Monday, June 18, 2012

ဆယ်တန်းအောင်ချက် မွန်ပြည်နယ် လေးနှစ်ဆက်တိုက် အကောင်းဆုံး

ကွန်းချမ်း
ဇွန်လ ၁၅ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံ စာစစ်အဖွဲ့၏ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ချက်အရ မွန်ပြည်နယ် သည် အောင်ချက်အကောင်းဆုံး ရရှိပြန်သဖြင့် လေးနှစ်ဆက် တိုက် အောင်ချက်အကောင်းဆုံး ရရှိခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဦးမင်းထွန်းတင်က ပြောသည်။

ဇွန်လ ၉ ရက်နေ့က ပြည်နယ်နှင့် တိုင်းအလိုက် အောင်စာရင်များ ထုတ်ပြန်ချက်တွင် မွန်ပြည်နယ်မှ ဖြေဆိုသူ ၁၃,၇၉၆ ဦး ရှိသည့် အနက် ၇,၂ဝ၂ ဦး အောင်မြင်ခဲ့၍ အောင်ချက် ၅၂ ဒဿမ ၂ ရာခိုင်နှုန်းဖြင့် ပထမ ရရှိခြင်း ဖြစ်သည်။

“အောင်ချက် မြင့်မားရေးအတွက် အကြမ်းဖျဉ်း ပြောရရင် ကျနော်တို့ အချိန်ပိုတွေ ခေါ်တယ်။ ည စာဖတ်စခန်း သွင်းတယ်၊ အစမ်း စာမေးပွဲ တွေ လုပ်တယ်။ အဲဒါ အဓိကပဲ” ဟု ဦးမင်းထွန်းတင် က ရှင်းပြသည်။

ဒုတိယနှင့် တတိယ အောင်ချက် အကောင်းဆုံးအဖြစ် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ် တို့က အသီးသီး ရရှိ သွားကြသော်လည်း ရာခိုင်နှုန်း မည်မျှရှိသည်ကို မသိရသေးကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးက ပြောသည်။ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ မဇ္ဈိမက ဆက် သွယ် မေးမြန်းသော်လည်း ၎င်းတို့ဌာန အနေနှင့် အောင်ချက်စာရင်းကို သတင်းဌာနများသို့ ပြောခွင့် မရှိကြောင်း ပြန်လည်ဖြေ ကြား သည်။

မွန်ပြည်နယ်မှ အောင်မြင်သူများအနက် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၂၆ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၇၉ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၆၈ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃ဝ၈ ဦးနှင့် တဘာသာ ဂုဏ်ထူးရှင် ၁,၃၈၁ ဦး ရှိပြီးသည်ဟု ပြည် နယ် ပညာရေးရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

“မွန်ပြည်နယ်က နှစ်တိုင်းလိုလို အောင်ချက် အကောင်းဆုံးပဲ၊ ၂ဝဝ၇ - ၂ဝဝ၈ ပညာသင်နှစ် တခုပဲ တနင်္သာရီတိုင်း နောက် ကပ်ပြီး ပထမနဲ့ လွဲသွားတယ်” ဟု သူက ပြောသည်။

မွန်ပြည်နယ်သည် ၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်တွင် အောင်ချက် ၄၃ ဒဿမ ၃၃ ရာနှုန်းဖြင့် လည်းကောင်း၊ ၂ဝဝ၉-၂ဝ၁ဝ ပညာသင် နှစ်တွင် ၄၂ ဒဿမ ဝ၈ ရာနှုန်းဖြင့် လည်းကောင်း၊ ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်တွင် ၄၂ ဒဿမ ၅ဝ ရာနှုန်းဖြင့်လည်းကောင်း တနိုင် ငံလုံးတွင် မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံး ရရှိခဲ့သည်။

ကျေးလက်ဒေသရှိ ကျောင်းများနှင့် မြို့ပေါ်ကျောင်းများ နှိုင်းယှဉ်ချက်အရ မြို့ပေါ်ကျောင်းများရှိ ကျောင်းသူ ကျောင်းသားများမှာ ဘော်ဒါဆောင်များ၊ ကျူရှင်များတွင် သင်ကြားခြင်းကြောင့် ကျေးလက်ကျောင်းများထက် အောင်ချက်ကောင်းကြောင်း မုဒုံမြို့ပေါ်မှ ကျောင်းသားမိဘများက ပြောသည်။

ကျောင်းသားတဦး၏ တနှစ်တာ ဘော်ဒါဆောင်ကြေးမှာ မွန်ပြည်နယ်တွင် အနည်းဆုံး ၁၆ သိန်းမှ ၂၅ သိန်းထိ ရှိပြီး တပြည်နယ် လုံးတွင် ဘော်ဒါဆောင် တရာကျော် ရှိကြောင်း မော်လမြိုင်မြို့မှ တက္ကသိုလ်ကျောင်းသား တဦးက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူ/ကျောင်းသား ခြောက်သိန်းခန့် ရှိပြီး တနိုင်ငံ လုံးအတိုင်းအတာအရ နှစ်စဉ် အောင်ချက် ရာနှုန်း ၃၀ ကျော် ရှိကြောင်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့