ဓာတ်ပုံ တွေကို ဖြုတ်ပစ်တာ၊ စစ်ရုံးနဲ့ တိုင်းစစ်ဌာနချုပ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီး နေ၀င်းတို့ ဓာတ်ပုံတွေကို တိုးတိုး တိတ်တိတ် ဖြုတ်ခိုင်း တာတွေဟာလဲ အော်နာမရှိတာဘဲ ဖြစ်တယ်။

ဗိုလ်ချုပ်ဆိုးတွေဟာ ပြည်သူလူထုအပေါ် တလျှောက်လုံး အမျိုးမျိုးလိမ်ညာခဲ့သလို ပြည်သူလူထုရဲ့ လယ်ယာမြေ တွေ၊ သီးနှံတွေ၊ လုပ်အားတွေ၊ ငွေကြေးတွေကိုလဲ ခိုးယူလုယက်ခဲ့ပါတယ်။ အော်နာကို ခေါင်းထဲ မထည့်တော့တဲ့ အတွက် အ မျိုးသားညီလာခံကို ဇွတ်အတင်းပုံသွင်း၊ ၂၀၀၈ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့မှာ မျက်နှာပြောင်တိုက် မဲလိမ်မဲခိုး လုပ်ခဲ့ပါတော့တယ်။

ပြည်သူလူထုရဲ့ ချွေးနည်းစာတွေတင်မက အောက်ခြေရဲဘော်တွေရဲ့ ရပိုင်ခွင့်တွေကို ညစ်ပတ်ပြီးခိုးယူတာဟာ အော်နာ ကို လုံးဝ ချိုးဖောက်တာ ဖြစ်ပါတယ်။ ဆင်မင်းဘိလပ်မြေအိတ်တွေ၊ ဒီဇယ်တွေ၊ ဓာတ်ဆီတွေ၊ ဖုံးတွေ၊ ကား ပါမစ်တွေ၊ ဝစ်သောက်ကား ဝစ်သောက် ဆိုင်ကယ်တွေဟာ တပ်မတော်အရာရှိ အော်နာ ကို နင်းချေပစ်လိုက်ပါပြီ။

အော်နာ ဆိုတာ မမှန်တာကိုမလုပ်၊ လုပ်မိရင် အမှားကိုဝန်ခံရတာ ဖြစ်ပေမဲ့ ၂၀၀၇ သြဂုတ်-စက်တင်ဘာ တုံးက ပခုက္ကူ မှာ သံဃာတော်တွေ အပေါ် မလုပ်သင့်တဲ့ အမှား ကျူးလွန်ခဲ့ပြီး ဒီအမှားကို ဝန်မခံရုံတင်မက ရန်ကုန် မန္တလေး စစ်တွေတို့ မှာ နောက်ထပ် ပိုလို့ အမှားတွေ ဆက်တိုက် လုပ်ခဲ့ပြန်ပါတယ်။ နောက်တခါ ၂၀၁၀ စက်တင်ဘာမှာလဲ ပဲခူးမှာ လူငယ် လေးတွေအပေါ် မမှန်တာလုပ် လူသတ်ခဲ့ပြီး အမှားကို ဝန်မခံခဲ့ပါဘူး။

အော်နာ ဆိုတာ အမှန်တရားကိုမြတ်နိုးဆောင်ရွက်ခြင်းလို့ ဆိုထားပေမဲ့ ဒီပဲယင်းလူသတ်ပွဲရဲ့ အမှန်တရားကို ဖုံးဖိထား တာ၊ တက္ကသိုလ် ရိပ်သာလမ်း ၅ လောင်းပြိုင်လူသတ်မှုရဲ့ အမှန်တရားကို ကွယ်ဝှက် ထားတာတွေကို ဗိုလ်ချုပ် ဆိုးတွေက ဆောင်ရွက်ခဲ့ပါတယ်။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဘူး ဆိုတဲ့ ဗိုလ်ချုပ်ရွှေမန်း ပြောခဲ့တာကို ဦးရွှေ မန်းကိုယ်တိုင် အော်နာ မလုပ်တော့တာ တွေ့ရပါတယ်။ သားဖြစ်တဲ့ ဗိုလ်တိုးနိုင်မန်း ဗထူးမှာ ဆေးချ လူသတ်/ လူသေမှုကိစ္စ၊ DSA မှာ ဗိုလ်ကျသောင်းကျန်းတဲ့ ကိစ္စတွေမှာ အော်နာတွေ ဘယ်ရောက် သွားပါသလဲ။

၈၈ အရေးတော်ပုံတုံးက ကုန်းမြင့်သာယာစစ်ရုံးကို ရေတပ်ကအမြောက်နဲ့ပစ်မယ်၊ လေတပ်က ဗုံးကြဲမယ် ဆိုတဲ့စာ ထုတ် ခဲ့တာ (ထိုစဉ်က) တန်ပြန် သပိတ်ခေါင်းဆောင် မဆလ တနင်္သာရီတိုင်း ဒေသ ပါတီကော်မတီ ဥက္ကဋ္ဌ (ဗိုလ်မှူးကြီး ဟောင်း) ဦးရဲဝင်း ဖြစ်ပေမဲ့ ဘာမှ မဆိုင်တဲ့ဗကပ (၄၈၂၈) အဖွဲ့က ပုဂံ သန်းနိုင်ကို ရူးသွားတဲ့ အထိ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် ပြီး သူရေးကြောင်း ဝန်ခံ ခိုင်းခဲ့ပါတယ်။ ၁၉၈၉ ခုမှာလဲ သံလျင် ရေနံချက်စက်ရုံ ဗုံးခွဲတယ်ဆိုပြီး သံလျင် မြို့နယ် NLD လူ ငယ်လေးတွေနဲ့ ဒေါက်တာ ထွန်းသူတို့ကို ညှဉ်းပန်း နှိပ်စက်ပြီး ဇွတ်အတင်း ဝန်ခံခိုင်းခဲ့ပါတယ်။ တကယ်ဗုံးခွဲသူ အစစ်ပေါ် လာတော့လဲ အမှားကိုဝန်မခံ၊ အမှန်ရောက်အောင် မပြင်ခဲ့ဘဲ အော်နာကို ရာနှုန်းပြည့်ဖောက် ဖျက်ခဲ့ပါတယ်။

မြောက်ကိုးရီးယားကိစ္စ၊ နျူကလီးယားကိစ္စတွေမှာလဲ အော်နာ မဲ့မဲ့ မျက်နှာပြောင်ပြောင်နဲ့ လိမ်ညာခဲ့ပါတယ်။

အစိုးရဆန့်ကျင်ရေး နိုင်ငံရေးလုပ်တာကို မကျေနပ်လို့ ရာဇဝတ်မှုနဲ့ အမှုဆင်ဖမ်းတာ၊ ကျန်ရစ်သူဆွေ ၇ ဆက် မျိုး ၇ ဆက်ကိုပါ ဘဝပျက်အောင် နှိပ်စက်တာ၊ ကိုယ့်နေရပ်နဲ့ ဝေးကွာလှမ်းလှတဲ့ ထောင်တွေကို ပို့တာတွေဟာ စိတ်နေစိတ် ထား မြင့်မြတ်စင်ကြယ်မှု၊ သဘောထား ကြီးမြင့်မှုဆိုတဲ့ အော်နာ အဓိပ္ပာယ်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြီး အော်နာနဲ့ ဆန့်ကျင်ဖက် ဖြစ်တဲ့ ကလိမ်ကကျစ် အောက်တန်းကျမှု အဓိပ္ပာယ် ဆောင်နေပါတယ်။ ကလေးစစ်သားတွေကို အသက် လိမ်ပြ လက်ခံ ထားတာကလဲ အမှန်ရောက်အောင် ပြုပြင် ဆောင်ရွက်ခြင်း၊ လိမ်ညာ ကောက်ကျစ်သူကို ခွင့် မလွှတ်ခြင်း ဆိုတဲ့ အော်နာကျင့်ဝတ်နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။

ကိုလိုနီခေတ်ပုလိပ်တွေ ဘိန်းပစ်ဖမ်းသလို အတိုက်အခံတွေ တိုင်းရင်းသားလက်နက်ကိုင်တွေကို ချဲစာရွက်ချ၊ ယာမား ဆေးပြားပစ်၊ ဘိန်းဖြူပစ် သိက္ခာ ချတာတွေကလဲ အော်နာ့ဆန့်ကျင်ဖက် အောက်တန်းကျမှု ဖြစ်ပါတယ်။ မူးယစ်ဆေး မီး ရှို့ပွဲမှာ ဧည့်သည်တွေပြန်သွားတာနဲ့ ချက်ခြင်း မီးတွေ အမြန်ငြှိမ်းပြီး မူးယစ်ဆေးထုပ်တွေ ပြန်သိမ်းသွားတာဟာ အော်နာ မရှိတော့တဲ့ ဗိုလ်ချုပ်တွေ ခိုင်းတာ ဖြစ်ပါတယ်။ ကချင် စစ်သုံ့ပန်းတွေကို သတ်ပစ်တာ၊ အနက်ရောင်နယ်မြေမှာ “အစိတ် သားတောင်မချန်”ဘဲ အကုန်သတ်၊ အကုန်လု၊ အကုန်ရှို့ လုပ်ခိုင်းတာတွေဟာ အော်နာ စိတ်ဓာတ်ကို လုံးဝ ဆန့်ကျင်နေ ပါတယ်။ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲတယ် ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို နောက်တခါ ထပ်လက်နက်ချခိုင်း တာတွေကလဲ အော်နာ ပျက်ယွင်းမှု ဖြစ်ပါတယ်။

နိုင်ငံ့အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်၊ နိုင်ငံ့တက်လမ်းဖြစ်တဲ့ သဘာဝဓာတ်ငွေ့တို့ကို ပွင့်လင်း မြင်သာမှု မရှိ၊ စာရင်းပျောက် ရောင်းစား တာတွေဟာ ဗိုလ်ရွှေမန်းပြောတဲ့ ရိုးသားမှု၊ အမှန်တရားကို မြတ်နိုးဆောင်ရွက်မှု ဆိုတဲ့ အော်နာ နဲ့ လုံးဝ ကွဲလွဲနေသလို ကိုယ့်အာဏာ တည်မြဲရေး အတွက် နိုင်ငံ့သယံဇာတ၊ နိုင်ငံ့အချုပ်အခြာ အာဏာတို့ကို ပြည်ကြီးတ ရုတ်လက် ဈေးပေါပေါနဲ့ ထိုးအပ်တာကတော့ ပရိုက်ဒ် မရှိတော့တာကိုလဲ ပြနေပါတယ်။

ကိုယ့်အောက်ခြေ အရာရှိအရာခံ အကြပ်တပ်သားတွေအပေါ် အော်နာမဲ့တဲ့ နောက်လုပ်ရပ်ကြီးတခုကတော့ အထောက် တော်သတင်း၊ အခြားသတင်း၊ အထက်ဌာန ချပြသတင်း ဆိုပြီး နယ်စပ် အတိုက်အခံတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တွေ၊ ဥပဒေတွင်း အတိုက်အခံတွေနဲ့ ပတ်သက်တဲ့ ဗုံးခွဲ အကြမ်းဖက် နှောင့်ယှက်ဖျက်ဆီး ဆူပူရေး လံကြုတ် သတင်းတွေ ဖန်တီးတာ၊ အောက်ခြေ ရဲဘော်တွေ အရာရှိငယ်တွေကို ဒီသတင်းတွေနဲ့ ခြောက်လှန့် မှိုင်းတိုက်ပြီး “နိုင်ငံတော်ကာကွယ် ရေး” အတွက် တပ်ချုပ်ကြီးတို့ကို အစဉ်သစ္စာရှိ နာခံနေအောင်၊ စစ်စိတ်စစ်သွေးကြွအောင် မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ လိမ်ညာလီဆယ် နေတာဘဲ ဖြစ်ပါတယ်။

ဥပမာပြရရင်- ထိုင်းနိုင်ငံဝင်ခွင့် ပိတ်ထားခံရတဲ့ စင်ပြိုင်အစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ဘာအဆောက် အဦး ဘာ စခန်းမှ မရှိတော့တဲ့ ဒေါင်းဂွင်မှာ ရန်ကုန်-မန္တလေး ဖောက်ခွဲဖို့ အစည်းအဝေး လာတက်တဲ့သတင်း၊ ယခုစာရေးသူ ဂါမဏိ ကို ကေအဲန်ယူ ဗဟို ထောက်လှမ်းရေးက ဗိုလ်မှူးအဖြစ် ဖော်ပြပြီး မဲဆောက်မြို့ မယ်ပရပ်ကွက် နေအိမ်ကနေ ပြည်တွင်း ကို ဖောက်ခွဲရေး သမားတွေ စေလွှတ်တဲ့ သတင်းမျိုး ဖြစ်ပါတယ်။ တခါတရံမှာလဲ ဇာတ်လမ်း ဆင်တာလွန် သွားလို့ ကွယ် လွန်ပြီးဖြစ်တဲ့ ကေအဲန်ယူ တပ်မဟာ(၆)မှူး ဗိုလ်ချုပ်ရွှေဆိုင်းက ဖောက်ခွဲရေး အစည်းအဝေး တက်တယ်လို့ ရေးထုတ်မိ တာမျိုး ဖြစ်ခဲ့ပါသေးတယ်။ အရင်တုံးက ကကလှမ်းပဲဖြစ်ဖြစ်၊ ဒီကနေ့ စရဖ ပဲဖြစ်ဖြစ် သတင်းထောက်လှမ်းရာမှာ ဒါ လောက်အထိညံ့တာ မဟုတ်ပါဘူး။ တမင်သက်သက် သတင်းအတုတွေ လုပ်ကြံထုတ်လွှတ်နေ တာသာ ဖြစ်ပါတယ်။

တကယ်တော့ ဒီကနေ့ အထက်ကချပြတဲ့ ဦး ၄ သတင်း ၉၀% လောက်ဟာ အတုတွေဖြစ်နေပါတယ်။ ကြားဖူးနားဝ လူ နာမည်တွေ၊ အဖွဲ့အစည်း နာမည်တွေ၊ နေရာဒေသ နာမည်တွေနဲ့ ဇာတ်လမ်းဆင်ပြီး ဗုံးခွဲမယ့် ဇာတ်လမ်း၊ အဖျက် လုပ်ရပ် ဇာတ်ထုပ်၊ ဆူပူမယ့် ဇာတ်ကွက်၊ ပြည်ထောင်စု ဖြိုခွဲမယ့်ကြံစည်ချက်၊ တပ်မတော်ကို ဖျက်ဆီးမယ့် ပလော့တ်တွေ ရေး ထုတ်ဖြန့်ချိတာဟာ အဓိက အားဖြင့် ၁၉၈၈ ခု နောက်ပိုင်းမှာ စလာခဲ့ပါတယ်။ အဓိက ကတော့ ဖောက်ခွဲရေး လုပ်မယ့် သတင်းတွေ ဖြစ်ပါတယ်။ ဒီ့အရင်ကတော့ သတင်းအတု ဖန်တီးတာ သိတ်မရှိခဲ့ဘဲ သတင်းမှားတာတွေပဲ တခါတလေ ရှိခဲ့ဖူးပါတယ်။

သတင်းအတုရေးတဲ့အခါ ပြည်ပအသံလွှင့်ဌာနသတင်းတွေမှာ ပါလေ့ရှိတဲ့ အဝေးရောက်အတိုက်အခံ ခေါင်းဆောင် နာ မည်တွေ အဖွဲ့တွေကို အခြေတည်၊ ပြည်တွင်းကို လွှတ်လိုက်တဲ့ ဖောက်ခွဲရေး သမားတွေရဲ့ နာမည်၊ လူပုံပန်း သဏ္ဌာန်၊ အ ရပ်အမောင်း မျက်နှာပေါက်က အစ အသေးစိတ် ဖန်တီး ရေးသားပြီး ဦး ၄ သတင်းတွေကို တပ်တွေဆီ ထုတ်လွှတ်ပါတော့ တယ်။

ဒီသတင်းအတုတွေကို ကကကြည်း၊ အခု စရခ (အရင် ကကလှမ်း) နဲ့ ကကပြည် တို့က တာဝန်ယူရေး ထုတ်နေတာ ဖြစ် ပါတယ်။ တချိန်ကဆို ဖိုးကံကောင်း (ညိုမင်းလွင်)၊ တင်သန်းဦး၊ ချစ်စံဝင်း၊ ချစ်နိုင်၊ တက္ကသိုလ်မြတ်သူ၊ တက္က သိုလ်တင် ခ၊ သိန်းစိန် (နောင်မှာ ပြန်ကြားရေးဒုဝန်ကြီး-သတင်းစာ ကလောင်နာမည် အောင်မင်း) တို့ကလဲ ရှဲဒိုးရေးခဲ့ ကြပါတယ်။ နောက်ပိုင်းမှာ လုပ်ငန်းလည်ပတ် အသား ကျသွားတဲ့ အခါကျမှ သူတို့ကို နားလိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်ခင်ညွန့်၊ ဗိုလ်ချုပ်သန်းရွှေ တို့ကိုယ်တိုင် ကြီးကြပ် ရေးသားတာတွေ ဂိုက်လိုင်း ပေးတာတွေလဲ ရှိခဲ့ပါတယ်။

ဒီလိုရန်သူသတင်းအတုတွေနဲ့ တပ်ကို ခြောက်ခြားနေအောင်၊ အငြိမ်မနေရအောင်၊ နိုင်ငံရေး ဒီမိုကရေစီရေး တပ် မတော်သား အခွင့်အရေး စဉ်းစားချိန် မရအောင်၊ အတိုက်အခံတွေ တိုင်းရင်းသားတွေကို အမြဲ မယုံသင်္ကာဖြစ် ရန်လိုနေအောင် လုပ်ထားပြီး စစ်အုပ်စုထိပ်သီးတွေအလိုကျ လက်ညှိုး ထိုးခိုင်းနိုင်အောင် အစဉ်တစိုက်ကြိမ်တို့နေတာ ဖြစ်ပါတယ်။

အော်နာ မရှိတဲ့ စစ်ခေါင်းဆောင်တွေ နဲ့ အရပ်ဝတ်လဲစစ်ခေါင်းဆောင်တွေကို ပြည်သူလူထုက ယုံကြည်နိုင်စွမ်း မရှိပါဘူး။ ဖြောင့်မတ် စကားတည် မလိမ်မကောက်တဲ့ လူကိုဘဲ ရဲဘော်အများ ပြည်သူအများက ယုံကြည် စိတ်ချနိုင်စွမ်း ရှိမှာဖြစ်ပါ တယ်။

ဒါကြောင့် တပ်မတော်အရာရှိတွေဆီမှာ ပျက်စီးပျောက်ဆုံးသွားတဲ့ အော်နာ ပြန်လည်ထူထောင်ဖို့ဆိုရင် အော်နာကို ဖျက်ဆီးခဲ့တဲ့ အာဏာရူး ကိုယ်ကျိုးသမား စစ်ထိပ်သီးတွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။ ဒါမှသာ အရာရှိတွေရဲ့ အော်နာနဲ့ ပရိုက်ဒ် တင်မကဘဲ တပ်မတော် တခုလုံးရဲ့ ဂုဏ်သိက္ခာကိုပါ ပြန်ပြီး အဖတ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။ အော်နာကို တန်ဖိုး ထားတဲ့ တပ်မတော်အရာရှိ ကြီးလတ်ငယ်တွေ အနေနဲ့ အော်နာမရှိတော့တဲ့ စစ်ခေါင်းဆောင် ထိပ်သီးတွေ နေရာကို တက် ယူဖို့ အချိန်တန်ပါပြီ။

ဂါမဏိ

honour အော်နာ / n ၂။ (က) ရိုးဖြောင့်သောဂုဏ်။ ရိုးဂုဏ်။ (ခ) ဂုဏ်သိက္ခာ
ပညာရေးဝန်ကြီးဌာနထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန် မှ

Ref: နေ့သစ်

0 comments:

အပေါ်သို့