Wednesday, December 14, 2011

ဒီကေဘီအေကလိုထူးဘောတပ်နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုး

December 13, 2011
နော်နိုရင်း

ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ ကလိုထူးဘောတပ်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး နှစ်ဘက်သဘောတူ လက်မှတ်​ ​ရေးထိုးခဲ့ကြပါတယ်။

တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့ ၇ ဦးနဲ့ ဗိုလ်ချုပ် စောလားဘွယ် ဦးဆောင်တဲ့ ကလိုထူးဘော အဖွဲ့ ၆ ဦးတို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကရင်ပြည်နယ် ဘားအံမြို့မှာ​​ ​ပြည်ထောင်စုအဆင့်​ ​ငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးပြီး လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ဘားအံမြို့ ရဲမွန်ရိပ်သာမှာ နှစ်ဖက်တွေ့ဆုံမှု ပြုလုပ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့က ပြုလုပ်တဲ့ ပြည်နယ်အဆင့် ပဏာမ တွေ့ဆုံ ဆွေးနွေးမှုကနေ ရလာတဲ့ သဘောတူညီချက်တွေအပေါ် အခြေခံပြီး တွေ့ဆုံညှိနှိုင်းတာပါ။

ဒီတွေ့ဆုံဆွေးနွေးမှုကနေ နှစ်ဦးနှစ်ဘက် သဘောတူညီချက် ၆ ချက် လက်မှတ်ထိုးတာ ဖြစ်တယ်လို့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ ဒီကေ ဘီအေ ပြင်ပဆက်ဆံရေးတာဝန်ခံ စောလုံ့လုံက ပြောပါတယ်။

“နံပါတ် ၁ က နိုဝင်ဘာလ ၃ ရက်နေ့က ကရင်ပြည်နယ် ငြိမ်းချမ်းမှု တည်ဆောက်ရေးအဖွဲ့နဲ့ ကလိုထူးဖောတပ်ဖွဲ့ ဒီကေဘီ အေမှ ငြိမ်းချမ်းရေး တည်ဆောက်ရေး အဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့ကြသော ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာ​မ​ သဘောတူညီချက်ကို အတည်ပြုရန် သဘောတူသည်။ အရင်ကတော့ စမ်းသပ်ကာလပေါ့။ တလလောက် ကျနော်တို့ တိုက်ပွဲ မဖြစ်ဘူး။ ထိန်းသိမ်းကြတယ် ဆိုပြီးတော့ အခု အဲဒါကို အတည်ပြုလိုက်တာပဲ။ အဲဒီပုံစံပါပဲ။

“နံပါတ် ၂ က ကရင်ပြည်နယ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အရေးပါသော အစိတ်အပိုင်း တခုဖြစ်သည်။ ကရင်ပြည်နယ်ကို ပြည်ထောင်စု အတွင်းမှ မည်သည့်အခါမှ ခွဲမထွက်ရန် သဘောတူသည်။ ကျနော်တို့က ခွဲမထွက်ပါဘူးလို့ ပြောတာပေါ့။

“နံပါတ် ၃ ပြည်ထောင်စု မပြိုကွဲရေး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထာဝစဉ် ထိန်းသိမ်း စောင့်ရှောက်သွားရန် သဘောတူသည်။ အဲဒါက ဒို့တာဝန် အရေးသုံးပါးကို သဘောတူတာပေါ့။

“နောက်တချက်က ဆုံဆည်းမြိုင်ဒေသတွင် ယာယီအခြေပြု၍ ဦးဂလိဒေသတွင် နယ်မြေဖွံ့ဖြိုးတိုးတက်ရေး ကလိုထူးဖော တပ်ဖွဲ့ ၀င်များနှင့် မိသားစုများ အခြေချ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး။ လူမှုဘ၀မြှင့်တင်ရေး လုပ်ငန်းစဉ်များကို ဥပဒေနဲ့အညီ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူသည်။ အဲဒီအချက်တွေကို ဆွေးနွေးဖြစ်ခဲ့တာပေါ့။

“နံပါတ် ၅ က မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တိုက်ဖျက်ရေးအား ပြည်ထောင်စု အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူသည်။

“နံပါတ် ၆ ဆက်လက်ပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူသည်။”

နှစ်ဘက်ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ရရှိနောက်ပိုင်း ဖွံ့ဖြိုးရေးအတွက် မိမိလုပ်လိုတဲ့လုပ်ငန်းကို တင်ပြဖို့လည်း အစိုးရ ကိုယ်စားလှယ်ဖက်က ပြောဆိုကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ မိမိလက်နက်ကို မိမိနယ်မြေမှာ ကိုင်ဆောင်ခွင့် ပေးထားကြောင်းလည်း ပြောပါတယ်။ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုပေါ် မူတည်ပြီး လက်ရှိတက်လာတဲ့ အစိုးရသစ်အနေနဲ့ တိုင်းရင်းသားတွေအပေါ် သဘောထား ပျော့ပျောင်းပြီး အပေါင်းလက္ခဏာ ဆောင်ကြောင်း စောလုံ့လုံက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က ဒီကေဘီအေကိုယ်စားလှယ်အဖွဲ့ဝင် ၇ ဦးနဲ့ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့ ကရင်ပြည်နယ် ဘားအံမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုအတွင်း အပစ်ခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးနဲ့ တဦးရဲ့နယ်မြေကို ဖြတ်သန်းသွားလာတဲ့အခါမှာ အသိ ပေးပြီးမှ သွားလာဖို့ စတဲ့ ပဏာမသဘောတူညီချက် ရရှိ လက်မှတ်ထိုးခဲ့ပြီး တနင်္ဂနွေနေ့က အဲဒီ့ သဘောတူညီချက်ကို အတည် ပြု လက်မှတ်ထိုးတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေ ကလိုထူးဘော တပ်ဖွဲ့ဟာ နယ်ခြားစောင့်​တပ် အသွင်​ပြောင်း​ရေးကို ငြင်း​ဆန်ပြီး​ ၂၀၁၀ နိုဝင်ဘာ ​ရွေး​ကောက်ပွဲ​နေ့ကစပြီး​ အစိုး​ရတပ်ကို ပြန်လည် တိုက်ခိုက်ခဲ့​ပါတယ်။

တနှစ်ကြာတဲ့အချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းခဲ့ပြီး အပစ်အခတ် ရပ်စဲ​ရေး​နဲ့ ပတ်သက်လို့ အစိုး​ရ ဘက်နဲ့ ကရင်ပြည်နယ်ဝန်ကြီး​ရုံးမှာ ​အောက်တိုဘာ ၂၆ ရက်က ပဏာမ ​ဆွေး​နွေး​ခဲ့​ပါတယ်။ နိုဝင်ဘာလ ၃ ရက်မှာတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိသွားပြီး ဒီဇင်ဘာလ ၁၁ ရက် မှာတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး နှစ်ဘက်သဘောတူညီ လက်မှတ်ထိုးတာ ဖြစ်ပါတယ်။

ဒီကေဘီအေကလိုထူဘော တပ်ဖွဲ့ကနေပြီး ဒီလိုပြည်ထောင်တစုအဆင့် ငြိမ်းချမ်းရေး သဘောတူညီ လက်မှတ်ထိုးချိန်မှာပဲ ကရင် အမျိုးသားအစည်းအရုံးနဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးမှု အခြေအနေ ဘယ်လိုရှိပါသလဲ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရဖို့ နီးစပ် နေပြီလာဆိုတာနဲ့ ပတ်သက်လို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်ကို မေးကြည့်ရာမှာတော့

“ကျနော်တို့ အလွတ်သဘော တွေ့ခဲ့တာတော့ လေးကြိမ်ရှိပြီ။ အဲဒီကနေတော့ မတိုးတက်သေးဘူးပေါ့။ ကျနော်တို့ ဖြစ်စေ ချင် တာ က တိုင်းရင်းသားတွေကို တိုက်ခိုက်နေတဲ့ စစ်ရေးတွေအားလုံး ရပ်ဖို့၊ အဲဒီလိုရပ်မှ ကျနော်တို့ ဆွေးနွေးပွဲ ဆက်တက်မယ်။ အဲ့လိုသဘောရှိတယ်။ အခု ဒီမနက်သတင်းတွေ့တော့ သူက ကချင်မှာ တိုက်နေတဲ့ကိစ္စ။ အဲဒါက စစ်ရေးမှာ ရပ်ခိုင်းတယ်လို့ ပြောတာပဲ။ အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် တကယ်ဖြစ်မဖြစ်တော့ ဒါစောင့်ကြည့်ရမယ်။ ကချင်ဘက်မှာ ရပ်မှ ကျနော်တို့က အပစ်အခတ် ရပ်စဲရေးကို ဆွေးနွေးရမယ်။ အပစ်အခတ် ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်သွားရဦးမယ်။ နိုင်ငံရေးဆွေးနွေးမှုတွေ အခြေခံပြီးတော့ ကျနော်တို့တွေ သဘောတူညီချက်အပေါ်မှာ ငြိမ်းချမ်းရေး ဆိုတာ ဖြစ်ပေါ်မှာ ဖြစ်ပါ တယ်။”

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကတော့ ချက်ချင်းဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့