Monday, December 12, 2011

ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ရရှိခြင်း နှစ် ၂၀ ပြည့် ကျင်းပ

December 10, 2011

မြန်မာ့ဒီမိုကရေစီ​ ​ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်​ ​ကမ္ဘာ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိတဲ့ နှစ် ၂၀ ပြည့် အခမ်းအနားကို ဒီကနေ့ ရန်ကုန်မှာ ကျင်းပပါတယ်။

ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ ရွှေည၀ါ​ ​စာသင်တိုက်ကျောင်းမှာ ကျင်းပတဲ့ အခမ်းအနားကို ၁၉၉၁ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုချီးမြှင့်ခံရစဉ်က ဆန္ဒပြ လှုပ်ရှားခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ်နဲ့ စက်မှုတက္ကသိုလ်က​ ​ကျောင်းသား​ ​ကျောင်းသူတွေက ဦး ဆောင်သွားကြတာ​ ​ဖြစ်ပါတယ်။

ဒီအခမ်းအနားကို သံတမန်တွေ၊ ဦးဝင်းတင် စတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ အပါအ၀င် ပရိသတ် တထောင် ကျော် တက်ရောက်ကြပါတယ်။


အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာမှာ အကျဉ်းထောင်က လွတ်မြောက်လာသူ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး (စမ်းချောင်း)က ခုလို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ရရှိစဉ်က အကျဉ်းကျ ဖမ်းဆီးထားတဲ့အတွက် ချက်ချင်းလွှတ်ပေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ချက်ချင်း တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ကျောင်းထဲမှာ ဆန္ဒပြရင်း ကျနော်တို့တတွေ အဖမ်းခံ ခဲ့ရပါတယ်။ နောက်တခါ ကျနော်တို့ လွတ်တော့ အန်တီက အဖမ်းခံရတယ်။ အန်တီလွတ်တော့ ကျနော်တို့ အဖမ်းခံရတယ်။ အခုလို အန်တီလွတ်မြောက်တဲ့အချိန်မှာ ကျနော်တို့လည်း အပြင်မှာ ရှိတဲ့အချိန်ဟာ အနှစ် ၂၀ ပြည့်မှ ကျနော်တို့က ပြန်လည် ဆုံဆည်းကြရတာပါ။ ဒါမို့ အခု နှစ် ၂၀ ပြည့် အခမ်းအနားကို အမှတ်တရ အနေနဲ့ ကျင်းပရတာပါ။”

၁၉၉၁ ခုနှစ် နိုဘယ်ဆု ချီးမြှင့်ခံရတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီတုန်းက စစ်အစိုးရက နေအိမ်အကျယ်ချုပ် အကျဉ်း ချထားတဲ့အတွက် ကျောင်းသားတွေ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် လူငယ်တွေ အပါအ၀င် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှား သူတွေက ဆန္ဒပြခဲ့ကြရာ လူ ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၀၀ ကျော် အကျဉ်းကျခဲ့ကြပါတယ်။ အဲဒီထဲက ၅၀ လောက်က ၁၅ နှစ်၊ နှစ် ၂၀ စတဲ့ နှစ်ရှည်ပြစ်ဒဏ်တွေ ကျခံခဲ့ရတယ်လို့ ကိုကိုကြီးက ခုလို ပြောပြသွားပါတယ်။

“၁၉၉၁ နိုဘယ်ဆု ပေးတဲ့အချိန် ဒီဇင်ဘာ ၁၀ ရက်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား တချို့ဟာ လက်ရှိ အကျဉ်းထောင် အသီးသီး မှာ ကျခံနေရဆဲ ဖြစ်ပါတယ်။ တချို့ဆိုရင် ပြည်ပနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း ရှိကြပါတယ်။ အားလုံး စုံစုံညီညီ မရှိသေးပါဘူး။”

ဒီအခမ်းအနားမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခမ်းအနား တက်ရောက် လာသူတွေက တမိနစ် ငြိမ်သက် ဆန္ဒပြုခဲ့ကြပါတယ်။

ဒီအခမ်းအနားအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ငြိမ်းချမ်းရေးလို့ ပြောနေတဲ့သူတွေ ကိုယ်တိုင် ငြိမ်းချမ်းရေးဆိုတာ ဘာလဲလို့ ဆင်ခြင်သုံးသပ်ကြဖို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

“လူတွေက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး ဆိုပြီး ပြောနေကြတော့ ငြိမ်းချမ်းရေးရဲ့ ခံစားမှုကို ဘယ်လို နားလည်သလဲ၊ ငြိမ်းချမ်းရေး ရဲ့ အရသာကို ဘယ်လို နားလည်ကြသလဲ ဆိုတာ ကျမ စဉ်းစားကြည့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး လိုချင်လှ ပါချည်ရဲ့လို့ ပြောနေတဲ့ လူတွေကိုယ်တိုင်က ငြိမ်းချမ်းရေးဟာ ဘာလဲဆိုတာ ဆင်ခြင်သုံးသပ်ကြရဲ့လားလို့ ကျမ စဉ်းစားမိတယ်။ ကျမအနေနဲ့ ငြိမ်းချမ်းရေးဆိုတာကို တကယ့်ကို ရိုးရိုးစင်းစင်းနဲ့ လွယ်လွယ်လေး ပြောရမယ်ဆိုရင် ကျွန်မတော့ ဒီလိုပြောချင်တယ် ငြိမ်းချမ်းရေးဆိုတာဟာ အိပ်တဲ့အခါ ချမ်းသာရမယ်၊ နိုးတဲ့အခါချမ်းသာရမယ် ဒါပါပဲ။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့