Friday, November 11, 2011

ပတ္တမြားနဂါးပိုင်ရှင်က အမတ်များကို တောင်ကြီးခရီးပို့ဆောင်

အေးလဲ့
နိုဝင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ်

အထက်လွှတ်တော်အမတ် စီးပွားရေး လုပ်ငန်းရှင် ဦးနေဝင်းထွန်းမှ ကမကထပြုကာ တိုင်းရင်းသားအမတ် ၃၇ ဦးကို တောင်ကြီးမြို့ သို့ နှစ်ရက်ကြာ အလည်အပတ် ပို့ဆောင်ပေးကာ သူပိုင် သတ္တုတွင်း လုပ်ငန်းများကို ပြသခဲ့သည်။

ပတ္တမြားနဂါး ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင်လည်းဖြစ်သူ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ် ပါတီအကြီးအကဲ တဦး ဖြစ်သည့် ရှမ်းပြည်နယ် အမှတ် (၉) မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးနေဝင်းထွန်းမှ ဖိတ်ကြား၍ အထက်လွှတ်တော် အမတ်အများစုနှင့် လွှတ်တော်ရုံး အဖွဲ့ဝင်များ ပါဝင်သော အဖွဲ့သည် လွန်ခဲ့သည့် စနေနှင့် တနင်္ဂနွေနေ့များတွင် သွားရောက် လည်ပတ်ကြခြင်း ဖြစ်သည်။

ခရီးစဉ်တွင် လိုက်ပါသွားခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာဦးအေးမောင်က “ပါတီစုံ ပါပဲ၊ ပြည်ခိုင်ဖြိုး အဖွဲ့လည်း ပါတယ်၊ တစညလည်း ပါတယ်၊ ကျနော်တို့အဖွဲ့ ရခိုင်ပါတီလည်း ပါတယ်။” ဟုပြောသည်။

ကချင်စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ UDPKS မှ ဦးခက်ထိန်နန်တို့ အပါအဝင် ချင်း၊ မွန်၊ ကရင် ပါတီများမှလည်း လိုက်ပါသွားကြကြောင်း သိရသည်။

စနေနေ့ ခရီးစဉ်တွင် ဦးနေဝင်းထွန်း၏ လုပ်ငန်းများဖြစ်သည့် ပင်လောင်းမြို့နယ်ရှိ နဂါး ဘိလပ်မြေ စက်ရုံနှင့် ဟဲဟိုးမြို့နယ်ရှိ ခနောက်စိမ်း သတ္တုတူးဖော်ရေး မိုင်းတွင်းကို သွားရောက်ခဲ့ကြသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ၃၂၀ ကျော်တဲ့ မြို့နယ်ထဲမှာ ၂၀၀ ကျော်က သတ္တုတွေ တခုမဟုတ်တခု ရှိကြတာပေါ့နော်၊ အဲဒါကြောင့်မို့လို့ သူက သတ္တုတူးဖော်ရေး လုပ်ငန်း ဖောင်ဒေးရှင်းတခုကို သိန်းတသောင်းငါးထောင်နဲ့ မတည်ပြီး တည်ထောင်တယ်။” ဟု ဦးအေး မောင်က ပြောသည်။

လဲချား မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးစိုင်းမောင်တင်က“ ဦးနေဝင်းထွန်းရဲ့ ဟိုပုန်း (တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာရှိ) ခနောက်စိမ်း သတ္တုတွင်းကို သွားပြီးလေ့လာခဲ့တယ်၊ ခနောက်စိမ်း တူးထားတဲ့ တွင်းထဲ ဝင်ကြည့် ကြတယ်၊ နောက်သူ ခနောက် စိမ်း သန့်စင်စက်ရုံ လုပ်မယ်။” ဟု ပြောသည်။

တိုင်းဒေသကြီး ခြောက်ခုတွင် သတ္တုတွင်း တူးဖော်ရေးလုပ်ငန်း၊ ကျောက်မျက် တူးဖော်ရေး၊ ရွှေတူးဖော်ရေး လုပ်ငန်းများရှိရာ၊ လုပ်သား ဝန်ထမ်းပေါင်း ၃,၅၀၀ ကျော် ရှိပြီး တလလျှင် လုပ်အားခ ကျပ်သိန်းပေါင်း ၇,၅၀၀ ခန့် လစာငွေ ပေးရသည်ဟု သိရသည်။

ဦးနေဝင်းထွန်းသည် ကချင်ပြည်နယ်ရှိ ဖားကန့်၊ ရှမ်းပြည်နယ်ရှိ မန္တလေးတိုင်းရှိ မိုးကုတ်တို့တွင် ကျောက်မျက် ရတနာနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

ကိုယ်စားလှယ် အဖွဲ့သည် ဖောင်တော်ဦးဘုရားပွဲ အင်းလေးသို့လည်း အလည်အပတ် သွားရောက်ခဲ့သလို တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကိုလည်း လည်ပတ်ခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ခုနှစ်ရက်နေ့ ရွေးကောက်ပွဲ တနှစ်ပြည့် နှစ်ပတ်လည်ကို တောင်ကြီး အေးသာယာ၊ မြို့သစ်ရှိ ဦးနေဝင်းထွန်း၏ ဧက ၂၀၀ ကျော် ကျယ်သည့် စပျစ်ခြံ၌ ညစာ တည်ခင်း ဧည့်ခံကြောင်း သိရသည်။

ဦးနေဝင်းထွန်း၏ စပျစ်ခြံ မြင်ကွင်းကို ဦးအေးမောင်က “ ဝိုင် ထုတ်တဲ့ စက်ရုံမှာလည်း ပြင်သစ်ပညာရှင်တွေ ရှိတယ်၊ ပုလင်း သန့်စင်တာကနေ ဝိုင်ထုတ်တဲ့ အထိ၊ နှစ်ချို့ဝိုင် ထားဖို့ အတွက်လည်း မြေအောက်အခန်းတွေ ရှိတယ်၊ ဝက်သစ်ချသားနဲ့ လုပ် ထားတဲ့ စည်လှောင်ခန်းကြီးတွေ လုပ်ထားတာ တွေ့ရပါတယ်၊ နာမည်က RED Mountain Wine ဆိုတဲ့ နာမည်နဲ့ ထုတ် တယ်လို့ သိရတယ်။” ဟုပြောသည်။

ယခု သီတင်းပတ်သည် ပထမသက်တမ်း ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများ သီတင်းပတ် တပတ်ကြာ အားလပ်ရက် ရပ်နားချိန် ဖြစ်သည်။

ဦးအောင်ခမ်းထီခေါင်းဆောင်သည့် ပအိုဝ့်ဖြူဟု ခေါ်လေ့ရှိသော အမျိုးသားရေးဝါဒီ PNO အဖွဲ့မှာ ၁၉၉၀ ပြည့်နှစ် ဧပြီလအတွင်း ထိုစဉ်က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး စစ်အစိုးရကြီးမှူးရေးဆွဲသော အခြေခံ ဥပဒေရေး ဆွဲရာတွင် ပါဝင်ခဲ့သည်။ အဖွဲ့ ခေါင်း ဆောင်များမှာ ရာထူးမှဖယ်ရှားခံရသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ရင်းနှီးကာ ယင်းတို့ တူးဖော်ရရှိသော တန်ချိန်သုံးထောင်ရှိ ကျောက်စိမ်းတုံးကြီးကို
နိုင်ငံတော်ပိုင် အဖြစ် လွှဲပြောင်းပေးခဲ့ဖူးသည်။



Ref: မဇ္ဈိမ

0 comments:

အပေါ်သို့