Friday, November 11, 2011

အဖွဲ့ချုပ် တရားဝင်ဖြစ်ရေး အောက်ခြေထုက လိုလားဟုဆို

November 10, 2011
နေသွင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ကို​ ​ပြန်လည်မှတ်ပုံတင်ဖို့ တရားဝင် မဆုံးဖြတ်ရသးပေမယ့် နယ်မြို့တွေက ပါတီဝင်တွေ​ အများစု ကတော့ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်စေ​ ချင်နေကြတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကွန်ရက်အဖွဲ့ဝင်တွေက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းထဲက မြို့ကြီးပေါင်း ၁၂ မြို့လောက်ကို ခရီးထွက်ခဲ့ပြီး သဘောထားကို မေးမြန်းခဲ့တာပါ။



လူငယ်ကွန်ရက် ဆက်သွယ် ညှိနှိုင်းရေးမှူးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက “၅၀၀၊ ၆၀၀ လောက်ထိ တက်တဲ့ပွဲတွေရှိတယ်။ လူထုရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ထောက်ခံမှုက တကယ်ကို ရှင်းရှင်းလင်းလင်း ရှိပါတယ် နယ်မြို့တွေမှာ။ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဦးအောင်ကြည်၊ ဦးသိန်းစိန်တို့ကြား တွေ့ဆုံဆွေးနွေးနေမှုတွေကို ပြည်သူလူထုကြားမှာ ကျနော်တို့က ရှင်းရှင်းလင်းလင်း ဖြစ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်ကနေ အားလုံး တညီတညွတ်တည်း လိုက်ပါကြဖို့ဆိုတဲ့ သဘောထားအမြင် ရှင်းလင်းချက်တွေလုပ်တယ်။

“နောက်တခုကတော့ ဒီမိုကရေစီ ကွန်ရက်အတွင်းမှာ လူထုအကျိုးပြု လုပ်ငန်းတွေ လုပ်ခြင်းအားဖြင့် ဒီမိုကရေစီကွန်ရက်ထဲမှာ ချိတ်တွဲကြဖို့၊ ဒီအကြောင်းအရာ နှစ်ခုကို အဓိကထားပြီး ဆွေးနွေးတာ။ နိုင်ငံရေး နိုးကြားမှု အခြေအနေကတော့ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေထက် ပိုမိုနိုးကြားလာတာကို ​တွေ့ရတယ်။ ​ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ပြည်သူလူထုက မျှော်လင့်ချက် ကြီးကြီးမားမားထားတယ်။ အဲဒီအပေါ်ကနေ အပြောင်းအလဲတွေ ဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် သယ်ဆောင် နိုင်တယ်လို့ ယုံကြည်နေကြတယ်။”

ရန်ကုန်က လူငယ်ကွန်ရက်ခေါင်းဆောင်တွေဟာ နယ်မှာလည်း ကွန်ရက်ကို ချဲ့ထွင် တိုးချဲ့နိုင်ဖို့ ရက် ၂၀ ကြာ ခရီးထွက်ခဲ့တာ ဖြစ်ပြီး နယ်လူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“နယ်မြို့တွေ တော်တော်များများကတော့ မှတ်ပုံတင်စေချင်တယ်။ သူတို့ရဲ့တရားဝင်ရပ်တည်မှု မရှိရင် နယ်မြို့တွေမှာ ဆောင်ရွက် ရတာ အခက်အခဲရှိတယ် ဆိုတဲ့ သဘောထားအမြင်တွေကတော့ ကျနော်တို့ တင်ပြထားပါတယ်။ ရွေးကောက်ပွဲ ဥပဒေပြင်ဆင် တာတို့၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနေတာတို့၊ မြစ်ဆုံဆည်ကိစ္စတို့နဲ့ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင် ပြောင်းလဲလာမှု အခြေအနေသစ်တွေ အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီမိုကရေစီပန်းတိုင်ကို ရောက်သည်အထိပေါ့ သယ် ဆောင်သွားနိုင်ဖို့ အဖွဲ့ချုပ် ရှိသင့်တယ်ဆိုတဲ့သဘောထားကတော့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ကျနော် အဲဒီလိုမျိုး တွေ့ရ တယ်ခင်ဗျ။”

လောလောဆယ်မှာတော့ မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ နိုင်ငံရေး လုပ်ငန်းတွေထက် ပညာရေးလုပ်ငန်း၊ သွေးလှူအသင်း၊ နာရေးအသင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကိစ္စလို ပရဟိတလုပ်ငန်းတွေကိုပဲ အဓိက တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း သာယာဝတီမြို့က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုကျော်နိုင်ဦးကလည်း သာယာဝတီမြို့ပေါ်က အခြေအနေကို အခုလို ပြောပါတယ်။

“တဦးချင်းကို တွေ့ကြည့်လိုက်တဲ့ အချိန်မှာတော့ ရွေးကောက်ပွဲ ဝင်ဖို့ မဝင်ဖို့ထက်စာလို့ရှိရင်တော့ ကျနော်တို့က ဒီဘက်က ဖြစ်တဲ့ဥစ္စာက အန်တီလုပ်သမျှ တော်တော်များများကို မှန်တယ်ဆို အန်တီကို ယုံကြည်စွာနဲ့ပဲ လက်ခံတဲ့ ဥစ္စာကိုပဲ ထောက်ခံ တာပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မနှစ်မတ်လတုန်းက မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေကို လက်မခံနိုင်တဲ့အတွက် ပါတီကို မှတ်ပုံတင်ဖို့ ငြင်းဆန်ခဲ့တဲ့နောက် အစိုးရက တရားဝင်ပါတီ အဖြစ်ကနေ ဖျက်သိမ်းခဲ့ပါတယ်။

မကြာခင်တုန်းက ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ကန့်သတ်ချက်ကို အစိုးရ လျှော့ပေါ့ပေးလိုက်တဲ့ နောက်မှာ ဒီဇင်ဘာမှာ ကျင်းပဖို့ ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင် ပါတီမှတ်ပုံတင်ရေး ပြန်လည်ဆွေးနွေး လာကြတာပါ။

နိုဝင်ဘာ၁၈ ရက်နေ့မှာတော့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ခေါင်းဆောင်တွေနဲ့ တိုင်းနယ်ပြည်နယ်တွေက ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကနေ မှတ်ပုံတင်ရေးကိစ္စနဲ့ ရွေးကောက်ပွဲကိစ္စကို ဆုံးဖြတ်မယ်လို့ သိရပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့