Wednesday, November 2, 2011

မာန်အောင်မြို့နယ်တွင် ဥယျဉ်ခြံမြေများ ဈေးကောင်းကောင်းဖြင့် အရောင်းအ၀ယ်ဖြစ်နေ

11/1/2011
ခိုင်သဇင်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ခြံမြေများကို ယခုအခါ ၀ယ်ယူမူ များပြားနေသဖြင့် ဈေးကောင်းကောင်း ရရှိ နေကြောင်း သတင်း ရရှိသည်။

မာန်အောင်မြို့နယ် ကအီး ကျေးရွာတွင် စတင်ဘာလ မှစ၍ ဥယျဉ်ခြံမြေများကို ဈေးကောင်း ပေး၍ ၀ယ်ယူနေကြောင်းကို ခြံပိုင်ရှင် ဖြစ်သူ မအေးအေးလှိုင် မှပြောသည်။


" ဟုတ်ပါတယ် ကျမတို့ ဥယျဉ်ခြံထဲမှာဆို အုန်းပင် အများအပြားရှိပါတယ်။ အရင်ကဆို အုန်းခင်းတွေကို တစ်သိန်း နဲ့ ပေးဝယ် မယ့် သူမရှိသလောက် ရှားပါးခဲ့တယ်၊ အခုဆိုရင် ခြံတစ်ခြံက သိန်း နှစ်ဆယ် အထက်မှာရှိတယ်။ အုန်းခင်ပင်တွေ မရှိတဲ့ ဥယျဉ်ခြံ မြေတွေလည်း ဈေးကောင်းရတယ်။ ကျွန်မတို့ ကအီးရွာ အုန်းခင်တွေမှ မဟုတ်ဘူး အနီးအနားရွာ က အုန်းပင်တွေ မရှိတဲ့ မြေ ကွက်လပ် တွေကိုလည်း ဈေးကြီး ပေးပြီးတော့ ၀ယ်နေကြ ပါတယ်" ဟု ပြောသည်။

မာန်အောင်မြို့ မှ ငွေကြေးချမ်းသာ သူများသာမက တခြားမြို့များမှ လူအများအပြားလည်း ဥယျာဉ်ခြံမြေများကို လာရောက် ၀ယ်ယူနေကြသည်။ လက်ရှိ ဥယျာဉ် ခြံမြေ ၀ယ်ယူနေသူ တစ်ဦးမှ ၀ယ်ယူရခြင်း ရည်ရွယ်ချက်ကို အခုလို ပြောပြသည်။

" ကအီး ကမ်းခြေက အရမ်း သာယာလှပတယ်။ နောက်နှစ်တွေမှာ ငပလီ ကမ်းခြေလိုမျိုး နိင်ငံခြားသားတွေနဲ့ မြန်မာနိင်ငံသား များ လာရောက် အပန်းဖြေလာရောက်ကြမယ်။ နောက်ပြီး ကအီးကျေးရွာက ရေနံထွက်တဲ့ နဂါးတောင် နဲ့လည်း နီးတယ်။ ရေနံ အများအပြား ထွက်လို့ရှိရင် တရုတ်တွေလာကြမှာပဲ။ ကျနော်တို့က အဲလို မျှော်လင့်ချက်နဲ့ ၀ယ်ယူတာ ဖြစ်ပါတယ်။ အဓိကတော့ နိင်ငံခြားသားတွေ လာရောက်ရင် နေရာတွေက အနာဂတ်မှာ မြေဈေးတွေ တက်လာနိုင်ပါတယ်။ ဒါကြောင့် ၀ယ်ယူတာ ဖြစ်ပါ တယ်" ဟု ပြောသည်။

မာန်အောင်ကျွန်းကို ပတ်ပြီး ဖေါက်လုပ်ထားသော ၅၂ မိုင်ရှည် ကျွန်းပတ်လမ်းကို ၂၀၁၀ ဖော်ဖေါ်ဝါရီလ ၆ ရက်နေ့က စတင်ဖွင့် လှစ်ခဲ့ပြီးနောက် သွားလာရေး လွယ်ကူလာသဖြင့် မာန်အောင်ဒေသမှာ အနာဂတ်တွင် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန် အခြေ အနေကောင်းများ ရှိနေကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၃၆ အုပ်စု၊ ကျေးရွာပေါင်း ၁၀၈ ရွာရှိပြီး အများစုမှာ ပင်လယ် ကမ်းခြေတွင် တည် ရှိကာ အလွန်နေချင် စဖွယ်ကောင်းကြောင်း ရောက်ဖူးသူများက ပြောသည်။

ကအီး ကမ်းခြေမှာ မာန်အောင်မြို့နယ်တွင် အလှဆုံး ပင်လယ်ကမ်းခြေ ဖြစ်ပြီး အုန်းပင်များနှင့် သဘာဝ အလျှောက် ပေါက် ရောက် နေသော နှစ်ရှည် အပင်များတည်ရှိသဖြင့် မာန်အောင်ကျွန်းမှ လူများသာမက တခြားမြို့နယ်များမှ လူများလည်း ကအီသို့ အလည်အပတ် သွားရောက်ကြသည်ဟု သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့