Friday, November 11, 2011

နှစ်ရှည်နိုင်ငံ​ရေး​အကျဉ်း​သား​ ၄ ဦး​ အညတရ သူရဲ​ကောင်း​ဆု ရရှိ

November 10, 2011
နော်နိုရင်း

ဂျပန်နိုင်ငံရောက် မြန်မာစေတနာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီက ရွေးချယ်တဲ့ ဒုတိယ အကြိမ်​ အညတရ​ သူရဲကောင်းဆုကို နိုင်ငံရေးအကျဉ်းသား ၄ ဦးက ရရှိသွားပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့စွဲနဲ့​​ကြေညာလိုက်တာဖြစ်ပြီး ဒီဆုကို လာမယ့်​ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကျရောက်မယ့် အမျိုးသားအောင် ပွဲနေ့ မှာ ပေးအပ် ချီးမြှင့်သွားမှာ​ ဖြစ်တယ်လို့ ကြေညာထားပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဦးဝင်းတင် ဦးဆောင်တဲ့ ဆုရွေးချယ်ရေးအဖွဲ့က လက်ရှိ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသား ၄ ဦးကို ရွေးချယ်ခဲ့ပြီး ဆုချီးမြှင့်ရေး ကော်မတီကနေ မနေ့က ကြေညာလိုက်တာ​ ဖြစ်ပါတယ်။

ရွေးချယ်ထားတဲ့ အညတရ သူရဲကောင်းတွေကတော့ ဆရာတော် ဦးဝိရသူ (မြစ်ကြီးနားထောင်)၊ ဦးစိုင်းလှအောင် (ကျောက်ဖြူ ထောင်)၊ ကိုသန့်ဇော် (သရက်ထောင်) နဲ့ မမာမာဦး (ဗန်းမော်ထောင်) တို့ကို ရွေးချယ်ထားပါတယ်။

အဆိုပါ အညတရ သူရဲကောင်း ၄ ဦးဟာ နှစ်ရှည် ထောင်ဒဏ်​ ချမှတ်ခံရသူတွေဖြစ်ပြီး လူထုအတွက် ဘ၀တွေပေးအပ် လုပ်ဆောင်သူတွေ​ ဖြစ်ပေမယ့် လူသိထင်ရှားတဲ့သူတွေ​ မဟုတ်တာကြောင့် ဒီဆုကို ပေးအပ်တာလို့ ဆုချီးမြှင့်ရေးအဖွဲ့က ကိုမင်းထက်ဇော်က ပြောပါတယ်။

“အဓိကတော့ ရွေးချယ်ရေးကော်မတီက တိုင်းပြည်နဲ့လူမျိုးအကျိုး၊ အများအကျိုးအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့တဲ့သူတွေ နောက်ပြီး ဒီလူတွေက အမည်နာမအားဖြင့်လည်း ထင်ရှားခြင်းလည်း မရှိဘဲနဲ့ အသက်ကို ပဓာနမထားဘဲ ကိုယ်ကျိုးစွန့်ပြီး မိသားစု ဘ၀တွေရော ကိုယ့်ဘ၀တွေရော စွန့်လွှတ်ပြီးတော့ လုပ်ခဲ့တဲ့စံပြနိုင်ငံသားတွေအဖြစ် စံပြုထိုက်သူတွေအဖြစ် ဒီ ၄ ဦးကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။”

ဆုအဖြစ် တဦးကို ကျပ်ငွေ ၁၀သိန်းနဲ့ ဆုတံဆိပ်ကိုပါ ချီးမြင့်သွားမှာဖြစ်ပြီး လူထုခေါင်းဆောင်​ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်ချီးမြင့်သွားမှာ ဖြစ်ပါတယ်။

လက်ရှိရွေးချယ်ထားတဲ့ အညတရသူရဲကောင်း ၄ ဦးဟာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထား ရပေ မယ့် အပြင်မှာ မိသားစုဝင် မရှိဘူးလို့ ကိုမင်းထက်ဇော်က ပြောပါတယ်။

ဒါကြောင့် ဆရာတော်ဦးဝိရသူ ကိုယ်စား နိုင်ငံကျော် စွယ်စုံအနုပညာရှင် လူရွှင်တော် ဦးဇာဂနာက တက်ယူမှာဖြစ်ပြီး ကျန်သူ တွေအတွက်ကတော့ တာဝန်ရှိသူတွေကပဲ ကိုယ်စားယူမှာ ဖြစ်တယ်လို့ ကိုမင်းထက်ဇော် ပြောပါတယ်။

“ဆုရတဲ့သူတော်တော်များများက မိသားစုတွေ မရှိကြတော့ဘူး။ မမာမာဦးဆိုရင်လည်း မိသားစုက မရှိတော့ဘူး။ ဖအေတခု သမီးတခု နေတဲ့ကြားကနေ အဖေက ဆုံးသွားပြီ။ ကိုသန်းဇော်ဆိုရင်လည်း မိသားစုဝင် တဦးမှမရှိတော့ဘူး။ အကုန်လုံးဆုံးသွား ကုန်ပြီ။ သူတို့ကိုယ်စားတော့ ပြည်တွင်းမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေက ကိုယ်စားယူမှာပါ။ ဆရာတော် ဦးဝိရသူ ရဲ့ကိုယ်စားတော့ ကိုဇာဂနာက သူကိုယ်တိုင် တက်ယူမယ်လို့ ပြောထားပါတယ်။”

ပထမကြိမ် အညတရသူရဲကောင်းဆုကို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင်ခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးအိန္ဒက (ဦးအောင်သန်းမြင့်)၊ ထောင်ဒဏ်အကြိမ်ကြိမ် ကျခံနေရတဲ့ ဦးခင်ဝင်း(ဘိုးတော်ခင်ဝင်း)နဲ့ HIV/AIDS ဝေဒနာ သည်တွေကို ကူညီပေးခဲ့သူ ဦးသန်းနိုင်တို့ကို ရွေးချယ်ခဲ့ပြီး ပြီးခဲ့တဲ့ဧပြီလက ချီးမြှင့်ခဲ့ပါတယ်။

ဆုချီးမြှင့်ရေးကော်မတီအနေနဲ့ အညတရသူရဲကောင်းဆု ဂုဏ်ပြုပွဲ အခမ်းအနားကို တိုကျိုမြို့မှာ လာမယ့် ဒီဇင်ဘာလ ၁၈ရက် နေ့မှာ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့