Wednesday, December 14, 2011

ဘာကာက ဘာကာပါပဲ

မောင်လင်းဝေ
December 13, 2011

ဒီတပတ် ကစားကြမယ့် ပရီမီးယားလိဂ်၊ အီတလီစီးရီးအေ၊ ဂျာမန် ဘွန်ဒက်စ်လီဂါနဲ့ စပိန်လာလီဂါ ဘောလုံးပွဲစဉ်တွေမှာ ဘောလုံး ပရိသတ်ကိုညှို့ ယူဖမ်းစားထားတာကတော့ စပိန် လာလီဂါ ပွဲစဉ် ၁၆ က ရီးရဲလ်နဲ့ ဘာစီလိုနာ(ဘာကာ)တို့ ရဲ့  ဘာနေမျူးကွင်း ထိပ်တိုက်ပွဲကြီးပါပဲ။ ရီးရဲလ်ကို ရင်ဆိုင်ရမယ့် ဘာစီလိုနာရဲ့ အနေအထားက မတည်မငြိမ်ဖြစ်နေတယ်လို့ သုံးသပ်သူတွေက သုံးသပ် ပါ တယ်။ ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ဂွါဒီယိုလာက ရီးရဲလ်မက်ဒရစ် အသင်းနဲ့ပွဲမှာ မိမိတို့ ရှုံးနိမ့်ခဲ့ပါက အမီလိုက်ဖို့ အလွန် ခက်ခဲသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ် အသင်းဟာ အကောင်း ဆုံး ခြေစွမ်းရရှိနေပြီး မိမိတို့ထက်(၁)ပွဲ လျော့ကစားထားတဲ့အပြင် အခုနှစ် ရာသီမှာ အဝေးကွင်း နိုင်ပွဲများ ဆက်တိုက်ရရှိနေပြီး အိမ်ကွင်းပွဲစဉ်များ ပိုမိုကျန်ရှိနေတဲ့အတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိတယ်လို့ ပြိုင်ပွဲ မတိုင်မီက ပြောကြားသွားခဲ့ ပါတယ်။


ဒါ့အပြင် ဘာစီလိုနာ တိုက်စစ်မှူး ဒေးဗစ်ဗီလာရဲ့ ဘာစီလိုနာမှာ ဆက်ရှိ မရှိ ဖော်ပြနိုင်တဲ့ အနာဂတ်အတွက်အဆုံး အဖြတ် ပွဲ တပွဲ ဖြစ်လာလိမ့်မယ်လို့လည်း ရီးရဲယ့်မက်ဒရစ် အားကစား ဒါရိုက်တာဟောင်း ဂျော့ဗယ်ဒါနိုက သုံးသပ်ခဲ့ပါတယ်။ အသက် ၃၀ အရွယ်ရှိ ဒေးဗစ်ဗီလာဟာ ဘာကာကို ဖာဘရီဂတ်စ်နဲ့ ဆန်းချက်ဇ်တို့ ရောက်ရှိလာပြီးနောက်ပိုင်း အရန်ခုံမှာ အထိုင်များနေရသူ ဖြစ်ပါတယ်။ သူကပဲ ရီးရဲလ်နည်းပြ မော်ရင်ဟိုအနေနဲ့ ဘာစီလိုနာအသင်းကို တိုက်စစ်ဖွင့် ရင်ဆိုင် ကစားသင့်ကြောင်း အကြံပြု ပြောကြားသွားခဲ့ပါသေးတယ်။

ရီးရဲလ်ကွင်းလယ်လူဟောင်း ဂူတီက ရီးရဲလ် ၃ ဘာစီလိုနာ ၁ ရလဒ် ထွက်ပေါ်ပါလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့တာပါ။ တဆက် တည်းမှာပဲ ဂူတီက ဘာစီလိုနာဟာ မက်ဆီအပေါ် မှီခိုလွန်း တာရယ်၊ ရီးရဲယ့်ရဲ့ခြေစွမ်းက အတော်ကလေး ကောင်းနေလို့ စီရော်နယ်ဒို မပါဘဲ ကစားရင်တောင်မှ ဘာစီလိုနာကို (၃-၁) ဂိုးလောက်နဲ့ အနိုင်ရမယ်လိမ့်မယ်ထင်တယ်လို့ ပြောကြား သွား ခဲ့ပါတယ်။ တချို့ဘောလုံးဝေဖန်သူတွေကတော့ ပြိုင်ဆိုင်မှုကြီးမားတဲ့ နှစ်သင်းဖြစ်တဲ့အတွက် ဥရောပရဲ့ ထူး ခြားတဲ့ ဘောလုံးရသ ကိုပေးနိုင်မယ့် အကောင်းဆုံး ဘောလုံးပွဲတပွဲ ဖြစ်လာမယ်၊ ရီးရဲလ်အသင်းက လက်ရှိခြေစွမ်း အကောင်းဆုံးပုံစံရနေပြီး ဘာစီလို နာက ခြေစွမ်းမငြိမ် ဖြစ်နေတာကြောင့် ရူံးနိမ့်ခဲ့တာတွေလည်း တွေ့နေရတယ်။ အိမ်ကွင်း အားနဲ့ကစားမှာ ဖြစ်တဲ့အတွက်လည်း ရီးရဲလ်က အသာစီးရနေတယ်လို့ ဝေဖန်သုံးသပ် ထားကြတာပါ။

ဘာနေမျူးမှာ ထိပ်တိုင်ရင်ဆိုင်ကစားကြတဲ့အခါမှာတော့ ပထမပိုင်း ၁ မိနစ်မှာပဲ ရီးရဲယ့်က ပထမအဖွင့်ဂိုး စ ရ တာပါ။ ဘာစီ လိုနာဂိုးသမား ကန်တင်တဲ့ဘောလုံးက ရီးရဲယ့် ကျောနံပါတ် ၂၂ ဒီမာရီယို ရောက်သွားရာကနေ ဒီမာရီယို ကန်တင်ပေးတဲ့ ဘောလုံး ကို ဘာကာနောက်တန်းက ဖျက်ထုတ်ပေမယ့် လျှံထွက်လာတဲ့ ဘောလုံးကို ရီးရဲယ့် တိုက်စစ်မှူးထပ်မံ ကန်သွင်းချက်ကို ဘာကာ နောက်တန်းက ဖျက်ထုတ်ပါတယ်။ ဘောလုံးက ဂိုးစည်းဘက် လည်ထွက်သွားပြီး ရီးရဲယ့် တိုက်စစ်မှူး ဘန်ဇီမာ အနီး ကပ် အပိုင်ကန်သွင်းနိုင်တဲ့အတွက် အဖွင့်ဂိုး ဦးဆောင်ရရှိသွားခဲ့တာပါ။

ဘာကာအနေနဲ့  ရီးရဲယ့်ရဲ့ အိမ်ကွင်းတိုက်စစ်ဗျူဟာကို ခုခံဖျက်ထုတ်ရင်း ဘောလုံးတည်ငြိမ်မှု ရအောင် ကြိုးစား ကစားနေခဲ့ ရပါတယ်။ သို့ပေမယ့် စီရော်နယ်ဒို ခင်းကျင်းနေတဲ့ ရီးရဲယ့် ရဲ့  တိုက်စစ် ဖိအားက မိနစ် ၃၀ ပဲ ခံနိုင်စွမ်းရှိတယ် လို့ ပြောရ မှာပါ။ မိနစ် ၃၀ အစွန်းမှာပဲ ဘာစီလိုနာ ရဲ့  ကွင်းလယ်နဲ့ ဂိုးပါရမီရှင် မက်ဆီရဲ့  ဖန်တီးပေးမှုတွေနဲ့ ညာရှေ့ တိုက် စစ်မှူး ဆန်းချက်ဇ်က ကားစီးလက်ရဲ့  အားနည်းတဲ့ ဂိုးဘယ်ထောင့်ကို ကန်သွင်းပြီး ချေပဂိုးကို ထွေးပွေ့ လိုက်တာပါ။ ချေပ ဂိုးရပြီး နောက်ပိုင်း ရီးရဲလ် ကစားအားကျသွားသလို ဘောလုံး ပိုင်ဆိုင်မှုလည်း ပြောင်းလဲသွားခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်ကစားတဲ့အခါမှာလည်း ဘာကာက ဘောလုံးပိုင်ဆိုင်မှု ၅၂း ၄၈ ဖြစ်လာခဲ့ပါပြီ။ ဘာကာရဲ့  ကွင်းလယ် စီးနင်း ထားနိုင်မှုနဲ့ မက်ဆီရဲ့  ၀ဲယာ အခင်းအကျင်းတွေဟာ ရာမို့ တို့ နောက်တန်းကို ဖရိုဖရဲ ဖြစ်စေခဲ့တာပါ။ ဘာကာက တိုက်စစ် အရှိန် ကို မြှင့်တင်ကစားရင်း ၅၃ မိနစ်မှာ ရီးရဲယ့်နောက်ခံလူ မာဆယ်လို ခေါင်းတိုက်ဖျက်ထုတ်ရာကနေ (Own Goal) ပေး လိုက်ရတဲ့အတွက် ဘာကာတို့ ၂ ဂိုး တဂိုးနဲ့ ရီးရဲယ့်ကို ရိုက်ချိုးလိုက်နိုင်ပါတော့တယ်။

ဘာကာရဲ့ ဆက်တိုက်ဆိုသလို တိုက်စစ်အတွဲတွေက ရီးရဲယ့်ကို စိုးမိုးထားနိုင်ခဲ့ပြီး ၆၆ မိနစ်မှာတော့ ဖာဘရီဂတ်စ်ရဲ့  သေသပ် လှပတဲ့ ကန်ချက်နဲ့ ဘာကာတို့ ၃ ဂိုးရခဲ့တာပါ။ ဒီပွဲရဲ့ ရလဒ် ကတော့ မော်ရင်ဟိုနဲ့ ဒီဂွါရီယိုတို့ရဲ့  နည်းဗျူဟာ၊ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ဘောလုံး အခင်းအကျင်း၊ အသင်းစုစည်းမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို သိသိ သာသာ ဖော်ပြသွားနိုင်တဲ့ပွဲလို့ဆိုရင် မမှားပါဘူး။ ရီးရဲလ်က (၁၄) ပွဲ တပွဲလျော့ ၃၇ မှတ်နဲ့ ဘာစီလိုနာက (၁၅) ပွဲ ၃၄ မှတ်ရရှိထားရာ ကနေ ဘာစီလိုနာက (၁၆) ပွဲ၊ ၃၇ မှတ်နဲ့ ဒုတိယ နေရာမှာ ရပ်တည်လာခဲ့ပါတယ်။

ဒီပွဲနဲ့ ပတ်သက်လို့ ရီးရဲလ်အလယ်တန်းလူ ပီပီ (Pepe) က “ဘာကာတွေ ကံကောင်းလို့ နိုင်သွားတာပါ”လို့ ပြောပေမယ့် အသင်းခေါင်းဆောင် ဂိုးသမား အီကာ ကစီလာစ်(Iker Casillas) ကတော့ ဘာကာကို စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အနိုင် ယူဖို့ အားနည်းခဲ့တာကြောင့် နလန်ပြန်မထူနိုင်အောင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘယ်သူပြာမလဲ

ပရီးမီးယားလိဂ် ပွဲစဉ်တွေကို အာရုံပြု နှလုံးသွင်းတဲ့ ပရိသတ်အတွက်တော့ မျှော်လင့်ထားသလို ဖြစ်ခဲ့ပါတယ်။ ဥရောပ ချန်ပီယံ လိဂ် အကောင်းဆုံး ၁၆ သင်း စာရင်းမ၀င်ဘဲ ဆုတ်ခွာခဲ့ရတဲ့ မန်ယူဟာ ပရီးမီးယားလိဂ်ကို ပြန်လည် မောင်းနှင်ခြင်းအနေနဲ့ ရွန်းနီနဲ့ နာနီတို့ ရဲ့ အတွဲနဲ့ ရတဲ့အခွင့်အရေးတွေကို တိတိပပ အသုံးချနိုင်ခဲ့တဲ့အတွက် ၀ုဒ်သမ်တန်ကို ၄း ၁ နဲ့ အပြတ်နိုင် ခဲ့သလို ဂိုးမိုး ရွာမယ်လို့ ဘောလုံးသတင်းတွေက မျှော်လင့်ရေးသားထားကြပေမယ့် ဗန်ပါစီရဲ့ တလုံး တည်းဂိုးနဲ့ပဲ အဲဗာတန်ကို အနိုင်ရ ကျေနပ်ခဲ့ရပါတယ်။

အင်္ဂါနေ့(၁၃ ဒီဇင်ဘာ) မှာ ကစားမယ့် ချယ်လ်ဆီးနဲ့ မန်စီးတီးရဲ့ ပွဲကတော့ အထူးစိန်ခေါ်ပွဲလို့ ပြောရလေမလားပါပဲ။ အထူး သဖြင့် ချန်ပီယံလိဂ်ကို တဆင့်တက်နိုင်ပေမယ့် ခြေမှန်ပြန်ရလာတယ်လို့ မပြောနိုင်သေးကြောင်း နည်းပြ ဘိုအက်ရှ်ကို မီဒီယာ တွေက ဖိအားပေးနေတာပါ။ သို့ပေမယ့် ချယ်လ်ဆီး တိုက်စစ်မှူး ဒရော့ဘာကတော့ ဒီ ဖိအားတွေကို ဘိုအက်ရှ်နဲ့အတူ အသင်း သား တွေက ချေဖျက်နိုင်မှာဖြစ်ပြီး မန်စီးတီးနဲ့ပွဲမှာ သက်သေထူပြမှာပါလို့ ပြောခဲ့ပါတယ်။ မန်စီး တီးနည်းပြမန်စီနီကတော့ ဒီပွဲက သူ့ အသင်းသားတွေကို ခြေရည်စစ်မယ်လို့ ယူဆထားပုံပါ။ လက်ရှိ ပရီးမီးယားလိဂ် ဇယားမှာတော့ မန်စီးတီးက ၁၄ ပွဲ ၃၈ မှတ်။ မန်ယူက ၁၄ ပွဲ ၃၃ မှတ် နဲ့ ချယ်လ်ဆီးက ၁၄ ပွဲ ၂၈ မှတ်နဲ့ အဆင့် ၄ နေရာ မှာ ရပ်တည်နေတာပါ။ စောင့်ကြည့်ရ မယ့် ပွဲကောင်းတခု ဖြစ်လာမှာ သေချာပါတယ်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့