Monday, December 12, 2011

အဖမ်းခံထားရတဲ့ ဖဒိုမန်းငြိမ်းမောင် ကို မင်္ဂလာဒုံမှာ ရုံးထုတ်စစ်ဆေး

12 December 2011


ဖဒိုမန်းငြိမ်းမောင်

KNU တပ်မဟာတွင် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသားတစ်ဦး တရုတ်ပြည်မှ ရန်ကုန်လေဆိပ်သို့ လက်မှတ် အတုဖြင့် ဝင်ရောက် လာသဖြင့် မတရားအသင်း အက်ဥပဒေဖြင့် မင်္ဂလာဒုံ တရားရုံးက ဒီဇင်ဘာ ၈ ရက်တွင် စစ်ဆေးနေကြောင်း သိရသည်။

သိုက်ထွန်း (ခ) ဖဒိုမန်းငြိမ်းမောင် ဆိုသူသည် သားထူးဇော် အမည်ဖြင့် နိုင်ငံကူးလက်မှတ် M-073525 ကိုင်ဆောင်၍ တရုတ်ပြည် ကူမင်း လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လွန်ခဲ့သည့် လပိုင်းအတွင်း လာရောက်ခဲ့ရာ လေဆိပ်ရဲစခန်းမှ တာဝန် ရှိသူများက ၎င်း ကိုင်ဆောင်ထားသော နိုင်ငံကူး လက်မှတ်ပေါ်တွင် လေဆိပ် လဝကအတွက် တံဆိပ်တုံး အတု ရိုက်နှိပ်ထားသည်ကို စစ်ဆေး တွေ့ရှိရ၍ လေဆိပ် ရဲစခန်းက (ပ) ၈၀/၁၁၊ ပုဒ်မ ၄၂၀/၄၆၈/၄၇၁ နှင့် လဝက အက်ဥပဒေ (ပ) ၉/၁၁ ၁၉၄၇ ခုနှစ် လဝက အက်ဥပဒေပုဒ်မ ၆၁၃ (၁) ၁၇ (၇) (က) (ဃ) တို့ဖြင့် အမှုဖွင့် အရေးယူပြီး မင်္ဂလာဒုံ တရားရုံးသို့ တင်ပို့ရာ တရားရုံးက သိုက်ထွန်းအား အပြစ်ရှိကြောင်း စစ်ဆေး သိရှိရ၍ စက်တင်ဘာ ၂၇ ရက်က မင်္ဂလာဒုံ တရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ခြောက်လ လူဝင်မှု အက်ဥပဒေ ပုဒ်မ ၁၃(၁) အရ ထောင်ဒဏ်ခြောက်လ စုစုပေါင်း တစ်နှစ် ချမှတ်ခဲ့သည်။

"လေဆိပ်ရဲစခန်းက တာဝန်ရှိသူတွေအနေနဲ့ ပြည်ပအဝင်အထွက်တွေ စနစ်တကျ သေချာ စစ်ဆေးတယ်။ မသင်္ကာတဲ့သူ၊ ပြစ်မှု ကျူးလွန်တဲ့သူလို့ ယူဆရင် သီးခြား အခန်းမှာ အဲဒီသူရဲ့ ပစ္စည်းတွေကို တစ်ခုချင်း စနစ်တကျ စစ်ဆေးနေပါတယ်။ လုံခြုံရေးကို တင်းတင်း ကြပ်ကြပ် ဆောင်ရွက်နေပါတယ်" ဟု လေဆိပ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သိုက်ထွန်းဆိုသူကို ထပ်မံစစ်ဆေးချက်များအရ ၎င်းသည် တရားမဝင်အသင်းအဖြစ် ကြေညာထားသော ကရင်အမျိုးသား အစည်းအရုံး၊ KNU ဗဟိုကော် မတီဝင်၊ နောင်လွမ်းရာ၊ အုန်းပန်မြို့နယ် ထိုင်းနိုင်ငံမှ ဖြစ်ကြောင်း သိရှိရသည့် အပြင် ၎င်းသည် KNU တပ်မဟာ ၆ တွင် လည်းကောင်း၊ KNU အထူးတပ်ရန်း ၁၀၁ ဝမ်ခ ဂိတ်တွင် KNU အဖွဲ့ဝင် ဖြစ်ပြီး KNU ဗဟို ညီလာခံ ဗဟို ကော်မတီ အဖြစ် ၎င်း တာဝန် ထမ်းဆောင်ခဲ့ကြောင်း စုံစမ်း သိရှိရသဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ (၃-၁၁-၁၈၈၉) ပါ အမိန့်ကြေညာစာ အမှတ် (၃/၈၉) ဖြင့် တရားမဝင် အသင်းအဖြစ် ကြေညာထားသော KNU တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အတွက် သတင်းအဖွဲ့မှ တရားလို ပြုလုပ်ကာ တိုင်တန်းသဖြင့် မင်္ဂလာဒုံ ရဲစခန်းမှ (ပ) ၆၉၀/၁၁၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဒီဇင်ဘာ ၈ ရက်တွင် အမှုဖွင့်ကာ ထပ်မံ စစ်ဆေးလျက် ရှိသည်။

ပန်းသတင်းဂျာနယ်

0 comments:

အပေါ်သို့