Tuesday, November 8, 2011

“အမျိုး​သမီး​များ​အတွက် တရား​မျှတမှုကို ​ဆောင်ကျဉ်း​ပါ” ဗွီဒီယိုမှတ်တမ်း​ခွေ ဖြန့်​ချိ

7, 2011 by ခင်မင်းဇော်

ကချင်၊​ ကရင်နဲ့​ ရှမ်း​ဒေသ​တွေမှာ ဆက်တိုက်ဖြစ်ပွား​နေတဲ့​ မြန်မာစစ်တပ်ရဲ့​ ထိုး​စစ်ဆင်မှု​တွေနဲ့​အတူ အမျိုး​သမီး​တွေအ​ပေါ် အဓမ္မပြုကျင့်​မှုများ​ ကျူး​လွန်​နေဆဲဖြစ်​ကြောင်း​ ​ဖော်ထုတ်တင်ပြထား​တဲ့​ ဗွီဒီယိုမှတ်တမ်း​ခွေကို အမျိုး​သမီး​များ​အဖွဲ့​ချုပ် (မြန်မာနိုင်ငံ) က ဒီက​နေ့​ ထုတ်​ဝေဖြန့်​ချိလိုက်ပါတယ်။

အမျိုး​သမီး​ များ​အဖွဲ့​ချုပ် မြန်မာနိုင်ငံက “အမျိုး​သမီး​များ​အတွက် တရား​မျှတမှုကို ​ဆောင်ကျဉ်း​ပါ” လို့​ အမည်​ပေး​ထား​တဲ့​ ဒီမှတ်တမ်း​ခွေကို ထိုင်း​နိုင်ငံ ချင်း​မိုင်တက္ကသိုလ်တွင်း​ရှိ အိုင်စီခန်း​မမှာ မိတ်ဆက်ဖြန့်​ချိပွဲ ပြုလုပ်ခဲ့​တာပါ။


ဒီမှတ်တမ်း​ဗွီဒီယို​ခွေမှာ ပိုမိုခိုင်မာတဲ့​ သက်​သေအ​ထောက်အထား​တွေကို ထည့်​သွင်း​ထား​ပါတယ်။

အဓမ္မပြုကျင့်​ ခံရသူ အမျိုး​သမီး​တွေကိုယ်တိုင် ​ဖြေကြား​ထား​ချက်နဲ့​အတူ အမျိုး​သမီး​အဖွဲ့​အစည်း​တွေအပါအဝင် လူ့​အခွင့်​အ​ရေး​အတွက် ​ဆောင်ရွက်​နေသူ​တွေနဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ထား​ချက်​တွေလည်း​ ပါဝင်ပါတယ်။

အ​ခွေထုတ်ရတဲ့​ အ​ကြောင်း​ရင်း​ကို ကချင်အမျိုး​သမီး​များ​အစည်း​အရုံး​ ထိုင်း​နိုင်ငံက ဂျန်မွန်း​နေလီက ခုလို ​ပြောပါတယ်။

“ကျမတို့​ ကချင်​ဒေသမှာဆိုရင် အစိုး​ရစစ်တပ်က​နေပြီး​ ​ကေအိုင်​အေစစ်တပ်ကို စပြီး​ထိုး​စစ်ဆင်ခဲ့​တယ်။ ထိုး​စစ်ဆင်လာတဲ့​ ​နောက်ပိုင်း​မှာ အမျိုး​သမီး​တွေကို မုဒိမ်း​ကျင့်​တဲ့​ကိစ္စ​တွေ၊​ အဓမ္မပြုကျင့်​ပြီး​ သတ်ဖြတ်တာ​တွေက ပြီး​ခဲ့​တဲ့​ဟာ​တွေထက် ပိုပြီး​တော့​ များ​များ​ဖြစ်လာ တယ်။ မရပ်တန့်​သွား​ဘဲနဲ့​ ပိုဖြစ်လာတာကို ​တွေ့​ရှိရ​တော့​ စိတ်မ​ကောင်း​ဖြစ်တဲ့​အတွက် အား​လုံး​ရဲ့​ အသံကိုထုတ်​ဖော်ဖို့​အတွက် လုပ်ရတဲ့​အချိန်အခါဖြစ်လာတယ်။”

မြန်မာစစ်တပ်​ ခေါင်း​ဆောင် ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေနဲ့​ စစ်အုပ်စုကို သူတို့​ကျူး​လွန်ထား​တဲ့​ စစ်ရာဇဝတ်မှုနဲ့​ လူသား​ဖြစ်မှုကိုဆန့်​ကျင်တဲ့​ ရာဇဝတ်မှုများ​အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး​မှာ တရား​စွဲဆိုနိုင်ဖို့​ ကုလသမဂ္ဂ စုံစမ်း​စစ်​ဆေး​ရေး​ကော်မရှင် ဖွဲ့​စည်း​ပေး​ဖို့​ အဓိက​တောင်း​ဆိုချင်တဲ့​အတွက် ဒီအ​ခွေကို ထုတ်​ဝေခဲ့​တာပါလို့​ WLB သတင်း​ထုတ်ပြန်​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ကောင်စီကို တိုင်ကြား​ဖို့​ အစီအစဉ်မရှိ​သေး​ဘူး​လို့​ ရှမ်း​အမျိုး​သမီး​ရေး​ရာ ဆက်သွယ်လှုပ်ရှား​ ​ဆောင်ရွက်​ရေး​အသင်း​က နန်း​ဆိုင်​နောင့်​က ​ပြောပြပါတယ်။

“လူ့​အခွင့်​အ ​ရေး​ချိုး​ဖောက်မှု​တွေ မုဒိမ်း​ကျင့်​ခံရမှု​တွေကို ရပ်တန်း​က ရပ်ရင်​တော့​ ​ကောင်း​ပါတယ်။ တကယ့်​ပြဿနာက အခုချိန်ထိ လက်ရှိအချိန်ထိကို အမျိုး​သမီး​တွေက စစ်တပ်ရဲ့​ မုဒိမ်း​ကျင့်​မှုကို ခံ​နေရတယ်။ တခြား​လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေလည်း​ ဆက်ရှိ​နေ​သေး​တာက တကယ့်​ပြဿနာပါပဲ။”

မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ကောင်စီမှာ တိုင်ကြား​ဖို့​ဆိုတာ လက်​တွေ့​မှာ​တော့​ မလွယ်ဘူး​ဆိုတဲ့​အ​ကြောင်း​ကိုလဲ ဂျန်မွန်း​နေလီက ခုလို ဆက်လက်​ပြောပြပါတယ်။

“​သေ​သေချာချာ ​လေ့​လာမယ်ဆိုရင် လူ့​အခွင့်​အ​ရေး​ကော်မရှင်ရဲ့​ လုပ်ပိုင်ခွင့်​တွေက ​တော်​တော်​လေး​နည်း​နေ​သေး​တယ်။ လူ့​အခွင့်​အ​ရေး​ကော်မရှင် စဖွဲ့​တဲ့​နောက်ပိုင်း​မှာ ဒီ​ကော်မရှင်မှာ ဒီလိုမျိုး​တင်လို့​ရတယ်ဆိုတာကို လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု ပိုများ​လာတဲ့​ ကျမတို့​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဒီသတင်း​တွေ​ရောက်ဖို့​ မရှိပါဘူး​။ ဘာလို့​လဲဆို​တော့​ မြန်မာပြည်ရဲ့​အ​ခြေအ​နေက သတင်း​မီဒီယာ​တွေ လက်လှမ်း​မီဖို့​ ​တော်​တော်​လေး​ခက်ခဲပါတယ်။”

သမ္မတဦး​သိန်း​ စိန်က မြန်မာနိုင်ငံအတွင်း​ လူ့​အခွင့်​အ​ရေး​ကျူး​လွန်ခဲ့​သူ​တွေ၊​ စစ်တပ်က ပြည်သူ​တွေအ​ပေါ် မတရား​မှု​တွေ ကျူး​လွန်ခဲ့​မှု​တွေကို မြန်မာနိုင်ငံလူ့​အခွင့်​အ​ရေး​ကော်မရှင်ကို တိုင်ကြား​နိုင်တဲ့​အ​ကြောင်း​ တရား​ဝင်​ကြေညာထား​ချိန်မှာပဲ အမျိုး​သမီး​များ​အဖွဲ့​ချုပ် မြန်မာနိုင်ငံက ခုလို မှတ်တမ်း​ဗွီဒီယို ထုတ်ပြန်ပြီး​ ကုလသမဂ္ဂကို ​တောင်း​ဆိုလိုက်တာ ဖြစ်ပါတယ်။

Ref: http://burmese.dvb.no/archives/17484

0 comments:

အပေါ်သို့