Saturday, November 5, 2011

နိုဝင်ဘာကျောက်မျက်ပြပွဲ ပျက်ပြား

သဲသဲ
နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ်

နိုဝင်ဘာလတွင်ပုံမှန် ကျင်းပလေ့ ရှိသည့် မြန်မာ့နိုင်ငံ၏ ကျောက်မျက် အထူးရောင်းချ ပွဲမှာ ယခုနှစ်တွင် မပြုလုပ်နိုင်တော့ဟု မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်း အရာထမ်းတဦးက ပြောသည်။

တနှစ်လျှင် သုံးကြိမ် ပုံမှန်ကျင်းပလေ့ရှိသည့် ကျောက်မျက် ရောင်းချပွဲများကို နေပြည်တော်၌ ယခုနှစ်အတွင်း မတ်လနှင့် ဇူလိုင်လ များက ကျင်းပခဲ့ပြီး နိုဝင်ဘာတွင် ကျင်းပရမှာဖြစ်သော်လည်း မကျင်းပဖြစ်တော့ဟုဆိုသည်။

မည်သည့်အကြောင်းကြောင့် ရွှေ့ဆိုင်းရသည်ကို ပြောရန်ကိုမူသူက ငြင်းဆန်သော်လည်း မြန်မာ ကျောက်ကုန်သည် များကတော့ နိုင်ငံခြားဝယ်လက်များ ငွေပေးချေမှု မပြီးပြတ်သေးဘဲဖြစ်နေခြင်းကို ထောက်ပြကြသည်။


“အရင်ပွဲတုန်းက ရောင်းထားတာ ငွေက တဝက်တောင် မဝင်သေးဘူး၊ နိုင်ငံခြား ကုန်သည်တွေက ငွေမသွင်းကြ ဘူး။ အဲဒါကြောင့် သူတို့ စဉ်းစားနေကြတာ” ဟု ယခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သော ကျောက်မျက်ပွဲတွင် ကျောက်စိမ်း ရောင်းချခဲ့သည့် မန္တလေးမှ ကျောက်ကုန် သည် တဦးက ပြောသည်။

တရုတ်အစိုးရက ယခုနှစ် မေလမှ စတင်ကာ မြန်မာပြည်မှ ဝယ်ယူသည့် ကျောက်များကို အခွန် ၁၀ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ရာ မြန်မာ့ကျောက်မျက်ပွဲတွင် တရုတ်ကုန်သည်များ၏ ဝယ်အား လျော့နည်းသွားစေ သည် ဟုလည်း ကျောက်ကုန်သည် များ က ပြောသည်။

ကျောက်မျက်အခွန် တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ နေပြည်တော် သတင်းရပ်ကွက် တခုအရမူ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို မြန်မာဘက်က ရပ်ဆိုင်းခဲ့မှုအပေါ် တရုတ်၏ လက်တုံ့ပြန်မှုဟု ဆိုသည်။

သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု စိုးရိမ်ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ အများက စက်တပ် ဆင် စွမ်းအား မဂ္ဂါဝပ် ခြောက်ထောင်ရှိသော ဧရာဝတီမြစ် အထက်ပိုင်း မေခ-မလိခ မြစ်ဆုံရာ အနီးရှိ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီ ယန်တန် ရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည် သုံးသပ်ရန် ဆန္ဒ ထုတ်ဖော် လာပြီးနောက် သမ္မတဦးသိန်းစိန်က သူ၏အစိုးရ သက်တမ်း အတွင်း စီမံကိန်း ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ သည်။

ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်း၊ ပုလဲနှင့် အခြားကျောက်မျက် ရတနာများကို ပြည်တွင်းမှ ကုမ္မဏီများက ကုန်သည်များက ဈေးပြိုင် လေလံ စနစ်၊ တင်ဒါစနစ်တို့ဖြင့် ပြသရောင်းချပြီး ကျောက်ဝယ်ယူပါက ငွေသား အနည်းငယ် ကြိုတင်ပေးသွင်းရပြီး သုံးလအတွင်း လက်ကျန်ငွေ ပေးချေရသည်။

ယခုနှစ် မတ်လအတွင်း ကျင်းပခဲ့သော ကျောက်မျက်ပွဲက အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံဖြင့် အရောင်းစံချိန် တင်ခဲ့ပြီး ဇူလိုင်လ ပြပွဲ တွင်မူ အမေရိကန် ဒေါ်လာ ၁.၅ ဘီလျံရှိခဲ့သည်။

တရုတ်နိုင်ငံမှ မြန်မာကျောက်များအပေါ် အခွန်တင်းကျပ်မှုကြောင့် တရုတ်ကုန်သည်များထံမှ ဈေးကောင်း မရ သလို၊ ကျဆင်းနေသည့် နိုင်ငံခြား ငွေနှုန်းတို့ကြောင့် လာမည့် ကျောက်မျက်ပွဲများတွင် လေလံတင် ရောင်းချရန် စိတ်ဝင်စားမှု နည်းကြောင်းကျောက်ကုန်သည် များ ပြောသည်။

“ပြပွဲမှာလဲ တရုတ်မှီတဲ့ ဈေးကွက် မရှိဘူးဗျ။ သူ့ပဲ အားထားရတာ ကျန်တာက အဲလောက် အားမထားရဘူး။ သူတို့ မဝယ်ရင် ကျောက်စိမ်း ဈေးကွက်က အေးသွားတာပဲ” ဟု မန္တလေးမြို့ရှိ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းရှင် တဦးက ပြောသည်။

ကျောက်စိမ်းကို အဓိက ရောင်းချလေ့ရှိသည့် မြန်မာ့ကျောက်မျက်ပွဲသို့ နှစ်စဉ် နိုင်ငံခြားသား ကုန်သည် ၅၀၀၀ ခန့် လာရောက်လေ့ရှိရာ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ထိုင်း၊ ကိုရီးယားနိုင်ငံတို့ လာရောက်ကြပြီး အများစုမှာ တရုတ်နိုင်ငံမှ ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းတွင် မြန်မာစစ်အစိုးရ အကြမ်းဖက် ဖြေရှင်းခဲ့သဖြင့် အမေရိကန်အစိုးရက ကျောက်မျက် တင်ပို့မှု အား ပိတ်ဆို့ အရေးယူသည့် ဥပဒေ ကို ၂၀၀၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။

မြန်မာ့ကျောက်မျက်များ နိုင်ငံတကာသို့ ရောင်းချရန် သတ္တုတွင်း ဝန်ကြီးဌာနက ဦးစီးကာ မြန်မာ့ကျောက်မျက်ပြပွဲကို ၁၉၆၄ ခုနှစ်တွင် နှစ်စဉ် ကျင်းပခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်တွင် တနှစ်လျှင် နှစ်ကြိမ်တိုးမြှင့်ခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် အထူးပြပွဲ ထပ်တိုးကာ တနှစ်လျှင် သုံးကြိမ် ကျင်းပခဲ့သည်။

စတင်စဉ်က ရန်ကုန်မြို့ရှိ အင်လျားလိတ် ဟိုတယ်တွင် လည်းကောင်း၊ ၁၉၉၃ ခုနှစ်မှစတင်ကာ ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ ကျောက်မျက်ပြတိုက်၊ မင်းဓမ္မလမ်းရှိ ကွန်ဗင်းရှင်း စင်တာတို့တွင် ပြုလုပ်ခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာ ပြပွဲမှစ၍ နေပြည်တော်ရှိ မဏိရတနာ ခန်းမသို့ ပြောင်းရွှေ့ ကျင်းပခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့