Wednesday, November 2, 2011

အိဒ် (ကူရ်ဘင်) ပွဲတော်ရက် နီးကပ်လာသဖြင့် နွားဈေးကောင်း၍ ရခိုင်တွင် နွားခိုးမှု တိုးပွားနေ

11/1/2011

ခိုင်သိန်း
---------
အစ္စလာမ် ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် အိဒ်(ကူရ်ဘင်) ပွဲတော်ရက် နီးကပ်လာသဖြင့် ဘင်္ဂလာဒေခ်ျ့တွင် နွားဈေး အထူး ကောင်းနေသဖြင့် ရခိုင်ပြည်နယ်တွင် နွားခိုးမှုများ အထူး တိုးပွားနေသည်ဟု သိရသည်။

လွန်ခဲ့သော အောက်တိုဘာလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ် အငုံမော်၊ ချောင်းရင်း ကုန်တန်းကျေးရွာ အဖ ဦးအင်္ဂါ အောင် သမီး ဒေါ်ကျော့မဖြူတို့ထံမှ နွား ၁၀ ကောင်ကို ခိုးယူသွားကြောင်း နွားပိုင်ရှင် အမျိုးသမီးက နိရဉ္စရာသို့ ပြောသည်။


" လွန်ခဲ့တဲ့လ ၂၉ ရက်နေ့က ကျွန်မတို့မှာ မွေးထားတဲ့ နွား ၁၀ ကောင်ကို ခိုးယူသွားပါတယ်။ အဲဒီ နွားတွေကို ပြည်ထဲမှာ လိုက်လံရှာ ဖွေခဲ့ပါတယ်။ ဘင်္ဂလာကို ရောက်သွားပြီလားဆိုပြီး ဘင်္ဂလာကို လိုက်ပြီး ရှားခိုင်းပါတယ်။ ဒါပေမယ့် မတွေ့ ပါဘူး။ အခု အိဒ်ပွဲတော်နဲ့ နီးနေတဲ့အတွက် ဘင်္ဂလာမှာ နွားဈေးကောင်းနေတဲ့ အတွက် နွားခိုးဂိုဏ်းတွေက အထူး သောင်းကျန်းနေပြီး သူ့ထက်ငါ လက်ဦးမှု ယူပြီး ခိုးနေကြပါတယ်" ဟု ပြောသည်။

နွားပျောက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲအဖွဲ့များကို တိုင်ကြားသော်လည်း ငွေမပေးလျှင် အရေးယူ ဆောင်ရွက်ခြင်း မရှိဟု သူမက ဆက် ပြောသည်။

" ကျွန်မတို့ နွားပျောက်ပြီး နောက်တရက်မှာ ညောင်ချောင်းရဲစခန်း၊ မောရ၀တီရဲစခန်းနဲ့ နယ်မြေ ၇ နစက စခန်းတွေမှာ သွား တိုင်ထားပါတယ်။ ဒါပေမယ့် သူတို့က ငွေမရတော့ အရေးတယူ လိုက်ရှာ မပေးတဲ့အတွက် ခုလို ကျွန်မကိုယ်တိုင် တခြား ဆွေမျိုး နဲ့ ၀ိုင်းဝန်း လိုက်ရှာနေရ တာ ဖြစ်ပါတယ်။"

သူမတို့ နေထိုင်သော ဒေသတွင် နာမည်ကြီးနေသော နွားသူခိုးဂိုဏ်း အများအပြားရှိပြီး နွားခိုးဂိုဏ်း ခေါင်းဆောင်များမှာ ချောင်းရင်း ကုန်တန်းကျေးရွာမှ ဦးယဉ်မောင်၊ ပေါက်တောပြင်ရွာမှ ဦးကျော်လှစိန်၊ ဆင်ပိုက်မှ ဦးမောင်ထွန်းတို့ ဖြစ်ကြ ကြောင်းနှင့် သူတို့မှာ ဒေသဆိုင်ရာ ရဲနှင့် နစက အာဏာပိုင်များကို လဒ်ငွေထိုးပြီး နွားများကို ခိုးယူ နေ ကြသည်ဟု တခြား ဒေသခံတဦးက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တော မြို့နယ် များတွင်လည်း နွားများ နေ့စဉ် ရက်ဆက် အခိုး ခံနေရသဖြင့် နေ့ရော ညပါ နွားပိုင်ရှင်များမှာ နွားများကို ထိမ်းသိမ်း စောင့်ရှောက်နေရသည်ဟု ဆင်သေရွာသား တဦးက နိရဉ္စရာသို့ ပြောသည်။

" အခု အိဒ်ပွဲတော်မှာ နွားတွေ အခိုးခံနေရတာ များတော့ အခိုးမခံရအောင် စောင့်နေရကြရပါတယ်။ အောက်တိုဘာလ ၂၈ ရက် နေ့က ဆိုရင် ကျွန်တော်တို့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သေ သြရမကျေးရွာက ထွန်းသာဘောဆိုသူမှာ နွား ၇ ကောင် အခိုး ခံရပါ တယ်။ အဲဒီ အခိုးခံရတဲ့ နွားတွေကိုတော့ ရသေ့တောင်မြို့နယ် ဂူတောင်ရဲစခန်း ရဲအဖွဲ့က ဘင်္ဂလာဒေ့ခ်ျကို တင်ဖို့လုပ်နေတဲ့ အချိန်မှာ ဖမ်းဆီးမိပါတယ်။ ဒါပေမယ့် နွားပိုင် ရှင်ကို မပေးဘဲ စစ်ဆေးနေပါတယ်။"

ဘင်္ဂလာဒေ့ခ်ျတွင် အိဒ် ပွဲတော် အတွင်း ကျွဲ၊ နွားဈေးမှာ အဆမတန် ဈေးကောင်းရနေသဖြင့် ရခိုင်ပြည်နယ်မှ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်များကို မှောင်ခို လမ်းကြောင်းမှ တဆင့် တင်ပို့နေကြသည်။ ထိုအထဲတွင် ခိုးနွားများကိုလည်း ရောသွင်း သယ်ယူလာပြီး ရောင်းချနေကြသည်ဟု သိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ယခုအခါ ပထမတန်း ကျွဲတကောင်ကို တာကာငွေ ၇၀၀၀၀ (ကျပ် ၇သိန်း) ၊ ဒုတိယတန်း ကျွဲတကောင် ကို ၅၀၀၀၀ (ကျပ် ၅သိန်း)၊ တတိယတန်း ကျွဲတကောင်ကို ၃၀၀၀၀ ( ကျပ် သုံးသိန်း) နှင့် ပထမတန်း နွားတကောင်ကို တာကာ ငွေ ၆၀၀၀၀ (၆သိန်း) ၊ ဒုတိယတန်းစား တစ်ကောင်ကို ၄၀၀၀၀ (၄ သိန်း ကျပ်) ၊ တတိယတန်း ၂၀၀၀၀ ( ကျပ် ၂ သိန်း) အထိ ဈေးရှိပြီး၊ ပထမတန်း ဆိတ်တကောင်ကို တာကာငွေ ၁၂၀၀၀ ( တစ်သိန်း နှစ်သောင်း) ၊ ဒုတိယတန်းစား ၇၀၀၀ ( ၇ သောင်း ကျပ်) ဈေးရှိသည်ဟု သိရသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့