Friday, November 4, 2011

ရန်ကုန်မှာ ရောက်နေတဲ့ မလေးရှား ၀န်ကြီးချုပ်ဟောင်း အဆို

2011-11-02

မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍက ပါဝင်သင့်တယ်လို့ ရန်ကုန်မြို့မှာ ရောက်နေတဲ့ မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပါတယ်။


မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်ကို ၂၀၀၈ ခုနှစ်က
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စကားပြောဆိုနေစဉ် တွေ့ရပုံ။


အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒေသ အကျိုးစီးပွား အတွက် တစ်သံတည်း အတူတကွ ရှိကြမယ်ဆိုရင် ပိုပြီး အကျိုးများ အောင်မြင်နိုင်မယ်လို့ ဒေါက်တာ မဟာသီယာက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ မနေ့က ပြုလုပ်တဲ့ စီးပွားရေး ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

Globalisation လို ကမ္ဘာဆန်လာခြင်းကြောင့် တိုးများလာတဲ့ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ ဆိုရင် ညီညွတ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ကမ္ဘာဆန်လာခြင်းကြောင့် မိမိတို့ အာဆီယံနိုင်ငံတွေရဲ့ ထုတ်ကုန် ဈေးကွက်တွေ ကြီးမား ကျယ်ပြန့်လာ သလို တစ်ဘက်မှာလည်း ဆိုးကျိုးတွေ ရှိတယ်လို့ သူက ပြောပါတယ်။ မနေ့က ဆွေးနွေးပွဲမှာ စီးပွားရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ၄ ခု လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ မဟာသီယာ တွေ့ဆုံဖို့ ရှိတယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို အတည်ပြု ပြောဆိုပါတယ်။

မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာဟာ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်-UMFCCI ရဲ့ဖိတ်ကြားချက် အရ မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်နေတာပါ။

Ref: RFA News

0 comments:

အပေါ်သို့