Tuesday, November 8, 2011

BBC mistake on Burmese maps – အင်တာနက်သုံးစွဲသူမြန်မာပြည်သူတွေက ကန့်ကွက်

ဘီဘီစီ၏ မြန်မာမြေပုံလွဲမှားမှုကို တောင်းပန်ရန် မြန်မာပြည်၏ အင်တာနက်သုံးစွဲနိုင်သူ တိုင်းရင်းသားပြည်သူတွေက တောင်းဆို ထား ကြောင်း ကြံ့ဖွံ့အစိုးရ၏ ရတနာပုံတယ်လီပို့တွင် တင်ထားသည့် မြန်မာနယူးစ်ဝခ် အင်တာနက်သတင်းစာမျက်နှာ၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည် အောက်တိုဘာ လလည်ခန့် စတင်ပြီး အငြင်းပွားမှုနှင့် ဝေဖန်ကန့်ကွက်မှုဖြစ်ပေါ်စေခဲ့သည့် ဘီဘီစီအင်္ဂလိပ်ပိုင်း အာရှပစိဖိတ် ဌာန၏ ၂၀၁၀ နိုဝင်ဘာလ ၅ ရက် နေ့စွဲဖြင့် သတင်းဆောင်းပါးတွင် မြန်မာပြည်မြေပုံ၊ ရခိုင်ပြည်နယ်၏ အညွှန်းတွင် ရိုဟင်ဂျာ (ဘင်္ဂါလီ) လူမျိုးများကို ထည့်သွင်းထားခဲ့သည့်အတွက် အဆိုပါအချက်ကို ဖေ့စ်ဘွတ်ပေါ်ရှိ မြန်မာအင်တာသုံးစွဲသူတို့က ကန့်ကွက်ခြင်း၊ ဘီဘီစီ ပြင်ဆင်ရန်၊ တောင်းပန်ရန် တောင်းဆိုခြင်းတို့ ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၂၈တွင် ဘီဘီစီက ရခိုင်ပြည် နေရာအညွန်းတွင် ရခိုင် တိုင်းရင်းသားတို့ကို ထည့်သွင်းခဲ့သော်လည်း အငြင်းပွားဖွယ် ရိုဟင်ဂျာအမည်ကို ရခိုင်နယ်စပ်တွင် ပြောင်းရွှေ့ဖော်ပြခဲ့သည်။


ထိုအချိန်မှစ၍ မြန်မာပြည်တွင် တိုင်းရင်းသားလူမျိုးစုအဖြစ် ဖော်ပြခြင်းမပြုခဲ့ဖူးသော ရိုဟင်ဂျာ လူမျိုးစုအပေါ် ဖေ့စ်ဘွတ်စာဖတ် ပရိသတ်အတွင်း ပြောင်ပြောင်တင်းတင်း ငြင်းခုံမှုများ ပြင်းထန်လာခဲ့သည်။ ဘင်္ဂလားပြည်မှ ရွှေ့ပြောင်းလာသော ဘင်္ဂါလီလူမျိုးများ အဖြစ်သာ သဘောထားကြောင်း အငြင်းအခုန်များတွင် ရေးသားထားကြသည်ကို တွေ့ရသည်။

အဆိုပါအင်တာနက်ပေါ်က မြန်မာပရိသတ်တို့၏ အငြင်းပွားမှုကို မြန်မာပြည်တွင်းရှိ အာဏာပိုင်တို့၏ ရတနာပုံတယ်လီပို့တွင် တင်ဆက် နေသည့် မြန်မာနယူးစ်ဝခ် သတင်းစာမျက်နှာတွင် ပြန်လည်တင်ဆက်ခြင်းအတွက် အင်တာနက်ကန့်သတ်မှုများ၊ သတင်း စိစစ်ခြင်း၊ အမှောင်ချခြင်းများ လုပ်ဆောင်သူ မြန်မာအာဏာပိုင်များ၏ လုပ်ရပ်မှာ မေးခွန်းထုတ်စရာ ဖြစ်သည်ဟု အချို့က မှတ် ချက်ပေးသည်။

မြန်မာနယူးစ်ဝခ်သတင်းမျက်နှာက တင်ဆက်သည်ကို ရတနာပုံတယ်လီပို့က ပြန်လည် ကူးယူဖော်ပြခြင်း ဖြစ်သည်ဟု အချို့က ထောက်ပြ ကြသည်။ အချို့ကလည်း ဖေ့စ်ဘွတ်အင်တာနက်သုံးသူများကို အီလက်ထရွန်းနစ်ဥပဒေဖြင့် ထောင် ၅ နှစ် ချနိုင်သည်ဟု အစိုးရက ယခင်တုန်းက သတင်းများတွင် လေသံပစ်ခဲ့ပြီး ယခုမှ “အင်တာနက်သုံးစွဲသူ မြန်မာပြည်သူတွေ” ဟု ရေးသားခြင်းသည် မြန်မာပြည်တွင် အင်တာနက်ကို သုံးစွဲခွင့် လွတ်လပ်မှု ရှိပြီဟု ပြချင်သလားဟု မေးခွန်းထုတ်သည်။ ယခုမြန်မာပြည်နိုင်ငံရေး အခြေ အနေတွင် အပြောင်းအလဲကို တောင်းဆိုနေချိန်မှာ ယခုကဲ့သို့ အငြင်းပွားမှု၊ ကန့်ကွက်မှုများကို ဖော်ပြခြင်းသည် ပြည်ပမီဒီယာများနှင့် ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုများကို ထောက်ပြချင်၍လားဟုလည်း မှတ်ချက်ပြုကြသည်။

“အခုလို ဘီဘီစီက ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားလို့ ပြောတယ်၊ လက်မခံတဲ့ မြန်မာတိုင်ရင်းသားတွေနဲ့ ပရိသတ်တွေက ကန့်ကွက် တယ်။ အသံမျိုးစုံထွက်နေတယ်။ ဒါကို ဘာသာရေးတွေ၊ လူ့အခွင့်အရေးတွေ၊ အစိုးရသွေးထိုးတာတွေ၊ လူမျိုးရေးတွေ ဘာညာစ သည်ဖြင့် တံဆိပ်ကပ်နေကြတာတွေ ရှိတယ်။ အဲသည်အချိန်မှာ ပြည်တွင်းက မီဒီယာမှာ ဖော်ပြလိုက်တာက ထူးခြားချက်ဖြစ်တယ်။ ပိုထူးခြားတာကတော့ ပြည်ပမီဒီယာတွေနဲ့ တက်ကြွသူတွေက ဒါကို ဘာမှ ကောက်နုတ်ပြောဆိုခြင်းမရှိဘဲ ငြိမ်သက်နေတယ်။ ဘာသဘောလဲ” ဟု ဖေ့စ်ဘွတ်မြန်မာပရိသတ်အချို့က မေးခွန်းထုတ်ထားသည်။

အသေးစိတ်ကူးထားသည့် စာမျက်နှာကို ဖေ့စ်ဘွတ်တွင် သည်လိုတွေ့နိုင်သည်။

Ref: Moemaka

0 comments:

အပေါ်သို့