Monday, December 12, 2011

ဥပဒေရေးရာကော်မရှင်ရုံးခန်း ရန်ကုန်တွင်ဖွင့်

December 9, 2011
ရွှေအောင်

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ရုံးခန်းဖွင့်ပွဲကို ရန်ကုန်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်က ယုဇနတာဝါမှာ ဒီဇင်ဘာ ၉ ရက်မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ကော်မရှင်ရဲ့ လုပ်ငန်းတွေ မြန်မြန် သွက်သွက် ဆောင်ရွက်နိုင်ဖို့ အခုလို ရန်ကုန်မှာ ရုံးခန်းဖွင့်တာ ဖြစ်ပါတယ်။

ကော်မရှင်ကို ပြီးခဲ့တဲ့လထဲ ကျင်းပခဲ့တဲ့ လွှတ်တော်တွင်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ပထမဆုံး ကော်မရှင် လည်း ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကော်မရှင်ဥက္ကဋ္ဌဖြစ်ပြီး အဖွဲ့ဝင် ၁၅ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကော်မရှင်အနေနဲ့ ပြင်ရဖျက် ရမယ့်ဥပဒေတွေကို လေ့လာဆန်းစစ်ပြီး အမြန်ပြင်၊ အမြန်ဖျက်ဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ အရေးပါပုံကို ရုံးခန်းဖွင့်ပွဲတက်ခဲ့တဲ့ သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ခုလို ပြောပြပါတယ်။

“ဒီကော်မရှင်က သူ့ကိုအပ်နှင်းထားတဲ့ တာဝန်တွေအရ လွှတ်တော်ဥက္ကဋ္ဌက အကြံဉာဏ်တောင်းသည် ဖြစ်စေ။ မတောင်းသည် ဖြစ်စေ။ ကော်မရှင်ဟာ နိုင်ငံနဲ့ နိုင်ငံသားတွေအကျိုးအတွက် လိုအပ်တယ်။ အရေးကြီးတယ်ဆိုတဲ့ ကိစ္စမှန်သမျှကို လွှတ်တော် ဥက္ကဌကို အကြံပြုနိုင်တယ်။ နောက်တခါ ပြင်သင့်တယ်ဆိုတဲ့ ဥပဒေတွေကို ပြင်ဖို့တင်ပြနိုင်တယ်။ ဖျက်သင့်တယ်ဆိုတဲ့ ဥပဒေ တွေကို ဖျက်နိုင်တယ်။ ဒီကော်မရှင်ဟာ လွှတ်တော်ရဲ့ ဥပဒေလုပ်ငန်းတွေအတွက် အထောက်အကူ ပြုရုံတင် မကဘူး။ တိုင်းပြည် အတွက် လိုအပ်တဲ့ အကြံကောင်း ဉာဏ်ကောင်းများကိုပါ ပေးနိုင်တယ်။ ဒါကြောင့် အင်မတန်ကို အရေးပါ ပါတယ်။”

ကော်မရှင်မှာ ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌ နှစ်ဦး ပေါင်းသုံးဦးပဲ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်တွေအားလုံးက သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာရှင်တွေ ဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ လာမယ့် လွှတ်တော်အမီ ပြင်ရဖျက်ရမယ့် ဥပဒေတွေကို အမြန်တင်ပြရမှာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့