Thursday, June 21, 2012

The Voice အမှု အခြေခံဥပဒေခုံရုံး တင်ရန် ပယ်ချခံရ

ဝေစန္ဒာ
ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ်

The Voice Weekly ဂျာနယ်အား သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုထားသောအမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြမည် ဆိုသော်လည်း တရားသူကြီးအနေဖြင့် မသင့်တော်သောကြောင့် ပယ်ချလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေ က ပြောသည်။

အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် The Voice အား တရားစွဲဆိုထားခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ/မညီကို ခုံရုံးသို့ တင်ပြ ရန်နှင့် အမှုကို ရပ်ဆိုင်းပေးရန်အတွက် ဒဂုံမြို့နယ် တရားရုံးကို လျှောက်ထားခဲ့ရာ ဇွန်လ ၂ဝ ရက် ရုံးချိန်းတွင် အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်ပြရန် မသင့်တော်သောကြောင့် ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့က ပယ်ချလိုက်ပါတယ်။ ဆရာတို့ဘက်က ဒါကို ပယ်ချလိုက်တဲ့အတွက် ဒီထက်မြင့်တဲ့ တရားရုံးကို တက်ရောက် ဖို့ ဆုံးဖြတ် ထားပါတယ်” ဟု ဦးဝင်းရွှေက မဇ္စိမကို ပြောသည်။

အသေရေဖျက်ခြင်းနှင့် သက်ဆိုင်သော ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝဝ သည် အငြင်းပွားဖွယ်ရာ အမှုမျိုးဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ကွဲလွဲမှုများ ရှိနေကာ ခုံရုံးက စစ်ဆေးသင့်ကြောင်း ဇွန်လ ၆ ရက်နေ့ ရုံးချိန်းတွင် ရှေ့နေ ဦးသိန်းညွန့် က လျှောက်ထားခဲ့ခြင်း ဖြစ် သည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ သည် အကယ်၍ ပြစ်မှု မြောက်ပါက ပြစ်ဒဏ် ထောင်ဒဏ် ၁ နှစ်ကျခံနိုင်သလို၊ ငွေဒဏ်အားဖြင့် လည်း ခံရနိုင်သည်ဟု ရှေ့နေ ဦးဝင်းရွှေက ပြောသည်။

၎င်းအမှုမှာ မတ်လ ၁ဝ ရက်နေ့က ထုတ်ဝေခဲ့သော The Voice Weekly ဂျာနယ် အတွဲ ၈ အမှတ် ၁၃ ၌ ‘ဝန်ကြီးဌာန အချို့ ကျပ် သိန်းထောင်ချီ အလွဲသုံးစားမှု တွေ့ရှိ’ သတင်းကို မျက်နှာဖုံး သတင်းအနေဖြင့် ဖော်ပြခဲ့ခြင်းကြောင့် သတ္တုတွင်း ဝန်ကြီးဌာနမှ တရား စွဲဆိုခြင်း ဖြစ်သည်။

ထိုသတင်း ရေးသားသူအား ဖော်ထုတ်ပေးရန် တရားလိုဘက်မှ တောင်းဆိုထားခြင်းကိုမူ ဖော်ထုတ်ခွင့် မရှိကြောင်း မေလ ၂၃ ရက် နေ့က ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့