Tuesday, November 8, 2011

လယ်သမား​သူပုန်ထမှုသမိုင်း​ကို လူငယ်များ​ ပြန်​ဖော်ထုတ်မည်

November 7, 2011
နေသွင်

တိမ်မြုပ်လုမတတ်ဖြစ် ​နေတဲ့​ မြန်မာ့​သမိုင်း​ထဲက ဆရာစံဦး​ဆောင်တဲ့​ လယ်သမား​ သူပုန်ထမှုကို ပြန်လည်​ဖော်ထုတ်ဖို့​ လူငယ်​တွေက စီစဉ်​နေကြပါတယ်။

အင်္ဂလိပ်နယ်ချဲ့ ​တွေကို ရရာလက်နက်နဲ့​ ​တော်လှန်ပြီး​နောက် ​သေဒဏ်​ပေး​ခံခဲ့​ရတဲ့​ ဆရာစံနဲ့​ လယ်သမား​သူပုန်​တွေအတွက် ​အောက်​မေ့​ဖွယ် အခမ်း​အနား​ကို သာယာဝတီမြို့​မှာ ပထမဆုံး​အကြိမ် ကျင်း​ပဖို့​ စီစဉ်​နေတယ်လို့​ လူငယ်​တွေက ​ပြောပါတယ်။


ဆရာစံနှင့်​ လယ်သမား​သူပုန်​တွေ ကွပ်မျက်ခံရတာ နှစ် ၈၀ ပြည့်​မြောက်တဲ့​ ဒီလ ၂၈ ရက်​နေ့​မှာ သာယာဝတီမြို့​က သီရိမင်္ဂလာဘုန်း​ကြီး​ကျောင်း​မှာ ဆွမ်း​ကပ်လှူပွဲနဲ့​ ​အောက်​မေ့​ဖွယ် အစီအစဉ်​တွေ ပြုလုပ်မှာဖြစ်တယ်လို့​ ပွဲစီစဉ်တဲ့​ သာယာဝတီနယ်ခံ ကို​ဇော်နိုင်ဦး​က ​ပြောပါတယ်။

“နှစ် ၈၀ မှာ ပထမဆုံး​ဖြစ်​တော့​ အဲဒီ သူတို့​ရဲ့​ မိသား​စု​တွေပါ လိုက်​တွေ့​ပြီး​တော့​ ဖိတ်တာတို့​ဘာတို့​ လုပ်ကြည့်​တယ်။ သမိုင်း​ကို ပြန်​မေး​ကြည့်​တဲ့​အခါမှာ သမိုင်း​မှာမပါတဲ့​ အ​ထောက်အထား​တွေ အများ​ကြီး​တွေ့​လာရတယ်။ ဒီ​နေ့​မှာပဲ ဆရာစံအမှတ်တရလုပ်ထား​တဲ့​ ​အောင်​မြေကုန်း​ဆိုတာရှိတယ်။ သာယာဝတီနဲ့​ ၁၀ မိုင်​လောက်အကွာမှာ။ အဲဒီကို သွား​လိုက်တဲ့​အခါမှာလည်း​ အဲဒီမှာ ​စောင့်​ရှောက်​နေကြတဲ့​ သူတို့​နဲ့​နီး​စပ်တဲ့​ မိသား​စုနဲ့​တွေ့​တော့​ သူတို့​လည်း​ မျက်ရည်ကျပြီး​တော့​ လာတက်မယ်ဆိုတဲ့​အ​ကြောင်း​ ​ပြောကြတယ်။ ကျ​နော်တို့​တွေ့​ခဲ့​တဲ့​သူ စာရင်း​ရှိတဲ့​သူကိုပဲ ၄၀၊​ ၅၀၊​ ၁ဝဝ​လောက်ရှိတယ်။”

ဆရာစံသူပုန်တပ်ဖွဲ့ ​ဝင်​တွေရဲ့​ သား​သမီး​တွေ​တောင် အခုအချိန်မှာ အသက် ၈၀ ​ကျော် ကုန်ကြပြီလို့​ သိရပါတယ်။ ​အောက်​မေ့​ဖွယ်အခမ်း​အနား​ စီစဉ်သူလူငယ်​တွေက နယ်ပယ်စုံက လူသိ ထင်ရှား​ပုဂ္ဂိုလ်​တွေကို ဖိတ်ကြား​ဖို့​လည်း​ စီစဉ်​နေကြပါတယ်။

“ဖိတ်ကြား​ သင့်​တဲ့​သူ​တွေကို ဖိတ်ကြား​တယ်ဆိုတာ ကိုယ့်​သက်ဆိုင်ရာ ပါတီနဲ့​ လူမှု​ရေး​အဖွဲ့​အစည်း​ ​ခေါင်း​ဆောင်​တွေ အကုန်လုံး​ကို ဖိတ်ကြား​မယ်ဆိုပြီး​ လက်ခံတဲ့​ အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်ကို ချတယ်။ အန်အယ်လ်ဒီက ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဖိတ်လို့​လာနိုင် ရင်လည်း​ ကျ​နော်တို့​ ကြိုဆိုပြီး​မယ်။ ကြံ့​ခိုင်​ရေး​ပါတီက သမ္မတကြီး​ ဦး​သိန်း​စိန်ကို ဖိတ်ကြား​ပေး​မယ်ဆိုရင်လည်း​ ကျ​နော်တို့​ ဝမ်း​မြောက် ဝမ်း​သာ ကြိုဆိုမယ်ဆိုပြီး​ အစည်း​အ​ဝေး​မှာ ဆုံး​ဖြတ်တယ်။ နာ​ရေး​ကူညီမှုအသင်း​ကလည်း​ ကို​ကျော်သူကိုဖိတ်မယ်။ သီတဂူတို့​ဘာတို့​ကို ဖိတ်မယ်လို့​ပြောတယ်။ ဖိတ်လို့​ရရင်လည်း​ အ​ကောင်း​ဆုံး​ဆိုပြီး​ အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်နဲ့​လုပ်လိုက်တယ်။”

ဝံသာနု​ ခေတ်နိုင်ငံ​ရေး​သမား​ ဆရာစံဟာ စစ်ကိုင်း​တိုင်း​ ဒီပဲယင်း​ဇာတိဖြစ်ပြီး​ ၁၉၃၀ မှာ ဆင်း​ရဲချို့​တဲ့​တဲ့​ သာယာဝတီနယ်က လယ် သမား​ သူပုန်​တွေကို ဦး​ဆောင်ပြီး​ အင်္ဂလိပ် နယ်ချဲ့​စနစ်ကို လက်နက်စွဲကိုင်​တော်လှန်ခဲ့​ပါတယ်။

တနှစ်အကြာမှာ သူ့​ကို ရှမ်း​ပြည်နယ်မှာ ဖမ်း​မိပြီး​ တပည့်​တပန်း​များ​စွာနဲ့​အတူ ​သေဒဏ်​ပေး​ခံခဲ့​ရပါတယ်။ သမိုင်း​မှာ ဆရာစံဦး​ဆောင်တဲ့​ လယ်သမား​ ​တော်လှန်​ရေး​ ကျဆုံး​သွား​ပေမယ့်​ နယ်ချဲ့​ဆန့်​ကျင်​ရေး​နဲ့​ အမျိုး​သား​စိတ်ဓာတ်ကို နှိုး​ဆွ​ပေး​နိုင်ခဲ့​တယ်လို့​ သမိုင်း​ဆရာ​တွေက ဆိုပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့