Thursday, November 3, 2011

တိုင်းရင်းသားအရေး ဖြေရှင်းပေးရန် ကုလ အထူးကိုယ်စားလှယ်ကို တောင်းဆို

သောမတ်စ် မောင်ရွှေ
ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုင်းရင်းသားလူမျိုးစုများကောင်စီ (ENC) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ
ရွှေခါး က ထိုင်းနိုင်ငံ တွင် အင်္ဂါနေ့ က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ ကုလသမဂ္ဂ၏ မြန်မာပြည်အရေး ဆိုင်ရာ အထူးသံ ကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ အရေးကို ကူညီဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။

လက်ရှိတိုင် အပစ်အခတ်ရပ်စဲခြင်း မရှိသေးသည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ခေါင်းဆောင်တဦးလည်း
ဖြစ်သည့် ဒေါက်တာရွှေခါးက တိုင်းရင်းသားလူမျိုးစုများ၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ၎င်းတို့၏
တော်လှန်ရေးလှုပ်ရှားမှုသည် နိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေးနှင့် တည်ငြိမ်မှု အတွက် ပင်မပြဿနာ တခုအဖြစ် တည်ရှိ နေသည် ဟုဆိုသည်။

"အကယ်၍ သူ့ရဲ့ အခုမစ်ရှင်မှာ တိုင်းရင်းသားအရေးကိစ္စကို ထည့်သွင်းဆောင်ရွက်ခြင်း မရှိဘူး ဆိုရင်တော့
အောင်မြင်မှု ရမှာမဟုတ်ဘူး" ဟု ဒေါက်တာရွှေခါးက မစ္စတာ နမ်ဘီးယားသို့ ဦးတည်၍ ပြောကြားခဲ့သည်။ သူက ယခုကဲ့သို့ တောင်းဆို ပြောကြားလိုက်သည့် အချိန်သည် ယခုနှစ် အတွင်း မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်မြောက်
မစ္စတာ နမ်ဘီးယား သွားရောက်နေသည့် အချိန်နှင့် တိုက်ဆိုင် ပြောဆို လိုက်ခြင်းလည်း ဖြစ်သည်။

သတင်းစာ ရှင်းလင်းပွဲစင်မြင့်တွင် အတူရှိနေသူ ENC အဖွဲ့၏ အကြံပေးဖြစ်သည့် ဒေါက်တာ လီယန် အိပ်ခ်ျ ဆာခေါင်း (Lian H. Sakhong) ကလည်း ယခု မစ္စတာနမ်ဘီးယား ဖော်ပြထားသည့် ခရီးစဉ်တွင် အတိုက်အခံ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရန် မပါဝင်သည့်အတွက် စိတ်ပျက်မိကြောင်း ပြောဆိုသည်။

မစ္စတာ နမ်ဘီးယား၏ ယခင်က စွမ်းဆောင်ချက်များနှင့် ပတ်သက်၍လည်း ဒေါက်တာ ဆာခေါင်းက "အမြင့်ဆုံး ကုလသမဂ္ဂ အဖွဲ့အစည်း တခု အနေနဲ့ မြန်မာပြည်အရေးကို အခုလို ကိုင်တွယ်နေတာကို ကျနော် ပြင်းပြင်း ထန်ထန် ဝေဖန်ချင်ပါတယ်။" ဟု ချင်းမိုင်ရှိ ယခုရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ တိုင်းရင်းသားအရေး ပြဿနာကို ပို၍ အလေးအနက်ထားသင့် သည်ဟုလည်း သူက တိုက်တွန်းသည်။

"ဟုတ်ပါတယ်။ ရွေးကောက်ပွဲတော့ ရှိပါပြီ။ ဒါပေမယ့် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ် နေတုန်းပါပဲ။ ကရင်ပြည်နယ်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတုန်းပါ။ ရှမ်းပြည်နယ်မှာလည်း ပြဿနာတွေ ရှိနေတုန်းပါ။ ဒါကို ဘာဖြစ်လို့ မမြင်နိုင်ရတာလဲ။ အကြောင်းကတော့ သူတို့က မျက်စေ့ပိတ်ထားကြလို့ပါပဲ။" ဟု ပြောဆိုခဲ့သည်။

ကုလ အထူးသံ မစ္စတာနမ်ဘီးယားအနေဖြင့် မြန်မာပြည်အရေး ပြဿနာ ကိုင်တွယ်နေပုံကို ယခု နောက်ဆုံး ထုတ်ဝေ ဖြန့်ချိသည့် ENC အဖွဲ့၏ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးစုများအရေး အစီရင်ခံစာနှင့် ပတ်သက်၍ ရှင်းလင်းအသိပေးပွဲတွင် ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

ယင်းအဖွဲ့က "မြန်မာနိုင်ငံ တိုင်းရင်းသားပြည်နယ်များတွင် ခွဲခြားဖိနှိပ်မှုများ၊ ပဋိပက္ခများနှင့် အကျင့်ပျက် ခြစားမှုများ" (Discrimination, Conflict and Corruption: The Ethnic States of Burma) အမည်ရ ၉၈- မျက်နှာရှိ အစီရင်ခံ စာ တစောင်ကို ပြုစု ထုတ်ဝေခဲ့သည်။ ၎င်းအစီရင်ခံစာ အတွက် သုတေသနပြု ရေးသားခဲ့ သူ ပေါလ် ကီနန် (Paul Keenan) က တိုင်းရင်းသားဒေသများအတွင်း နေထိုင်သူ ၅၃ ဦးကို တွေ့ဆုံမေးမြန်း ခဲ့ပြီး၊ တိုင်းရင်းသားဒေသများရှိ ဘဝအခြေအနေကို ထိုသူများ၏ အမြင်အတိုင်း စုစည်းတင်ပြထားသည်ဟု ဆိုသည်။

တိုင်းရင်းသားများအရေး စာနာနားလည်သူများ အနေဖြင့် ယခု အစီရင်ခံစာ၏ နောက်ဆုံး နိဂုံး ချုပ်ချက်ကို အငြင်းပွား ကြလိမ့်မည် မဟုတ်ပါ။ "လွတ်လပ်ရေးရရှိပြီး နှစ် (၆ဝ) တိုင်လာပြီးနောက် တိုင်းရင်းသား လူမျိုးများ ၏ ဘဝများပို၍ သိသိသာသာ နိမ့်ပါး လာရသည်။ ဤသို့ ဖြစ်ရခြင်းမှာ ပြည်တွင်းစစ်က အဓိက အကြောင်းရင်း တခု ဖြစ်သော်လည်း၊ အစိုးရ၏ မူဝါဒ များက ဗမာမဟုတ်သည့် တိုင်းရင်းသားလူမျိုးစုများကို လူမှု အဖွဲ့အစည်း ၏ အောက်ဆုံးနောက်ဆုံး၊ စာပေမတတ်၊ ချိုးနှိမ် ဖိနှိပ်၍ ဆက်ထားချင်သည့်အကြောင်းလည်း အဓိက ကျသည်။"ဟု ဖော်ပြထားသည်။

ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ အမျိုးမျိုးသော တိုင်းရင်းသားလူနည်းစုများကို တွေ့ဆုံမေးမြန်း ကိုးကား ထားပြီး၊ ယေဘုယျအားဖြင့် မေ့ထားတတ်ကြသည့် ကရင်ပြည်နယ်ရှိ မူစလင်လူနည်းစုများကိုပါ ထည့်သွင်း မေးမြန်းထားသည်။

ဘင်္ဂါလီ အနွယ်တဦးက ENC သုတေသီထံသို့ ပြောပြရာ၌ "ခွဲခြားဖိနှိပ်တာတွေ မြင်နေ ရပါတယ်။ တိုင်းရင်းသား အရရော၊ ဘာသာရေး အရပါ ဖိနှိပ်မှုတွေ ရှိနေတာ ပြောချင်ပါတယ်။ တချို့ ရွာသားတွေက ကရင် လူမျိုးပါ၊ တချို့က ကရင်- ဗမာ-ဘင်္ဂါလီ၊ တချို့က ကရင်-ပအို့ဝ်-ဘင်္ဂါလီ၊ ဒါပေမယ့် မူစလင်ဘာသာ ကိုးကွယ်ပါတယ်။ ကျနော်တို့ အားလုံးက ကရင်လို ကောင်းကောင်း ပြောတတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကို မူစလင်လို့ မြင်ကြတယ်။ တချို့နေရာတွေမှာ စာကပ်ထားတယ်။ 'ဒီနေရာ မူစလင်မဝင်ရ' ဆိုပြီး၊ ကျနော်တို့က ကရင်တွေ ဆိုင်မှာ ဈေးဝယ်ပါတယ်။ ကရင်လူမျိုးတွေ က မူစလင်တွေရဲ့ လယ်တွေ၊ အိမ်တွေကို ဝယ်ခွင့် ရှိတယ်။ မူစလင်တွေကျတော့ ကရင်ပိုင် ပစ္စည်းတွေကို ဝယ်ယူခွင့် ပေးမထားဘူး။" ဟု ဆိုသည်။

ဤအစီရင်ခံစာက စစ်ပြီးနောက်ပိုင်း တိုင်းရင်းသားလူမျိုးများ အရေးနှင့်ပတ်သက်၍ မည်သို့ ကိုင်တွယ် ခဲ့သည်ကို အသေးစိတ် ဖော်ပြထားပြီး၊ အမျိုးသားလွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး အရ ယူနိုင်ရန်အတွက် တိုင်းရင်းသားများနှင့် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသည့် အကြောင်းများကို လည်း ဖော်ပြထားသည်။ နောက်ပိုင်း ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရပြီး၊ စာချုပ်ကို အကောင်အထည် မဖော်နိုင် ဖြစ်ခဲ့ရသည်။

ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက်ပိုင်း၊ ဆက်လက်ဦးဆောင်ခဲ့ကြသူ ဦးနုက ပေးအပ်ထားသည့် တိုင်းရင်းသားများ အတွက် ကတိ ကဝတ်များကို ပြန်လည် ရုပ်သိမ်း ခဲ့ကြသည်။ ဦးနုဦးဆောင်သည့် မြန်မာအစိုးရ၏ ပထမပိုင်း ကာလများသည် လည်း ပြည်တွင်းစစ်နှင့် ပဋိပက္ခများ ပြင်းထန်နေကာ၊ ၁၉၆၁ ခုနှစ်တွင် သူက အငြင်းထွက် ဖွယ်ဖြစ်သည့် ဗုဒ္ဓဘာသာ ကို နိုင်ငံ တော်ဘာသာအဖြစ် ကြေညာခဲ့အပြီး မရှေးမနှောင်းမှာ ဒီမိုကရေစီ အုပ်ချုပ်ရေးလည်း အဆုံးသတ်ခဲ့ရသည်။

ယခုအစီရင်ခံစာ နိဂုံးချုပ်သုံးသပ်ချက်တွင် ဖော်ပြထားရာ၌ "ယခုအစိုးရသည် ပြုပြင် ပြောင်းလဲရေးများ ဆောင်ရွက်ရန် စိတ်ဆန္ဒရှိသည်ဟု ယူဆရပြီး၊ တိုင်းပြည်၏ စီးပွားရေး ပြန်လည်ထူထောင်ရန်၊ အမျိုးသား နိုင်ငံရေးကို ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန်၊ လူ့အခွင့်အရေးများ မြှင့်တင်ပေးရန် ကြိုးပမ်း နေသည်ဟု ချီးကျုး ပြောဆို နေကြသော်လည်း၊ ဤပြော ဆိုမှုများက ပြည်သူအများ နေ့စဉ်ခံစားနေရသည့် ဘဝများအပေါ် သက်ရောက်မှု အနည်းငယ်မျှ ရှိသည်ကို အသိအမှတ် မပြု ပြောဆိုနေခြင်းသာ ဖြစ်ပေတော့သည်" ဟု ဖော်ပြထားသည်။

Thomas Maung Shwe ရေးသားသည့် ENC chairman urges UN’s Nambiar to address ethnic issues in Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့