Monday, December 12, 2011

အဖွဲ့ချုပ် သင်္ကေတ ပြောင်းပြီ – ခမောက်မှ ‘ခွပ်ဒေါင်း - ကြယ်’ သို့

December 11, 2011

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီသင်္ကေတ အမှတ်အသားကို ခမောက်တံဆိပ်ကနေ ‘ခွပ်ဒေါင်း-ကြယ်’အဖြစ် ပြောင်းလဲကြောင်း တရားဝင် ကြေညာ လိုက်ပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ်​ ​ရွေးကောက်ပွဲဝင်တုန်းက​ သုံးခဲ့တဲ့ ခမောက် သင်္ကေတကို မသုံးတော့ဘဲ သင်္ကေတ အသစ်ကို သုံးတော့မယ့် အကြောင်း တနင်္ဂနွေနေ့ထုတ် ကြေးမုံ သတင်းစာမှာ ထုတ်ဖော် ကြေညာလိုက်တာ​ ​ဖြစ်ပါတယ်။

အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကို ဆက်သွယ်​ ​မေးမြန်းတဲ့ အခါ ခုလို ရှင်းပြပါတယ်။


“ကျနော်တို့က ခမောက်မထားတော့ဘူး။ အနီရောင်​နောက်ခံမှာ​ ​ကြယ်ဖြူတလုံး၊ ရွှေရောင် ခွပ်ဒေါင်း ပုံရယ်ပေါ့။ ကျနော်တို့ ပါတီက ရင်ထိုးပေါ့ဗျာ အလံအတိုင်းပါပဲ။ အဲဒီမှာ ထူးတာက အောက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ စာတမ်းတခု ပါတယ်။ ဒါဟာ မှတ်ပုံတင်တဲ့ အခါမှာ တင်မယ်ဆိုပြီး ကြေညာထားတာ။ ကျနော်တို့ ပါတီက အဲဒါ ဖြစ်ပါတယ်လို့ ကြေညာလို့ မရသေးဘူးဗျ။ ဆိုတာက ကျနော်တို့ ပါတီက မှတ်ပုံတင်လို့ မရသေးဘူး။ ပါတီအလံနဲ့ ဆိုင်းဘုတ်က လက်ရှိအတိုင်းပဲ ဆက်သွားမယ်။ ခမောက် ကိုလည်း ဆက်မသုံးတော့ဘူး။ ကျနော်တို့ ပါတီနဲ့ ခမောက်နဲ့လည်း မပတ်သက်တော့ဘူး ဆိုတာလည်း သတင်းစာမှာလည်း ကြေညာ လိုက်ပါပြီ။”

အဖွဲ့ချုပ်က ခုလို ကြေညာလိုက်ပြီ ဖြစ်ပေမယ့် ရွေးကောက်ပွဲကော်မရှင်ကတော့ အဖွဲ့ချုပ်ရဲ့ ပါတီ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ခုထိ မထုတ်ပြန် သေးပါဘူး။

ဒါ့အပြင် ရွေးကောက်ပွဲဘယ်တော့လုပ်မယ်၊ ဘယ်နှနေရာ လစ်လပ်တယ် ဆိုတာကိုတော့ တရားဝင် မကြေညာ သေးပါဘူး။ မီဒီယာတွေမှာ ဖော်ပြနေတာက လစ်လပ်နေရာ ၄၈ လို့ ဆိုပါတယ်။ အဖွဲ့ချုပ်ရဲ့ လေ့လာ တွေ့ရှိချက် အရတော့ ၄၉ နေရာ လစ်လပ်နေတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

လစ်လပ်နေရာ အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက အဖွဲ့ချုပ်နဲ့ ခမောက်ကို ခွဲမရအောင်၊ တွဲမြင်နေ အောင် မဲဆွယ် စည်းရုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အဖွဲ့ချုပ်က မ၀င်ဖို့ ဆုံးဖြတ်ပြီးနောက်မှာ အဖွဲ့ချုပ်ကနေ ခွဲထွက်သွားသူတချို့က အမျိုးသား ဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်)ပါတီ ထောင်တဲ့အခါ ခမောက်တံဆိပ်ကို သင်္ကေတ (logo) အဖြစ် တင်ပြ လိုက်ပါတယ်။ ဒါကို အဖွဲ့ချုပ်က ကန့်ကွက်ပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ပါတယ်။ အခုတော့ ခမောက်ဟာ အဖွဲ့ချုပ်နဲ့ မပတ်သက်တော့ဘဲ အဖွဲ့ချုပ် ပါတီ သင်္ကေတဟာ ခွပ်ဒေါင်း-ကြယ်ဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ စစ်အစိုးရ လက်ထက် ၂၀၀၈ အခြေခံ ဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို လက်မခံဘဲ သပိတ် မှောက်ခဲ့ပါတယ်။

အခု အစိုးရသစ် လက်ထက်မှာ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံပြီး အစိုးရ ဘက်က ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင် ပေးလိုက်ပြီးနောက်မှာ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဖွဲ့ချုပ် ဗဟိုမှာ​ ​ရွေးကောက်ပွဲ​ ​အောင်နိုင်ရေး​ ​ကော်မတီ​ ဖွဲ့ထားပြီ ဖြစ်ပါတယ်။

“ဗဟိုမှာ အောင်နိုင်ရေး ကော်မတီ ဖွဲ့လိုက်တယ်။ ပြည်နယ်တိုင်းနဲ့ မြို့နယ်တွေမှာ လစ်လပ်တဲ့ နေရာတွေမှာ အောင်နိုင်ရေး လုပ်နိုင်ဖို့ အောင်နိုင်ရေး ကော်မတီတွေဖွဲ့ဖို့ ညွှန်ကြားချက်တွေ ထုတ်ထားတယ်၊ လူအင်အား စာရင်းတွေ တောင်းထားတယ်။”လို့ ဦး​အုန်း​​ကြိုင်​က​ ​ပြော​ပါ​တယ်​။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့