Wednesday, November 2, 2011

ဟရေ … နမ်ဗြား၊ နင် ဘယ်လမ်းသွားမလဲ

ဂါမဏိ

သီရိလင်္ကာပြည်တွင်းစစ် နောက်ဆုံးရက်ပိုင်းတွေမှာ တမီးလ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ LTTE ရဲ့ နိုင်ငံရေး ခေါင်းဆောင်ပိုင်း တွေဟာ မိသားစုတွေ၊ အရပ်သားတွေနဲ့ အတူ သီရိလင်္ကာ အစိုးရတပ်ဆီမှာ အလံဖြူ ထောင် လက်နက် ချခဲ့ကြပါတယ်။ ဒီထဲမှာ ထိပ်သီး ခေါင်းဆောင် နာဒီစံ၊ ငြိမ်းချမ်းရေး အတွင်းဝန် ပူလီဒေဝန်နဲ့ ဗိုလ်မှူးကြီးရာမက်ရှ်တို့ ပါဝင်ပြီး စုစုပေါင်း လူ ၃၀၀ ကျော်ရှိပါတယ်။

သူတို့ဟာ အစောပိုင်းမှာ စေ့စပ်ဆွေးနွေးဖို့ဘဲ စိတ်အား ထက်သန်ပြီး နောက်ပိုင်းမှာ စစ်ရေးအရ အကျဉ်း အကျပ် ဆိုက်လာတဲ့ အခါ ခြွင်းချက်မရှိ လက်နက်ချဖို့ သဘော တူခဲ့ပါတော့တယ်။ ဒီလို သဘောတူတဲ့ အကြောင်း ကုလသမဂ္ဂ အရာရှိတွေ၊ နော်ဝေး အစိုးရ၊ ဗြိတိန်အစိုးရ၊ အမေရိကန် အစိုးရနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC တို့ကို အကြောင်းကြား ခဲ့ပါတယ်။ ကြားလူ နှစ်ယောက်က တဆင့် သီရိလင်္ကာ အစိုးရကိုလည်း အကြောင်းကြား ခဲ့ပါတယ်။

သီရိလင်္ကာသမ္မတ မဟိန္ဒရာဇာပတ်ကစာနဲ့ ညီဖြစ်သူ ကာကွယ်ရေး အတွင်းဝန် ဘာစင်လ်ရာဇာပတ်ကစာ တို့က လက်နက်ချမှုကို လက်ခံမယ့် အကြောင်း အာမခံခဲ့ပြီး စောစောက ကြားလူ နှစ်ယောက်က တဆင့် ပြန် အကြောင်းကြား ခဲ့ပါတယ်။ အကြောင်းကြား ချက်ထဲမှာ အလံဖြူတခု ထောင်ပြီး အစိုးရတပ် ရှိတဲ့ဘက်ကို ဖြေးဖြေး လျှောက်လာဖို့ ပြောထားပါတယ်။ လာဖို့ လမ်းကြောင်းကိုလည်း အသေးစိတ် ပေးလိုက်ပါတယ်။ ဒါပေမယ့် လက်နက်ချမယ့် နေရာမှာ တတိယ အင်အားစုတခု သက်သေ ရှိနေဖို့ တမီးလ်ကျားတွေရဲ့ ပန်ကြားချက်ကိုတော့ အစိုးရက မလိုက်လျောခဲ့ပါဘူး။ ကြားလူတဦး ဖြစ်တဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ကလည်း လက်နက်ချပွဲ လုပ်မယ့် နေရာမှာ ကုလသမဂ္ဂ ရှိနေဖို့ မလိုဘူးလို့ ပြောခဲ့ပါတယ်။

၂၀၀၉ ခု မေလ ၁၈ ရက် မနက် ၆ နာရီခွဲလောက်မှာ ခေါင်းဆောင်နှစ်ဦးဟာ သူတို့ ပုန်းခိုရာက ထွက်လာပြီး မိသားစုဝင်တွေ တမီးလ် ရွာသားတွေနဲ့ အတူ အစိုးရ တပ်မ ၅၈ ထိန်းချုပ်နယ်မြေကို လမ်းလျှောက် ထွက်လာခဲ့ ပါတယ်။ သူတို့နဲ့အတူ တမီးလ်ကျား ဗိုလ်မှူးကြီး ရာမက်ရှ်လည်း နောက်က ပါလာပါတယ်။ တခဏ အကြာမှာ ရှေ့ဆုံးက အလံဖြူထောင် တက်လာတဲ့ တမီးလ် တိုင်းရင်းသား ခေါင်းဆောင် သုံးယောက်နဲ့ မိသားစုဝင်တွေ ၁၅ ယောက်လောက်ဟာ ပစ်သတ် ခံလိုက်ရပါတယ်။ ကျန်တဲ့ နောက်လိုက် ငယ်သားတွေနဲ့ ရွာသား ၃၀၀ ထဲ မှာလည်း အနည်းအကျဉ်း လောက်ပဲ ထွက်ပြေး လွတ်မြောက် အသက်ရှင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ “အလံဖြူ လူသတ်ပွဲ” လို့ နာမည် ကျော်သွား ပါတော့တယ်။

ဒီအရေးအခင်းမှာ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသူ နှစ်ယောက်အနက် တယောက်ကတော့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ရုံးဦးစီးမှူး၊ အခု မြန်မာနိုင်ငံဆိုင်ရာ အထူးတမန်ဆိုတဲ့ ပီချေးနမ်ဗြား ဖြစ်ပါတယ်။ ပြည်တွင်းစစ် နောက်ဆုံး အဆင့်တွေမှာ ကုလသမဂ္ဂ ဘက်က တာဝန်ရှိရှိ ပါဝင် ပတ်သက်ခဲ့သူဟာ ပီချေးနမ်ဗြားပါပဲ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဘန်ကီမွန်းက ကျွမ်းကျင်သူများ ခုံအဖွဲ့ ဖွဲ့၊ စုံစမ်း စစ်ဆေး ခိုင်းခဲ့ပေမယ့် ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာမှာ နမ်ဗြားနာမည်ကို ဖြုတ်ခိုင်း ခဲ့ပါတယ်။ ဒါ့အပြင် သီရိလင်္ကာ အစိုးရကို စစ်ရာဇ ဝတ်မှုနဲ့ နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC တင်ဖို့ကိုလည်း ရုရှားနဲ့ တရုတ်အလိုကျ ပညာသားပါပါနဲ့ အဟန့် အတား လုပ်နေပါတယ်။

ကြားလူ နောက်တယောက်ဖြစ်တဲ့ အင်္ဂလိပ် သတင်းထောက်မ မာရီကိုလ်ဗင်ကတော့ လက်နက်ချမှု လက်ခံဖို့ ကတိကဝတ်ကို အစိုးရဘက်က ဖောက်ဖျက်တာလို့ ဗြောင်ပြောခဲ့ပါတယ်။ ပြည်တွင်းစစ် ကာလအတွင်း သီရိ လင်္ကာအစိုးရ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဆာရတ်သ်ဖွန်စီကာ ကလည်း ၂၀၀၉ ခု ဒီဇင်ဘာ လမှာ လူသိရှင်ကြား ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂနဲ့ နမ်ဗြားကတော့ ရေငုံနှုတ်ပိတ် နေခဲ့ပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာထဲမှာ ကုလသမဂ္ဂရဲ့ နိုင်ငံရေးဌာနတွေ အဖွဲ့အစည်းတွေဟာ သီရိလင်္ကာ ပြည်တွင်းစစ် နောက်ဆုံး အဆင့်တွေမှာ အရပ်သားတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ ပျက်ကွက်ခဲ့တယ်။ ဒီထက် ဆိုးတာက အရပ်သား အသေအပျောက် စာရင်းတွေကို မထုတ်ပြန်ဘဲ ဖုံးဖိထားခဲ့လို့ သီရိလင်္ကာ စစ်တပ်က ပိုအတင့်ရဲ ခဲ့တယ်လို့ ထောက်ပြ ထားပါတယ်။ အယ်လ်ဂျာဇီးယားရား သတင်းဌာနက နမ်ဗြားကို အင်တာ ဗျူးတဲ့အခါ “ဒီလူတွေကို တမီးလ်ကျားတွေကပဲ သတ်တာဖြစ်မှာပေါ့” လို့ တာဝန်မဲ့ လက်လွတ်စပယ် ပြောခဲ့ ပါသေးတယ်။ အဲဒါဟာ ကုလသမဂ္ဂရဲ့ ဘက်မလိုက်ရေးမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် လိုက်တာပါပဲ။

ပီချေးနမ်ဗြားရဲ့အစ်ကို အိန္ဒိယတပ်မတော်က အငြိမ်းစားယူထားတဲ့ ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဆာတစ်ရှ်နမ်ဗြား ကလည်း သီရိလင်္ကာ စစ်တပ်အတွက် လခစား အကြံပေး ပုဂ္ဂိုလ် အဖြစ် ၃ နှစ်လောက် လုပ်ပြီး တိုင်းရင်းသား တော်လှန်ရေး ချေမှုန်းရေးမှာ အကျိုးပြု ခဲ့ပါတယ်။

အနှီ ပီချေးနမ်ဗြားဟာ ၂၀၁၁ ခု မေလ ၁၁ ရက်နေ့တုန်းက ဘန်ကီမွန်းရဲ့ အထူးတမန်အဖြစ် ဗမာပြည်ကို ရောက်လာပြီး စစ်အစိုးရ ကိုယ်စားလှယ် တွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်တို့ နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သူဟာ လက်ရှိသမ္မတ လုပ်နေတဲ့ ဗိုလ်ချုပ်သိန်းစိန်ရဲ့ မိန့်ခွန်းကို ကြိုဆိုတဲ့ အကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ ပြောသွားပေမယ့် တိုင်းရင်းသား ပြဿနာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာကို ခေါင်းရှောင် သွားခဲ့ပါတယ်။ ဒါ့အပြင် စစ်အစိုးရဆီမှာ တွေ့ခဲ့တဲ့ နိမိတ်လက္ခဏာ တွေဟာ “အင်မတန် အားရစရာကောင်းတယ်” လို့လည်း ပြောလိုက်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ လက်တွေ့နဲ့ ကင်းကွာနေပြီး ခေါင်းမာ လွန်းတယ်လို့လည်း ဘန်ကီမွန်းဆီ တင်တဲ့ အစီရင်ခံစာထဲမှာ မှတ်ချက် ချခဲ့ပါတယ်။

ဒီ နမ်ဗြားဟာ တတိယအကြိမ် အဖြစ် မြန်မာပြည်ကို ရောက်လာပြန်ပါပြီ။ အခု အကြိမ်မှာ အရင်အခေါက် တွေနဲ့ မတူတာက ကချင်တွေကို နအ-ကဖ အစိုးရက အပြင်းအထန် ထိုးစစ်ဆင်နေချိန်၊ ကရင် ရှမ်း ငြိမ်းအဖွဲ့/မငြိမ်း အဖွဲ့တွေနဲ့လည်း နအ-ကဖဘက်က မလျှော့တမ်း တိုက်နေချိန် ဖြစ်ပါတယ်။ တဘက်မှာတော့ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် တက်မလိုလို အသံထွက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ နှစ်ဘက် ပဋိပက္ခတွေကြား ဝင်ပြီး အတိုက်အခံတွေ လက်နက်ချ ချေမှုန်းခံရဖို့ပဲ လုပ်ခဲ့တဲ့ သမိုင်းနောက်ခံ ရှိနေသူ ပီချေး နမ်ဗြား တယောက် အခုတခါကော ဘယ်လမ်းလျှောက်မှာလဲလို့ မေးလိုက် ပါရစေ။

ဂါမဏိ

0 comments:

အပေါ်သို့