Monday, December 12, 2011

၂၀၁၁ ခုနှစ်​ ​နိုဘယ်လ်​ငြိမ်းချမ်းရေးဆု​ ​ချီး​​မြှင့်

December 11, 2011

၂၀၁၁ ခုနှစ်အတွက် နိုဘဲငြိမ်းချမ်းရေးဆုကို မတရားမှုတွေ၊ ဖိနှိပ်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ ကို ဆန့်ကျင် တိုက်ပွဲဝင်တဲ့ ယီမင်နိုင်ငံက အမျိုးသမီးတဦးနဲ့ လိုက်ဘေးရီးယားနိုင်ငံက အမျိုးသမီးနှစ်ဦးကို ချီးမြှင့်လိုက်ပါတယ်။

လိုက်ဘေးရီးယားသမ္မတ အယ်လင် ဂျွန်ဆန် ဆာလိ(ဖ်)၊ လိုက်ဘေးရီးယား ငြိမ်းချမ်းရေး​ လှုပ်ရှားသူ​ ​လေမာ ဂဘိုဝီးနဲ့ ယီမင် လူ့အခွင့်အရေး လှုပ်ရှားသူ တ၀ါကို​ ​ကာမင်တို့ကို​ ​နော်ဝေနိုင်ငံ​ ​အော်စလိုမြို့တော် ခန်းမမှာ စနေနေ့ညနေက ဆုချီးမြှင့်သွားပါတယ်။

မစ္စစ်ဆာလိဖ်ဟာ အာဖရိကတိုက်မှာ ၂၀၀၅ ခုနှစ်တုန်းက ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ အမျိုးသမီးသမ္မတပါ။ လိုက်ဘေးရီးယား အမျိုးသမီးတွေဘ၀ လုံခြုံမြင့်မားရေးနဲ့၊ ငြိမ်းချမ်းရေးအတွက်​ ​မစ္စစ်ဆာလိဖ်ရဲ့​ ​ဆောင်ရွက်မှုတွေကို လူအ များက ချီးကျူးကြပါတယ်။


ဆုချီးမြှင့်ခံရတဲ့အတွက် မစ္စစ်ဆာလိဖ်ရဲ့ ပြောကြားချက်ကတော့ …

“ဒီမိုကရေစီတိုက်ပွဲမှာ ကျမရဲ့ခရီးလမ်းက အရှည်ကြီးပါ။ တကြိမ်မက အကျဉ်းကျခံခဲ့ရ တယ်။ စစ်အာဏာရှင်က ကျမကို အလုပ်ကြမ်းစခန်းမှာ အကျဉ်းချခဲ့တာပါ။ ဆယ်နှစ် ပြည့်အောင်တော့ ထောင်ထဲမှာ မနေခဲ့ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကမ္ဘာလုံးက အမျိုးသ မီးတွေက ကျမဘက်က ထပြီးရပ်တည်တောင်းဆိုကြလို့ပါ။ ထပ်ပြောပါရစေ၊ ဒါဟာ ကျမတို့ဘက်က ရပ်တည်ခဲ့တဲ့ အမျိုးသမီးတွေကြောင့်ပါ။ ဒါကြောင့် ကျမရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေဟာ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံ မှုလည်း ဖြစ်သွားပါပြီ။”

လေမာ ဂဘိုဝီးကတော့ ၁၄ နှစ်ကြာ လိုက်ဘေးရီးယား ပြည်တွင်းစစ် အဆုံးသတ်ရေး အတွက် အကြမ်းမဖက် ဆန္ဒပြရာမှာ အမျိုးသမီးတွေ ပါဝင်လာအောင် ဆောင်ရွက်ခဲ့သူပါ။

“နောက်ဆုံးတနေ့မှာ အာဖရိကအမျိုးသမီးထု၊ ကမ္ဘာ့အမျိုးသမီးထုရဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုလာကြပါပြီ။ ရှင်တို့ရဲ့ အရည်အသွေးတွေ၊ စွမ်းရည်တွေကို အသိအမှတ်ပြုလိုက်ပြီ — ရှင်တို့နဲ့ အတူလက်တွဲ ဆောင်ရွက်ဖို့ အသင့်ပြင် ထားပါ ပြီလို့ ကမ္ဘာကြီးက ကျမတို့ကို ပြောလာရပါပြီ။” လို့ နိုဘယ်ဆုရှင် လေမာ ဂဘိုဝီးက ပြောပါတယ်။

သတင်းသမားတဦးဖြစ်တဲ့ တ၀ါကို ကာမင်ကတော့ ယီမင် လူ့အခွင့်အရေး လှုပ်ရှားသူပါ။ သူက အသက် ၃၂ နှစ်ပဲ ရှိသေးတာမို့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေထဲမှာ အသက်အငယ်ဆုံး ဖြစ်သလို ပထမဆုံး အာရပ်အမျိုးသမီး နိုဘယ်ငြိမ်းချမ်း ရေးဆုရှင်လည်း ဖြစ်ပါတယ်။ သတင်းသမားတဦးဖြစ်တဲ့ တ၀ါကို ကာမင်ဟာ ယီမင် နိုင်ငံ ဒီမိုကရေစီရေးနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှု တွေမှာ ခေါင်းဆောင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

တ၀ါကို ကာမင်က ကျေဇူးတင်စကား ပြောကြားရာမှာ “ယီမင်နိုင်ငံသူ အာရပ်ကမ္ဘာက အမျိုးသမီးတဦး၊ လူငယ်တဦးဖြစ်တဲ့ သူ့ကို ရွေးချယ်ချီးမြှင့်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောကြားသွားပါတယ်။

“အာဏာရှင်မရှိတဲ့ အနာဂတ်သစ်၊ အကျင့်ပျက်လာဘ်စားမှု မရှိတဲ့ အနာဂတ်သစ်၊ လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီ အဓိပ္ပါယ်ပြည့်ဝတဲ့ အနာဂတ်သစ်ကို ရရှိရေးအတွက် ကြိုး ပမ်းတဲ့ လူငယ်တွေထဲက တဦးဖြစ်တဲ့ ကျမကို ဆုချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ဆုရ အမျိုးသမီးသုံးဦးဟာ အမေရိကန် ဒေါ်လာ တသန်းခွဲလောက်တန်တဲ့ ဆုချီးမြှင့်ငွေကို ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။

နိုဘယ် ငြိမ်းချမ်းရေးဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ၁၉၉၁ ခုနှစ်တုန်းက ချီးမြှင့်ခံခဲ့ရပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ် အကျယ်ချုပ်ချထားခဲ့လို့ ဆုသွားမယူနိုင်ခဲ့ပါဘူး။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့