Tuesday, December 13, 2011

ကချင်ဒုက္ခသည်တို့အတွက် လွှတ်တော်အမတ်တို့ သိန်း ၇၀၀ ပထမဆုံးလှူ

မျိုးသန့်
ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ်

ကချင်ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်များအတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ပထမဆုံးလှူဒါန်းမှုဖြစ်သည့် ကျပ်ငွေ သိန်း ၇ဝဝ ကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းထံသို့ တနင်္လာနေ့တွင် ပေးအပ်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။

"ကျမတို့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ ဦးစီးပြီးတော့ ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်တွေ လက် လှမ်းမီသလောက်ပေါ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးတော့ မဟုတ်ဘူး။ ခင်မင်ရင်းနှီးတဲ့ လူတွေဆီက အလှူခံ ပါ တယ်။" ဟု ဒေါ်ဒွဲဘူက ပြောသည်။

ထိုကျပ်သိန်း ၇ဝဝ ကို လွှတ်တော်အမတ်များဖြစ်သည့် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ကျပ်သိန်း ၃ဝဝ ၊ ပတ္တမြားနဂါး ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ်ပါတီမှ ဦးနေဝင်းထွန်းက ကျပ်သိန်း ၂ဝဝ၊ ယုဇန ကုမ္ပဏီ ပိုင်ရှင် ဦးဌေးမြင့်မှ ကျပ်သိန်း ၁ဝဝ၊ ကချင်ပြည်နယ် မန်စီမဲဆန္ဒနယ်မှ ဦးထွန်းထွန်း က ကျပ်သိန်း ၅ဝ နှင့် ကျန် သိန်း ၅ဝ ကို အခြားလွှတ်တော်အမတ်များက လှူဒါန်းခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းငွေသားအပြင် အဝတ်အထည် အစုံ ၁,ဝဝဝ နှင့် အနွေးထည် အထည် ၁,၅ဝဝ လည်း ပါဝင်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်များတွင် ဒုက္ခသည် စခန်းပေါင်း ၂၉ ခုရှိနေပြီး ဒုက္ခသည်ပေါင်း ၁၄,၁၁၃ ယောက်ရှိနေသည်ဟု ဒေါ်ဒွဲဘူက ပြောသော်လည်း ဒုက္ခသည် ကူညီရေးကော်မတီ၏ တာဝန်ခံ ဦးဒွဲပီဆားကမူ လိုင်ဇာ၊ မိုင်ဂျာ ယန်၊ မန်ဝင်း၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ် စသည့်ဒေသများမှ ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည် စုစုပေါင်း ၄၅,ဝဝဝ ခန့်ရှိသည်ဟု မဇ္ဈိမကို ခန့်မှန်းပြောဆိုသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံရုန်ခရိုင် လာရိန်းဒေသတွင် ဝင်ရောက်ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည် ၂,ဝဝဝ ကို နေရပ်ရင်း ပြန်ရန် ဒေသခံ တရုတ်အာဏာပိုင်များက သောကြာနေ့တွင် ဖိအားပေးခဲ့သည်ဟုလည်း ဦးဒွဲပီဆားက ပြောသည်။

မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ စစ်ပြေးဒုက္ခသည်များအတွက် လှူဒါန်းပွဲအခမ်း အနားကို နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် လွှတ်တော် အမတ်များ၊ ကချင် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ ၆ဝဝ ကျော် တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။

အဆိုပါအခမ်းအနားတွင်ပင် KIA ကို ထိုးစစ်မဆင်ရန် သမ္မတ ဦးသိန်းစိန်မှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထံ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ညွှန်ကြားစာပေးပို့ခဲ့သည်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ဖတ်ပြခဲ့သည် ဟု လည်း ဒေါ်ဒွဲဘူက ပြောသည်။

"အစိုးရဘက်ကနေပြီးတော့ ထိုးစစ် လုံးဝ မဆင်တော့ဘူးဆိုတဲ့ ကြေညာချက် ၁ဝ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဝန်ကြီးချုပ်က ဖတ်ပြပါတယ်။" ဟု ပြောသည်။

သို့သော် KIA နှင့် အစိုးရတပ်များ မိုးမောက်မြို့နယ် တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ ထိန်းချုပ်ရာ နယ်မြေ အတွင်း ယနေ့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု KIA ပြောခွင့်ရ ဦးလနန်က မဇ္ဈိမကို ပြောသည်။

လွှတ်တော်အမတ်များ၏ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များအတွက် လှူဒါန်းမှုနှင့် ပတ်သက်၍ "အစိုးရကြောင့် ပြဿနာ ဖြစ်လို့ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို အစိုးရတွေ ကူညီတယ်ဆိုတာ ကျေးဇူးတင်စရာမလိုဘူး။ ဘာကြောင့် ဒီတိုက်ပွဲ တွေ ဖြစ်လာတယ်ဆိုတဲ့ ရင်းမြစ်ကို ရှင်းရမယ်။" ဟု ဦးလနန်က မဇ္ဈိမကို ပြောဆိုသွားခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့