Wednesday, November 2, 2011

ပြုပြင်ပြောင်းလဲမှုအရှိန်မြှင့်လျှင် အာဆီယံဥက္ကဋ္ဌရာထူး သေချာ

စောရန်နိုင်
November 1, 2011

မြန်မာနိုင်ငံအား၂၀၁၄ အာဆီယံဥက္ကဋ္ဌရာထူး မပေးမီ နိုင်ငံအတွင်း ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ် ကြောင်း အကဲခတ်များက တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သို့ သွားရောက်ပြီးနောက်တွင် မြန်မာနိုင်ငံ အသင်းဥက္ကဋ္ဌ ရာ ထူး ရဖွယ်ရှိသည်ဟု အကဲခတ် အများအပြားက ဧရာဝတီကို ပြောသည်။


ခရီးစဉ်အပြီးတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Natalegawa က မြန်မာပြည်အတွင်း ထူးခြားသည့် အပြောင်းအလဲများ ဖြစ်ပွားနေသည်ဟု ယူဆကြောင်း ပြောဆိုခဲ့သည်။ သူက ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခဲ့ပြီး အစိုးရက အပြောင်းအလဲများ ထပ်မံပြုလုပ်ပါက မြန်မာပြည်အာဆီယံဥက္ကဋ္ဌဖြစ်ရေးကို ထောက်ခံမည်ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု ဆိုသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရေး၊ တိုင်းရင်းသားဒေသ အပစ်ရပ်စဲရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်ဆိုင်းရေး တို့ကို သမ္မတ ဦးသိန်းစိန်က မဖြစ်မနေ အကောင်အထည်ဖော်ရမည်ဟု ထိုင်းအခြေစိုက် NDD ခေါ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုမှ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောသည်။

စက်တင်ဘာလတွင် Mr. Natalegawa က မြန်မာပြည်ခရီးစဉ်အတွင်း လူထုအခြေပြုလူမှုအဖွဲ့အစည်းတို့၏အသံကို နားထောင် မည်ဟု ကြေညာခဲ့ဖူးသည်။ သို့သော်လည်း သူ၏ မြန်မာပြည် ၃ ရက် ခရီးစဉ်အတွင်း တိုင်းရင်းသားလူမျိုးစုများ၊ မကြာသေးမီက လွတ်မြောက်လာသော နိုင်ငံရေးလှုပ်ရှားသူများနှင့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ကြောင်း ဒေါ်ခင်ဥမ္မာက ထောက်ပြသည်။

Mr. Natalegawa သည် ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတဦးသိန်းစိန် နှင့် အစိုးရ အရာရှိကြီးများကိုလည်း တွေ့ဆုံခဲ့သည်။ သူ၏ မြန်မာပြည်ခရီးစဉ် တွေ့ရှိချက်များအား အာဆီယံဒေသ နိုင်ငံခြားရေးဝန်ကြီးများကို ပြောပြရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသံသည် မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌတာဝန် ပေးအပ်ရန် သင့်မသင့် ဆုံးဖြတ်ရာတွင် အရေး ပါဖွယ်ရှိသည်ဟု ဘန်ကောက်အခြေစိုက် မြန်မာ့အရေး စောင့်ကြည့်သူ စာနယ်ဇင်းသမား Mr. Larry Jagan က သုံးသပ်သည်။

“Mr. Natalegawa က သူကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး အင်မတန် အထင်ကြီးနေပုံရပါတယ်” ဟု Mr. Larry Jagan က ဧရာဝတီကို ပြောသည်။

Mr. Natalegawa နှင့် တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ အာဆီယံဥက္ကဋ္ဌရာထူးနှင့် ပတ်သက်၍ ကန့်ကွက်သံ ထွက်မလာ ဘဲ အကောင်းမြင်သည့် ကောက်ချက်သာ ထွက်လာသဖြင့် မြန်မာပြည် အာဆီယံဥက္ကဋ္ဌရာထူး ရဖွယ်ရှိသည်ဟု ရန်ကုန်မှ စာနယ်ဇင်းသမားတဦးက ပြောသည်။

မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ပေးပြီး တိုင်းရင်းသားဒေသ လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးယူသင့်သည်ဟု ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ဧရာဝတီကို ပြောသည်။ ၂၀၁၄ မတိုင်မီ နယ်စပ်ဒေသ တိုက်ပွဲများကို အဆုံးသတ်ရမည်ဟု သူက ပြောသည်။

“တိုင်းရင်းသားဒေသတွေမှာ သေနတ်သံ ကြားနေရတုန်းပဲ၊ အဲဒီက အခြေအနေတွေက ကျနော်တို့ သိထားတာထက် ပိုဆိုးနေပုံ ရတယ်။ ပစ်တာခတ်တာတွေ ရပ်ဖို့က အင်မတန် အရေးကြီးပါတယ်” ဟု ပူကျင့်ရှင်းထန်က ပြောသည်။

တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် တနာရီခန့်ကြာ တွေ့ဆုံခဲ့သည်။ လွတ်လပ် စွာ ကုန်သွယ်ခွင့် ရရှိရေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု၊ လွတ်ငြိမ်းချမ်းသာခွင့် စသည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အစိုးရတပ်များက ဆက်လက် တိုက်ခိုက်နေလျှင် အာဆီယံက မြန်မာနိုင်ငံအား ဥက္ကဋ္ဌတာဝန် မပေးအပ်သင့်ကြောင်း KNU ခေါ် ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

အစိုးရက အပစ်အခတ်ရပ်စဲရေး ကြေညာပြီး ငြိမ်းချမ်းရေး ဆွေးနွေးကာ တိုင်းရင်းသားဒေသတွင် ရောက်နေသော တပ်များကို လည်း ဆုတ်ခွာပေးသင့်သည်ဟု သူက ဆက်ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစိုးရနှင့် ပဋိပက္ခဖြစ်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။

တိုင်းရင်းသားဒေသ ပဋိပက္ခဖြေရှင်းရာတွင် အစိုးရက အင်ဒိုနီးရှားပုံစံကို နမူနာယူသင့်သည်ဟု အကဲခတ်များက ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသတွင် စစ်ပွဲများ ၂၉ နှစ်ကြာ ဖြစ်ပွားခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခဲ့သည်။

အင်ဒိုနီးရှား၏ သင်ခန်းစာများကို မြန်မာတို့ လေ့လာသင့်သည်ဟု အင်ဒိုနီးရှားနိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့အစည်းတခု ဖြစ် သော Peace Building Institute ၏ ညွှန်ကြားရေးမှူးချုပ် Mr. Mohammad Miqdad က ဧရာဝတီကို ပြောသည်။

“လူနည်းစုနဲ့ လူများစု တိုင်းရင်းသားမျိုးနွယ်စုများအကြား တွေ့ဆုံညှိနှိုင်းတာတွေ ပေါ်ပေါက်လာဖို့အတွက် စီစဉ်သင့်တယ်။ အဲဒါဆိုရင် မြန်မာပြည်ရဲ့ အနာဂတ်ကလည်း (အင်ဒိုနီးရှားမှာလိုပဲ) ရလဒ်တွေ ဖြစ်ပေါ်လာမှာပေါ့” ဟု Mr. Mohammad Miqdad က ပြောသည်။

အင်ဒိုနီးရှား၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ အစိုးရက အာချေး၊ ပါပူဝါ ဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသများအဖြစ် သတ်မှတ်လိုက်သည်။ အာချေးဒေသ ငြိမ်းချမ်းမှု ဖော်ဆောင်ရန်အတွက် အစိုးရက တွေ့ဆုံညှိနှိုင်းရန် သဘောတူခဲ့သည်ဟု Mr. Mohammad Miqdad က ရှင်းပြသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရန်မှာ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား တွေ့ဆုံ ဆွေးနွေးရုံသာမဟုတ်ဘဲ အလွှာအသီးသီး တွင် လည်း တာဝန်ရှိသည်ဟု သူက ပြောသည်။

၁၉၉၉ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ လူထု လှုပ်ရှားမှုကို မြန်မာပြည်သူများ လေ့လာပြီး နိုးကြားမှု ရှိသင့်သည်ဟု သူက သုံးသပ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Natalegawa က မြန်မာ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ထင်ထင်ရှားရှား တွေ့မြင်နေရပြီး အပြောင်းအလဲများ ထပ်မံ ပေါ်ပေါက်မည်ဟု ယုံကြည် ကြောင်း ပြောလိုက်သည်။

သူက နိုင်ငံရေးအကျဉ်းသားများ ထပ်မံ လွှတ်ပေးရေး၊ တိုင်းရင်းသားအင်အားစုများနှင့် ရင်ကြားစေ့ရေး တို့ကို ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းခဲ့သည်။ မြန်မာပြည် အာဆီယံဥက္ကဋ္ဌရာထူး မယူမီ ဖြစ်ထွန်းတိုးတက်မှုများ ပေါ်ပေါက်လာမည်ဟု မျှော် လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်က အာဆီယံဥက္ကဋ္ဌရာထူးအတွက် အလှည့်ကျခဲ့သော်လည်း အနောက်နိုင်ငံတို့၏ ဖိအားပေးမှု ကြောင့် ထိုအခွင့်အရေးကို လက်လွှတ်ခဲ့သည်။

ယခုလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပမည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန် ပေးရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ဖွယ်ရှိသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့